ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်တွေကြောင့် ကိုဗစ်လူနာ ၄၀ ကျော် ထွက်ပြေးနေရ


စစ်ကိုင်းတိုင်း ကလေးမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ကလေးပြည်သူ့ကာကွယ်ရေး အဖွဲ့တွေအကြား တိုက်ပွဲ တွေကြောင့် ကျေးရွာတွေမှာ ကိုယ်ထူကိုယ်ထ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတဲ့ ကိုဗစ်အတည်ပြု လူနာ ၄၀ ကျော်ဟာ ဒီနေ့အထိ တောတောင်တွေထဲမှာ ထွက်ပြေးခိုလှုံ နေကြရဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့နယ်အတွင်းက အရှေ့စည်းရွာနဲ့ အနီးနားတွေမှာ ဇူလိုင်လ ၁၅ ရက်နေ့ကစလို့ တိုက်ပွဲတွေဖြစ်ပွား ခဲ့ပြီးနောက် စစ်ကောင်စီတပ်သားတွေက ရွာတွေကို ဝင်ထွက်သွားလာတာတွေရှိနေလို့ အရှေ့စည်းနဲ့ တင်သား ရွာမှာရှိတဲ့ ကိုဗစ်စင်တာ နှစ်ခုမှာ ကျန်းမာရေး စောင့်ရှောက်မှုခံယူနေရတဲ့ ကိုဗစ် အတည်ပြုလူနာ ၄၀ ကျော် လောက်ဟာ ကျေးရွာသားတွေနဲ့အတူ ဒီနေ့အထိ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြော ပါတယ်။

အရှေ့စည်း၊ တင်သားကျေးရွာတွေအပါအဝင် အနီးတစ်ဝိုက်ရွာတွေမှာ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ရှိနေတယ်ဆိုပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့က စစ်ကောင်စီက အင်အားရာချီပြီး လာရောက်ပြီးနောက် ဇူလိုင်လ ၁၇ ရက်နေ့အထိ သုံးရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲကြောင့် ကျေးရွာလေးရွာက ဒေသခံ လေးထောင်ကျော်ခန့်ဟာ နီးစပ်ရာ တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲလိုထွက်ပြေးနေကြရတဲ့အထဲမှာ တင်သားနဲ့ အရှေ့စည်းရွာက ကိုယ်ထူကိုယ်ထ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်နေတဲ့ ကိုဗစ်စင်တာ နှစ်ခုအတွက် အလှူငွေတွေကို စစ်ဘေးဒုက္ခသည်အရေးအတွက် ပြောင်းပြီး သုံးနေရတယ်လို့ အရှေ့စည်းရွာက လုံခြုံရေးအရ အမည်မဖော်တဲ့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။

“ ရွာရဲ့ စင်တာကတော့ ပျက်သွားပြီ၊ ရန်ပုံငွေတွေကတော့ စစ်ဘေးမှာပဲ သုံးဖို့ အလှူရှင်တွေကိုလည်း ခွင့်တောင်းပြီးပြီ၊ စစ်ဘေးအတွက် ပျက်စီးသွားတာတွေ ပြန်ပြင်ရမယ်။ စင်တာအတွက်ကတော့ ပြန်ပြီး စောင့်ရအုံးမယ်။ အနည်းဆုံးတော့ တစ်လလောက်၊ အကုန်လုံးက တောထဲတွေ ပြေးကြရတယ်။ တော်တော်များများက ကျန်းမာရေးကို အလေးမပြုအားတော့ဘူး ”

တိုက်ပွဲတွေမဖြစ်ခင်အချိန် တစ်ပတ်လောက်ကပင် အရှေ့စည်းနဲ့ တင်သားရွာတွေမှာ ကိုဗစ်ဖြစ်ပွားတာတွေ အတွေ့ရများနေတဲ့အတွက် အလှူရှင်တွေရဲ့အကူအညီနဲ့ ရွာစာသင်ကျောင်းမှာ ကိုဗစ်စင်တာ ဖွင့်လှစ်ပြီး ကျန်းမာရေး စောင့်ရှောက်မှုတွေ ဆောင်ရွက်ခဲ့ကြတာပါ။

တင်သားကျေးရွာမှာ ကိုဗစ်ဖြစ်ပွားမှုကြောင့် နှစ်လလောက်အတွင်း သေဆုံးသူ ၂၀ လောက်ရှိနေပြီဖြစ်သလို ကိုဗစ်လူနာတွေကို အကူအညီပေးနေတဲ့ စေတနာ့ဝန်ထမ်းတွေဟာလည်း စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကိုခံရမှာ ကြောက်လို့ တိမ်းရှောင်နေကြရတာကြောင့် ဒေသမှာ ကူညီလုပ်ဆောင်ပေးနိုင်တာတွေ အားနည်းနေတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

