မိုင်းပျဉ်းလမ်းလုပ်သား ၁၂ ဦး ရေထဲမျောပါ (၁)ဦးသာ ပြန်တွေ့



Share/Bookmark

သျှမ်းပြည် အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ယမန်နေ့က မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကျရေတိုက်စားပြီး မြေပြိုကာ လမ်းလုပ်သား (၁၂)ဦး ရေထဲမျောပါသွားကာ (၁)ဦးကိုသာ အသက်ရှင်လျက် ပြန်တွေ့သေးတာဖြစ်ကြောင်း သိရသည်။ 

မိုင်းပျဉ်း − တာကောလမ်းပိုင်း ဆင်မောင်ကျေးရွာအုပ်စု (၇)မိုင်နှင့် (၉)မိုင်ကြားတွင် လမ်းတိုးချဲ့လုပ်ငန်းဆောင်ရွက်နေသည့် လမ်းလုပ်သားများဖြစ်ပြီး (၁၁)ဦး ပျောက်ဆုံးနေသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“မိုင်းပျဉ်း − တာကော် လမ်းပိုင်းက ကျဉ်းတော့ ဆောက်လုပ်ရေးက လမ်းချဲ့နေတာ၊ အဲ့လမ်းပိုင်းက မိုးရွာရင် မြေပြိုတာတွေ၊ ရေတိုက်စားတာတွေ မကြာခဏဖြစ်တယ်၊ ခုဖြစ်သွားတာကတော့ တော်တော်ဆိုးတယ်၊ လမ်းလုပ်သား (၁၂)ဦးလည်း တောင်ကျရေနဲ့အတူ နမ့်လုံချောင်းထဲ မျောပါသွားတယ်၊ အမျိုးသား (၁)ဦးကိုတော့ ပြန်တွေ့တယ်၊ ကျန်တာတော့ မတွေ့သေးဘူး” ဟု မိုင်းပျဉ်း ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

လမ်းတိုးချဲ့လုပ်ငန်းဆောင်ရွက်နေသည့် လမ်းအထူးတပ်ဖွဲ့(၃)မှ ဦးအာကာကျော် အပါအဝင် ကျား(၈)ဦး၊ မ(၄)ဦး စုစုပေါင်း(၁၂)ဦးသည် တောင်ကျချောင်းရေတိုက်စားပြီး တောင်ပြိုကျမှုကြောင့်  ရေစီးနှင့်အတူ နမ့်လုံချောင်းအတွင်းသို့ မျောပါသွားခဲ့တာဖြစ်ကြောင်း သိရသည်။ 

မိုင်းပျဉ်းမြို့နယ်တွင် ချောင်းရေများ ပြန်ကျသွားပြီဖြစ်သော်လည်း သျှမ်းရှေ့နှင့် သျှမ်းတောင် ဆက်သွယ်ထားသည့် မိုင်းပျဉ်း − တာကော လမ်းပိုင်းကို ယာယီပိတ်ထားရပြီး နောက် (၂)ရက်ခန့်ထိ ဆက်လက်ပိတ်ထားရမှာဖြစ်ကြောင်း သိရသည်။ 

ထို့အပြင် တောင်ကျရေတိုက်စားမှုကြောင့် ခမ်းမိုက်ကော့ − ပန်မုန့်ကျေးရွာလမ်းပိုင်းရှိ အရှည် (၁၂၀x၁၄၀)ပေ ပလောင်ကုန်းဆာ ကွန်ကရစ်တံတား ပျက်စီးခြင်း၊ ဝမ်မွန်း − ဝမ်ကန်လမ်းရှိ အရှည်ပေ(၉၀) သံကူကွန်ကရစ်တံတားလည်း ရေတိုက်စားပျက်စီးခြင်းနှင့် နမ့်ပိန်းချောင်းအနီးရှိ ကျေးရွာတချို့ ရေဝင်ရောက်ပြီး ရွှံ့နွံများတင်ကျန်ကာ ပျက်စီးမှုတချို့ရှိနေကြောင်း သိရသည်။ 

ယခု ရက်ပိုင်းအတွင်း သျှမ်းရှေ့ ကျိုင်းတုံမြို့အပါအဝင် မိုင်းယောင်းနှင့် မြို့နယ်တချို့တွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