ထီးချိုင့်နဲ့ ကောလင်းမှာ တိုက်ပွဲဆက်တိုက်ဖြစ်၊ စစ်ကောင်စီဘက်က ၂၀ လောက်သေဆုံး


စစ်ကောင်စီ ကားတန်း တစ်တန်းဟာ ကချင်ပြည်နယ်၊ မိုးညှင်း၊ မိုးကောင်း ဘက်ကို ဆီဘောက်ဆာ ကားတွေကို သွားပို့ပြီးအပြန် ဇူလိုင် ၂ ရက် မနေ့ညပိုင်းက ကသာခရိုင် ထီးချိုင့်မြို့ အင်းတော်အစပ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ဆုံပြီး တိုက်ပွဲဖြစ်ခဲ့ပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၂၀ လောက် ကျဆုံးနိုင်တယ်လို့ ကသာခရိုင် ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့ဝင်တစ်ယောက်က RFA ကို ပြောပါတယ်။

"အဖြစ်အပျက်ကတော့ မနေ့က သူတို့ ရိက္ခာပို့တဲ့ ဆီဘောက်ဆာ ကားတန်းတွေနဲ့ ဖြတ်တဲ့အခါ ကျွန်တော်တို့ မြို့ပတ်တဲ့အခါနဲ့ ဆုံတာပေါ့။ သူတို့အပြန်နဲ့ တောထဲမှာ ဆုံတာ။ ကျွန်တော်တို့ ထီးချိုင့် PDF ပတ်တာနဲ့သွားဆုံတာ။ သူတို့ကအပြန် ကျွန်တော်တို့ ထီးချိုင့် PDF က မြို့ကိုပတ်တာနဲ့ သွားဆုံတော့ တိုက်ပွဲဖြစ်တာ။ မနေ့ည ၁၁ နာရီကျော်လောက်က ဖြစ်တာ။ သူတို့က မနေ့က ဆီဘောက်ဆာ ယာဉ်တန်းတွေပို့တာ လုံခြုံရေးယူတာ။ မိုးညှင်း၊ မိုးကောင်းဘက်ကနေ အတန်းလိုက် အောက်ကိုဆင်းတာ။ အဲလိုဆင်းပြီး ထီးချိုင့်အကျော်ထိကို လုံခြုံရေးလိုက်ပို့တာ နေမှာပေါ့။ စစ်တပ်က ကား နှစ်စီးက။ ဆီဘောက်ဆာကားတွေက အောက်ကို ဆက်ဆင်းသွားပြီး သူတို့ကား နှစ်စီးက ပြန်လာတာ။ အပြန်မှာ သွားဆုံတာ။ ကျွန်တော်တို့ ခန့်မှန်းတာကတော့ ၂၀ ဝန်းကျင်လောက် ကျမယ်။ ကျွန်တော်တို့ဘက်က ထိခိုက်မှု မရှိပါဘူး"

အဲဒီတိုက်ပွဲမှာ ကချင်လွတ်မြောက်ရေးတပ် KIA တပ်ဖွဲ့ဝင်တွေကလည်း ဝင်ရောက်ပူးပေါင်းကာ တိုက်ခိုက်ပေးခဲ့တယ်လို့လည်း သူကပြောပါတယ်။

ကချင်လွတ်မြောက်ရေးတပ် KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ ကတော့ အဲဒီဒေသမှာရှိတဲ့ KIA တပ်ဖွဲ့ဝင်တွေက ကူညီတာဖြစ်ပြီး ပူးပေါင်းတိုက်ဖို့ ညွှန်ကြားထားတာ မရှိဘူးလို့ ပြောပါတယ်။

"ကျွန်တော်တို့က စစ်ကိုင်းဘက်မှာ တိုက်ပွဲတော့ မလုပ်ပါဘူး။ သူတို့ PDF တွေ လုပ်တဲ့နေရာမှာ ကျွန်တော်တို့ နီးတဲ့တပ်တွေက ကူညီပေးတဲ့အပိုင်းပဲ ရှိချင်ရှိမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ အဲဘက်မှာ မလုပ်ပါဘူး။ ပူးပေါင်းတယ်ဆိုတာ မှန်ကန်မှု မရှိပါဘူး။"

