ပြည်ပကိုဆန်တင်ပို့မှု သိသိသာသာလျော့ကျ


မြန်မာနိုင်ငံကနေ ပြည်ပကို ဆန်နဲ့ဆန်ကွဲတင်ပို့မှုမှာ ပြီးခဲ့တဲ့၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်နဲ့ လက်ရှိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တို့နှိုင်းယှဉ်ရင် ဆန်တန်ချိန် ၇ သိန်းကျော် လျော့ကျနိုင်ဖွယ်ရှိနေတယ် လို့မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ကတာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

“ မနှစ်က ဘဏ္ဍာနှစ်မှာပါဆိုရင် တန်ချိန် ၂သန်းခွဲလောက်ပို့ရတယ်ပေါ့နော်။ နယ်စပ်ကော Over Sea (ရေကြောင်းကုန်သွယ်ရေး) ရောနှစ်ခုပေါင်းပေါ့။ ဒါပေမဲ့ ဒီနှစ်မှာ လက်ရှိအချိန်ထိ ၉ လပိုင်းကုန်ဖို့က ၃ လပဲကျန်တောတယ်။ ကာလတူနဲ့နှိုင်းယှဉ်လိုက်မယ်ဆိုရင် အခုမှ ၁ သန်းခွဲဆိုတော့ ကျန်တဲ့ ၃ လမှာ တလ တသိန်းပဲပို့ဦး။ ၁ ဒသာမ ၈ သန်းပဲရှိမယ်။ မနှစ်က ၂သန်းခွဲဆိုတော့ ၇ သိန်းလောက်ကျသွားတယ်” လို့မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့အထွေထွေအတွင်းရေးမှူးဦးလူမော်မြင့်အောင်ကပြောပါတယ်။

၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်ဖြစ်တဲ့ ၂၀၁၉ အောက်တိုဘာ ၁ ရက်နေ့ကနေ ၂၀၂၀ စက်တင်ဘာလကုန်ထိ ပြည်ပနိုင်ငံကိုဆန်တန်ချိန် ၂ သန်းခွဲတင်ပို့နိုင်ခဲ့တာပါ။ ဒါပေမဲ့လည်း ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွက် ၂၀၂၀ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၁ ဇွန်လကုန်ထိ ပြည်ပကိုဆန်တန်ချိန် ၁ သန်းခွဲခန့်သာတင်ပို့ထားနိုင်ပါတယ်။

ရေကြောင်းကုန်သွယ်ရေးကနေပြည်ပနိုင်ငံကိုဆန်တင်ပို့တဲ့အခါ ကုန်သေတ္တာရရှိမှုအခက်အခဲ၊ Covid-19 ကပ်ရောဂါဘေးကြောင့် တရုတ်နိုင်ငံကိုဆန်တင်ပို့တဲ့ဝင်ပေါက်ထွက်ပေါက်တွေတင်းကျပ်ထားတာကြောင့် အခုလိုဆန်တင်ပို့မှု လျော့ကျသွားတာလို့လည်း ကုန်သည်တွေကသုံးသပ်ထားပါတယ်။

၂၀၂၁ ခုနှစ်မတ်လဆန်းလောက်ကစလို့ မြန်မာနိုင်ငံထဲ ကုန်တင်သင်္ဘောတွေဝင်ရောက်မှု လျော့နည်းသွားတဲ့အတွက် ပြည်ပနိုင်ငံတွေကို ကုန်ပစ္စည်းပို့ဖို့ကုန်သေတ္တာ အရေအတွက်နည်းသွားခဲ့ပြီး ငှားရမ်းခဈေးနှုန်း တွေလည်း တက်သွားခဲ့ပါတယ်။

ဒါ့အပြင် Covid-19 ကပ်ရောဂါဘေးကြောင့် တရုတ်နိုင်ငံထဲကိုဝင်ထွက်နေတဲ့အဓိကကုန်သွယ်ရေးဂိတ်တွေမှာ စည်းကမ်းချက်တွေတင်းကျပ်တာ၊ တချို့ဝင်ထွက်ဂိတ်တွေကိုပိတ်လိုက်တဲ့အတွက် ကုန်ပစ္စည်းတင်ပို့တဲ့အခါ ကြန့်ကြာမှုတွေ ရှိနေတာပါ။

အဲဒီလိုအခက်အခဲတွေကြောင့် လက်ရှိဘဏ္ဍာနှစ်မှာ ပြည်ပကိုဆန်တင်ပို့မှုလျော့ကျသွားတဲ့အတွက် ပြည်တွင်း မှာလက်ကျန်များနေပြီး မိုးစပါးပေါ်ချိန်မှာ စပါးဈေးမကောင်းနိုင်ဘူးလို့သုံးသပ်သူတွေရှိနေပါတယ်။ ဒါ့အပြင်မိုးစပါးပေါ်တဲ့အချိန်မှာလည်း လက်ရှိအခြေအနေလို ဘဏ်ကနေငွေထုတ်ရခက်ခဲနေရင် စပါးဈေး အပေါ်သက်ရောက်မှုရှိလာနိုင်တယ်လို့လည်း ကုန်သည်တွေပြောပါတယ်။

လက်ရှိမှာတော့ စပါးဈေးနှုန်းဟာ ဧည့်မထအုပ်စုဝင်စပါးတင်းတရာကို ကျပ် ၅ သိန်းခွဲဝန်းကျင်ရှိနေတာပါ။ ဒါပေမဲ့လည်း ဒီနှစ်မိုးစပါးစိုက်ပျိုးတဲ့အချိန်မှာ ငွေလဲနှုန်းမြင့်တက်လာတာ၊ သယ်ယူပို့ဆောင်ရေးစရိတ်တွေ ကြီးမားလာတဲ့အတွက် စပါးစိုက်တောင်သူတွေဟာ ဓာတ်မြေသြဇာနဲ့သွင်းအားစုတွေကိုအရင်နှစ်ကထက်ဈေးပိုကြီးပြီးဝယ်သုံးခဲ့ရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57652919

ပြည်ပကိုဆန်တင်ပို့မှု သိသိသာသာလျော့ကျ  ပြည်ပကိုဆန်တင်ပို့မှု သိသိသာသာလျော့ကျ Reviewed by THITHTOOLWIN on 20:22 Rating: 5

No comments:

Powered by Blogger.