ကန်နဲ့ ဂျပန် ဒုနိုင်ငံခြားရေးဝန်ကြီးများ မြန်မာဒီမိုကရေစီရေးဆွေးနွေး

ဇွန် ၃ ရက်နေ့က ရန်ကုန်မြို့မှာ တွေ့ရတဲ့ စစ်အာဏာ ဖီဆန်ဆန္ဒပြမြင်ကွင်း။

အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wedny Sherman ဟာ ဂျပန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mori Takeo နဲ့ တိုကျိုမြို့တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးချိန်အတွင်း မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း ထည့်သွင်း ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေး အားပေးလုပ်ဆောင်တာမှာ မြန်မာလူထုကို ပံ့ပိုးကူညီသွားရေးဆိုင်ရာ လုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီး နှစ်နိုင်ငံ ဒုဝန်ကြီးတွေဖြစ်ကြတဲ့ Sherman နဲ့ Mori တို့ ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က ဒီကနေ့ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့က တာဝန်ရှိသူတွေဟာ အခုလို တခြားအစိုးရအဖွဲ့တွေက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတဲ့အခါမှာ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး မကြာခဏ ထည့်သွင်းပြောဆိုလေ့ရှိပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် ကန့်ကွက်ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲက အကြမ်းဖက် ပစ်ခတ် ဖြိုခွဲ ဖမ်းဆီးတာတွေ ရှိခဲ့တဲ့အပေါ် နိုင်ငံတကာက ပြစ်တင် ဝေဖန်ထားသလို အမေရိကန်ကတော့ အာဏာသိမ်း စစ်ခေါင်းဆောင်တွေ၊ စစ်တပ်နဲ့ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်ထားပါတယ်။

ဂျပန်နိုင်ငံကတော့ အလားတူ ဒဏ်ခတ်အရေးယူမှုတွေ ချမထားဘဲ မြန်မာနိုင်ငံကို အကူအညီ အထောက်အပံ့တွေ ထပ်မပေးတော့ဘူးလို့ ကြေညာထားပါတယ်။

ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံမှာ အရင် စစ်အာဏာသိမ်း ကာလတွေက စစ်အစိုးရအဆက်ဆက်ကို အကူအညီပေးခဲ့ဖူးပြီး ဂျပန်ကုမ္ပဏီတွေဟာလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတာတွေ လုပ်ခဲ့ကြပါတယ်။

အခုတကြိမ် စစ်တပ်အာဏာသိမ်းတဲ့အပေါ်မှာတော့ ဂျပန်အစိုးရက ဝေဖန် ပြောဆိုတာတွေ ရှိလာခဲ့ပါတယ်။


VOA (မြန်မာပိုင်း)

https://burmese.voanews.com/a/us-japan-myanmar/5972561.html

ကန်နဲ့ ဂျပန် ဒုနိုင်ငံခြားရေးဝန်ကြီးများ မြန်မာဒီမိုကရေစီရေးဆွေးနွေး ကန်နဲ့ ဂျပန် ဒုနိုင်ငံခြားရေးဝန်ကြီးများ မြန်မာဒီမိုကရေစီရေးဆွေးနွေး Reviewed by THITHTOOLWIN on 21:36 Rating: 5

No comments:

Powered by Blogger.