ထီးချိုင့်မြို့နယ်နဲ့ ဆက်စပ်နေတဲ့ ကောလင်းမြို့နယ်မှာလည်း ဇွန် ၂ ရက်နေ့ကပဲ စစ်ကောင်စီတပ်တွေ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ခဲ့ပါတယ်။

ကောလင်းမြို့ထဲက ကျေးရွာတချို့ကို စစ်ကောင်စီတပ်တွေ ဝင်လာပြီး ဒေသခံတွေကို ရိုက်နှက်ဖမ်းဆီး တာတွေ ရှိနေတာကြောင့် ဒေသခံတွေက ပြန်ခုခံရင်း မြိုနဲ့ ၈ မိုင်အကွာ တောင်ရိုးပေါ်မှာ တိုက်ပွဲ ဖြစ်ပွားခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့ထဲမှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်တွေက တိုက်ပွဲဖြစ်သံကြားတဲ့အခါ မြို့ထဲကအိမ်တွေကို လက်နက်ကြီးတွေနဲ့ ခြောက်လှန့်ပစ်တာကြောင့် ပြည်သူ နှစ်ယောက် ဒဏ်ရာရတာတွေရှိတယ်လို့ လုံခြုံရေးအရ နာမည်မဖော်ချင်တဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။

"စစ်ကောင်စီက စစ်သားတွေက ကောလင်းမြို့ပေါ်က ရဲစခန်း၊ ထွေအုပ်ရုံးနဲ့ ဆေးရုံတွေ၊ စာသင်ကျောင်း၊ မီးသတ်စခန်းတွေမှာ နေရာယူထားတယ်။ အရှေ့ဘက်မှာဖြစ်တယ်လည်းဆိုရော သူတို့က မြို့ထဲမှာပါ လိုက်ပြီး ခြောက်လှန့်ပစ်တာ ရှိတယ်။ ပြီးတော့ ဘယ်မြို့ကို တက်သိမ်းတယ်ဆိုပြီး သတင်းတွေ အမျိုးမျိုး ကြားတာကြောင့် အဲသတင်းတွေအပေါ်မှာ ကြောက်လန့်ပြီး ပြန်ပစ်တာပေါ့။ သူတို့ပစ်တာက နည်းနည်း တော့ လူသားမဆန်ဘူး။ သူတို့နေတဲ့နေရာတွေကနေ လက်နက်ကြီးနဲ့ မြို့ထဲကို လှမ်းထုတော့ အိမ်တစ်အိမ် ဆိုရင် ခေါင်မိုးပွင့်သွားတယ်။ နောက်တစ်အိမ်က ခေါင်မိုးပွင့်သွားတဲ့ အပြင်ကို အထဲမှာရှိတဲ့ ရိုးရိုးသာမန် အိမ်ထဲမှာနေတဲ့ ပြည်သူ နှစ်ယောက် လက်နက်ကြီးကျည်ထိပြီး ဒဏ်ရာရသွားတယ်။"

ဇူလိုင် ၃ ရက် ဒီနေ့မှာဆိုရင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မြို့ထဲမှာ သွားလာနေတာကြောင့် ကောလင်းမြို့ပေါ်မှာ ဒေသခံတွေ အသွားအလာမရှိသလောက် နည်းနေတယ်လို့လည်း ပြောကြပါတယ်။

ဒီနေ့မနက်ပိုင်းက ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ ကျေးရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ PDF အဖွဲ့တို့ ပစ်ခတ်ခဲ့ကြရာမှာ စစ်ကောင်စီဘက်က ပစ်လိုက်လို့ ကောလင်းမြို့နယ် ထိန်အင်းရွာက ကုန်ကားမောင်းသူ ကိုမိုးဇော် သေနတ်ကျည်ဆန် ထိမှန်သေဆုံးခဲ့ပြီး နောက်ထပ်တစ်ဦးက ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    "ပိုက်ဆံ ခြောက်သိန်း၊ ရွှေတစ်ကျပ်ခွဲသား ပါသွားတယ်။ ပြီးတော့ 125 ဆိုင်ကယ်တစ်စီးကို ရိုက်ချိုးသွားတယ်"