တင်သားရွာမှာ ပြီးခဲ့တဲ့အချိန် တစ်ပတ်ကျော်လောက်က ကိုဗစ် စစ်ဆေးခွင့်ရခဲ့ချိန်က လူ ၆၀ ခန့် စစ်ဆေးရာ မှာ သုံးဆယ်ကျော်ထိ ပိုးတွေ့ရှိခဲ့တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ကလေးပြည်သူ့ကာကွယ်ရေးအဖွဲ့တို့အကြား တိုက်ပွဲတွေဟာ ဇူလိုင်လ ၁၅ ရက်နဲ့ ၁၆ ရက် နေ့တွေမှာ ပိုမိုပြင်းထန်ခဲ့ပြီး ဇူလိုင်လ ၁၇ ရက်နေ့မှာတော့ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ပါ တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်အချို့ပါ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေက ရွာတွေထဲကို ဝင်ထွက်သွားလာတာတွေ ရှိနေတဲ့အတွက် ဒေသခံ ကျေးရွာသား တွေက ဖမ်းဆီးခံရမှာကြောက်လို့ ထွက်ပြေးနေကြရတာလည်း ဖြစ်ပါတယ်။

စစ်သားတွေက ရွာတွေထဲကနေ ပြန်ထွက်သွားချိန် ထွက်ပြေးနေသူအချို့က သူတို့ရဲ့နေအိမ်တွေကို ပြန်လာ ကြတာတွေရှိပေမယ့် ဒုတိယအကြိမ်ထပ်ပြီးတော့ စစ်သားတွေ ရောက်လာချိန်မှာတော့ ရွာသားတွေလည်း ထွက်ပြေးနေကြရတာလို့လည်းပြောပါတယ်။

ဒီနေ့မနက်ကလည်း တင်သားရွာဘုန်းကြီးကျောင်းမှာ စစ်သားတွေက စခန်းချနေတာကြောင့် ကျေးရွာသား ထက်ဝက်ကျော်လောက် ထပ်မံထွက်ပြေးနေကြရတယ်လို့လည်း ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တင်သားကျေးရွာသားတစ်ဦးကတော့ ကိုဗစ်လူနာတွေကို ဖြစ်သလို ကုသ နေရသလို၊ စစ်သားတွေကြောင့် ထွက်ပြေးနေကြရတာ အချိန်တစ်ပတ်ခန့် ကြာလာပေမယ့် နေအိမ်ကို မပြန်နိုင်သေးဘူးလို့ ပြောပါတယ်။

“ ဆိုးဆိုးဝါးဝါး အောက်ဆီဂျင် ရှူနေရသူတွေကျတော့ အိမ်မှာပဲ ချိတ်ပိတ်ပြီး ရှူနေရတယ်။ အောက်ဆီ ဂျင် မရရင် တိုင်းရင်းဆေးတွေ၊ ရှိတာလေးတွေ သုံးရတာပေါ့။ ဆေးဝါးနဲ့ပတ်သက်လို့ကတော့ ဘယ်ကမှ လည်း အထောက်အကူမရဘူး၊ ဒီနေ့ဆိုရင် စစ်ကားသုံးစီး ဝင်လာတယ်။ ရွာမှာ သုံးလမ်း ရှိတယ်။ သုံးလမ်း လုံး ပိတ်ထားတယ်။ ထွက်ပြေးနေတဲ့သူတွေလည်း ရွာထဲဝင်လို့မရဘူး၊ ရွာထဲကသူတွေလည်း အပြင်ထွက် လို့ မရဘူး၊ အိမ်တွေဆိုရင် ဖောက်ထွင်း ဖျက်ဆီးခံရတာတွေရှိပေမယ့် မစောင့်ရှောက်နိုင်ဘူး၊ အခုအချိန်ထိ မပြန်နိုင်ဘူး၊ လွတ်ရာရှောင်တိမ်းနေရတယ် ”

    "အောက်ဆီဂျင်ဘူးလှူတာကလည်း မန္တလေးက ပို့လိုက်ပြီးတော့ ကျောဘက်နဲ့ မင်းတိုင်ပင်ဘက်နားလောက်မှာ အဖမ်းခံရတယ်လို့ကြားတယ်"

