ထိုင်းနိုင်ငံ ဖူးခက်မှာ မြန်မာကလေးငယ် ၂ ဦး ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိ

ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်ဖို့ ဖိတ်ခေါ်ပြီးနောက် ဖူးခက်လေဆိပ်မှာ တွေ့ရတဲ့ လာရောက်လည်ပတ်သူများ။

ထိုင်းနိုင်ငံမှာ ကိုဗစ်ကူးစက်မှု နေ့စဉ် ထောင်ချီတိုးနေတဲ့ အချိန်မှာပဲ ကမ္ဘာလှည့်ခရီးသွားတွေကို အထူးအစီအစဉ်နဲ့ ဇူလိုင်လ ၁ ရက်ကစပြီး အလည်လာဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီအစီအစဉ်အရ ထိုင်းတောင်ပိုင်း ဖူခက်ကမ်းခြေကို အလည်ရောက်လာတဲ့ မြန်မာနိုင်ငံသား မိသားစု ၂ စုမှာပါတဲ့ ကလေးငယ် ၂ ဦးမှာ ကိုဗစ်ကူးစက်မှုတွေ စစ်ဆေးတွေ့ရှိရတာကြောင့် အရေးပေါ် ဆေးရုံတင် ကုသမှု ပေးနေပါတယ်။ အပြည့်အစုံကို မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွားတွေကို ဖိတ်ခေါ်ခဲ့တဲ့ အထူးအစီအစဉ်ကို ဇူလိုင်လ ၁ ရက်နေ့မှာ စတင်ခဲ့တာပါ။ အထူးအစီအစဉ်အရ ထိုင်းတောင်ပိုင်း ဖူးခက်ကမ်းခြေကို အလည်ရောက်ရှိလာတဲ့ မြန်မာမိသားစုထဲက အသက် ၈ နှစ်နဲ့ ၉ နှစ်အရွယ် မြန်မာနိုင်ငံသား ကလေးငယ်နှစ်ဦးမှာ ကိုဗစ်ကပ်ရောဂါပိုး တွေ့ရှိခဲ့လို့ အရေးပေါ် ဆေးရုံတင်ခဲ့ရပါတယ်။ မိသားစုဝင်တွေကိုတော့ စောင့်ကြည့်ရေးစင်တာမှာ ထားပြီး စစ်ဆေး စောင့်ကြည့်နေရတဲ့အကြောင်း ဖူးခက်ပြည်နယ် ကပ်ရောဂါထိန်းချုပ်ရေး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဖို့စပ် ကစ်တီကွန်က ဇူလိုင်လ ၁၀ ရက်နေ့မှာ ထိုင်းသတင်းထောက်တွေကို အတည်ပြု ပြောခဲ့ပါတယ်။

ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက အလုပ်သမားရေးရာ တာဝန်ခံ ဦးမင်းဦးကတော့ အခုလိုပြောပြပါတယ်။

“သူတို့ဟာ ကျန်ခဲ့တဲ့အပတ်ကတည်းက ရောက်နေတယ်။ အခုက ဆေးစစ်တာ ဒုတိယအကြိမ်မှာ တွေ့တာ။ အဖြေက ပေါ့စတစ်ဖြစ်နေတာပေါ့။ အသက်ကတော့ ၈ နှစ်နဲ့ ၉ နှစ်ကလေးတွေပေါ့။ သူတို့က မြန်မာပြည်ကလာတဲ့ ခရီးသည်တွေ ဖြစ်နေတယ်။ မြန်မာနိုင်ငံသားတွေပေါ့။ မိသားစုနဲ့ အတူလာတာ၊ မိသားစု ၂ စုထဲကပေါ့၊ မိသားစု ၂ စုထဲက ကလေး ၂ ယောက်ဖြစ်တာ။”

ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ပိုး ကူးစက်တဲ့ လူနာတွေ စံချိန်တင် မြင့်တက်လာနေတဲ့ ကြားကပဲ ကမ္ဘာလှည့်ခရီးသွားတွေ ဖိတ်ခေါ်ခဲ့တာကြောင့် ဖူးခက်ပြည်နယ် ကျန်းမာရေးအဖွဲ့ကတော့ အခုလို နိုင်ငံခြားခရီးသွားတွေမှာ ရောဂါပိုးတွေ့တာနဲ့ ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ မစိုးရိမ်ကြဖို့ ပြည်နယ်ကျန်းမာရေးအဖွဲ့က အခြေအနေတွေကို ထိန်းချုပ်နိုင်ပါတယ်လို့ ပြောဆိုသွားပါတယ်။

ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်လည်ပတ်ဖို့ ဇူလိုင်လ ၁ ရက်နေ့မှာ ဖူးခက်ကို ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် လာရောက်ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။

ခရီးသွားတွေအတွက် အထူးအစီအစဉ်နဲ့ လာလည်ဖို့ ဖိတ်ခေါ်ထားချိန်မှာ နိုင်ငံခြားသား ခရီးသွားတွေမှာ ကိုဗစ်ပိုး တွေ့ခဲ့ရတာလို့လည်း ဦးမင်းဦးက ဆိုပါတယ်။

“စပါယ်ရှယ်ပေါ့ အစီအစဉ်အနေနဲ့ ခရီးသွားလုပ်ငန်းကို ထိုင်းက ပြန်လုပ်တာ။ အခု ခရီးသွားတွေ အလာများတဲ့ နာမည်ကြီးတဲ့နေရာတွေမှာ the Sandbox တွေကို လုပ်တယ်။ ဖူးခက်ရှိတယ်၊ ကော့စမွေ၊ ကော့ဖငံ၊ ကော့တောင်တို့မှာ အဲဒီမှာ ပရိုမိုးရှင်းနဲ့ အစီအစဉ်တွေလုပ်ပြီး လုပ်ကြတာ။”

ထိုင်းနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ ၃၃၆,၀၀၀ ကျော်ရှိပြီး ဇူလိုင်လ ၁၁ ရက်နေ့မှာတော့ ကူးစက်သူ လူနာအသစ် ၉,၅၀၀ ကျော်ရှိပါတယ်။ သေဆုံးသူကလည်း ၂,၇၀၀ ကျော်ရှိကြောင်း ထိုင်းကျန်းမာရေးဌာနက အတည်ပြု ထုတ်ပြန်ထားပါတယ်။


အေးအေးမာ/ VOA Burmese

https://burmese.voanews.com/a/myanmar-children-covid-phuket/5961481.html

ထိုင်းနိုင်ငံ ဖူးခက်မှာ မြန်မာကလေးငယ် ၂ ဦး ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိ ထိုင်းနိုင်ငံ ဖူးခက်မှာ မြန်မာကလေးငယ် ၂ ဦး ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိ Reviewed by THITHTOOLWIN on 20:54 Rating: 5

No comments:

Powered by Blogger.