ကနီမြို့နယ်အရှေ့ဘက်ခြမ်းက ကျေးရွာတွေကိုလည်း ဇူလိုင် ၁ ရက်နေ့ကတည်းက စစ်ကောင်စီ တပ်တွေက ရွာတွေထဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေကြရာ ဇူလိုင် ၂ ရက် မနေ့ကလည်း သေနတ်တွေနဲ့ ဝင်ရောက် ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ လုံခြုံရေးအရ နာမည်မဖော်ချင်တဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။

"မနေ့ကတုန်းက ကျွန်တော့်အမျိုးသမီးနဲ့ သားသမီးတွေ တောထဲကို ထွက်ပြေးကြတာ။ ပုန်းရင်းနဲ့ ပါသွားတဲ့ ပိုက်ဆံနဲ့ ရွှေတွေ လူတွေနဲ့ မလှမ်းမကမ်းမှာ မြှုပ်ထားပြီး ချောက်ထဲ ပုန်းနေတာ။ အဲကောင်တွေနဲ့ တန်းပြီး တိုက်ရိုက်တွေ့တာ၊ မြှုပ်တဲ့နေရာမှာ ဖုန်းကလည်း ပါသွားတော့ ဖုန်းမြည်သံ ကြားတော့ အဲကောင်တွေက အဲနေရာသွားပြီး ဖော်လိုက်တော့ ပိုက်ဆံ ခြောက်သိန်း၊ ရွှေတစ်ကျပ်ခွဲသား ပါသွားတယ်။ ပြီးတော့ 125 ဆိုင်ကယ်တစ်စီးကို ရိုက်ချိုးသွားတယ်။ ၁ ရက်နေ့ကဆိုရင် သူတို့ RPG တွေ အလုံး ၃၀ လောက်ထိ ခြောက်လှန့်ပြီး ပစ်တယ်။ မနေ့က ၂ ရက်နေ့ကဆိုရင်လည်း ရွာသာပေါ်ချောင်း မှာလည်း တော်တော်ကို ပစ်တယ်။ လူတစ်ယောက်လည်း ထိခိုက်ဒဏ်ရာရတယ် ပြောတယ်။ ၁ ရက်နေ့က ပစ်တာကတော့ သေတဲ့သူတွေ ရှိတယ်။ သူတို့ရမ်းပစ်တာ။ သေတာကို အခုလောလောဆယ် အလောင်း တောင် မကောက်နိုင်သေးဘူး။ ဘယ်နှစ်ယောက်သေတယ်လည်း မသိသေးဘူး။"

ကနီမြို့နယ်က ကျေးရွာအုပ်စု ၇ စု၊ ရွာပေါင်း ၂၀ ကျော်က ပြည်သူ ခြောက်ထောင်ကျော်ဟာ စစ်ကောင်စီ တပ်တွေ ပစ်ခတ်တာတွေကြောင့် နီးစပ်ရာ တောတွေထဲ ထွက်ပြေးနေရတယ်လို့လည်း ပြောကြပါတယ်။

ထီးချိုင့်နဲ့ ကောလင်းဘက်တွေမှာ စစ်ကောင်စီနဲ့ PDF တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ချက်ရနိုင်ဖို့ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

စစ်ကောင်စီတပ်တွေရဲ့ ဒေသခံတွေကို ဖမ်းဆီးရိုက်နှက်ပစ်ခတ်တာတွေ လုပ်နေလို့ အခုချိန်မှာ ပြောက်ကျား စနစ်နဲ့သာ ခုခံတိုက်ခိုက်နေတာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ တနိုင်ငံလုံး တစ်ပြိုင်တည်း တိုက်ခိုက်ဖို့အတွက် သတ်မှတ်ရက်ကို စောင့်နေကြတာဖြစ်တယ်လို့လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တွေက ပြောကြပါတယ်။

RFA Burmese



ထီးချိုင့်နဲ့ ကောလင်းမှာ တိုက်ပွဲဆက်တိုက်ဖြစ်၊ စစ်ကောင်စီဘက်က ၂၀ လောက်သေဆုံး ထီးချိုင့်နဲ့ ကောလင်းမှာ တိုက်ပွဲဆက်တိုက်ဖြစ်၊ စစ်ကောင်စီဘက်က ၂၀ လောက်သေဆုံး Reviewed by THITHTOOLWIN on 19:54 Rating: 5

No comments:

Powered by Blogger.