ကိုဗစ်လူနာတွေကို ကူညီပေးနေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စေတနာ့ဝန်ထမ်းတစ်ဦးကတော့ ကျေးရွာတွေထဲကနေ စစ်သားတွေပြန်သွားမှသာ ကိုဗစ်လူနာတွေကို ပြန်လည်ရှာဖွေကုသနိုင်တော့မယ်လို့ RFA ကို ပြောပါတယ်။

“ ကိုဗစ်စင်တာလေး ဖွင့်ခဲ့တယ်။ စစ်သားတွေ ၁၅ ရက်နေ့က ရောက်တဲ့နေ့ကစလို့ ကိုဗစ်စင်တာမှာ ကိုဗစ်ပိုးတွေ့လူနာ သုံးဆယ်လောက်ထားတာ။ ထွက်ပြေးကြတော့ အခုချိန်ထိ ပိုးတွေ့လူနာတွေ ဘယ်နား မှာ ပုန်းနေလဲဆိုတာ မသိရသေးဘူး။ အကြောက်တရားနဲ့ဆိုတော့ တားခွင့်လည်း မရဘူး၊ သူတို့ပြန်ပြီးရင် တော့ ဆေးစစ်တဲ့ စင်တာလေးရယ်၊ ကိုဗစ်လူနာတွေကို လိုက်ရှာပြီး ဆေးဝါးကုသပေးဖို့ စဉ်းစားထား တယ်။ နိုင်ငံခြားကို ရောက်နေတဲ့လူငယ်တွေက ငွေရှစ်သိန်းဖိုး အောက်ဆီဂျင်ဘူး လှူတာကလည်း မန္တလေးက ပို့လိုက်ပြီးတော့ ကျောဘက်နဲ့ မင်းတိုင်ပင်ဘက်နားလောက်မှာ အဖမ်းခံရတယ်လို့ကြားတယ် ”

အရှေ့စည်းရွာနဲ့ ဒိုးနွယ်ရွာအနီးတစ်ဝိုက်မှာ သုံးရက်လောက်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီက လက်နက် ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေလည်း တွေ့ရှိရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တဲ့နောက် ကျေးရွာနှစ်ခုမှာ ကိုယ်ထူကိုယ်ထ ကျန်းမာရေးစောင့်ရှောက်မှုခံယူနေရတဲ့ ကိုဗစ်လူနာတွေပါ ကြောက်လန့်ထွက်ပြေး တိမ်းရှောင်နေရတဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြန်ကြား ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

အရှေ့စည်းရွာနဲ့ အနီးအနားတွေမှာ ဇူလိုင်လ ၁၅ ရက်နေ့ကစလို့ သုံးရက်ကြာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၂၅ ဦး သေဆုံးခဲ့ပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဘက်ကလည်း နှစ်ဦးသေဆုံးကာ ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့သလို အရပ်သားနှစ်ဦးလည်း သေဆုံးခဲ့တယ်လို့ ကလေးမြို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၂၁ ရက် မနေ့ ညပိုင်း ၈ နာရီဝန်းကျင်လောက်ကလည်း ကလေးမြို့၊ တာဟန်းရပ်ကွက် နေကြာ တိုက်လမ်းနဲ့ ဝယ်စလီဆေးရုံလမ်းအကြား ဗိုလ်ချုပ်လမ်းမကြီးပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ကင်းစခန်းတွေကို ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်လို့ စစ်ကောင်စီဘက်က အနည်ဆုံး နှစ်ဦး ကျဆုံး ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ကလေးပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း တော့ မရှိသေးပါဘူး။

ကလေးမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သေဆုံးမှုတွေ နေ့စဉ်လိုလိုရှိနေပြီး မနေ့ကလည်း မြို့ပေါ်သေဆုံးသူ ၁၈ ဦးလောက်အထိ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လ ၁ ရက်နေ့ကနေ ဇူလိုင်လ ၂၁ ရက်နေ့အထိ အချိန်သုံးပတ်အတွင်းမှာ မြို့ပေါ်မှာသေဆုံးသူ ဟာ ၄၈၀ ခန့်ရှိနေတယ်လို့လည်း မြို့ခံအချို့က ပြောပါတယ်။

RFA Burmese



ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်တွေကြောင့် ကိုဗစ်လူနာ ၄၀ ကျော် ထွက်ပြေးနေရ ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်တွေကြောင့် ကိုဗစ်လူနာ ၄၀ ကျော် ထွက်ပြေးနေရ Reviewed by THITHTOOLWIN on 23:51 Rating: 5

No comments:

Powered by Blogger.