စစ်တပ် အာဏာသိမ်းအပြီး မြန်မာ့အလုပ်သမားစျေးကွက် သိသိသာသာကြီး ယိုယွင်းထိခိုက်သွားခဲ့

 အလုပ်လက်မဲ့ ဖြစ်တဲ့အထဲမှာ အမျိုးသမီးတွေ ပိုအထိနာ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလကစလို့ အလုပ်သမား စျေးကွက်အခြေအနေ သိသိသာသာကြီး ယိုယွင်းထိခိုက်သွားခဲ့တယ်လို့ ILO နိုင်ငံတကာ အလုပ်သမားအဖွဲ့ကြီးက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ပထမလှိုင်းကြောင့် စီးပွားရေး အားလျော့နေခဲ့ပြီးသား မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်အပြီးမှာ စီးပွားရေး အကြီးအကျယ် ထိခိုက်သွားခဲ့ပြီး ၆ လတာကာလအတွင်း အလုပ်သမား တစ်သန်း နှစ်သိန်းလောက် အလုပ်ပြုတ်ခဲ့တယ်လို့ ILO အဖွဲ့က ဆိုပါတယ်။

၂၀၂၁ ခုနှစ် ပထမ ၆ လတာ ကာလအတွင်း အလုပ်ချိန် ၁၄ ရာခိုင်နှုန်းလောက် ဆုံးရှုံးခဲ့ပြီး ဒါဟာ အချိန်ပြည့် အလုပ်သမား အနည်းဆုံး ၂ သန်း ၂ သိန်းရဲ့ အလုပ်ချိန်နဲ့ ညီမျှတယ်လို့ ဆိုပါတယ်။ အလုပ်ချိန်တွေ ဆုံးရှုံး၊ အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ကုန်ကြတဲ့အထဲမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုအထိနာခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

"မြန်မာနိုင်ငံဟာ ကိုဗစ် ပထမလှိုင်းကြောင့် စီးပွားရေး ကျဆင်းမှုနဲ့ ရင်ဆိုင်နေခဲ့ရတာပါ။ ဒါပေမဲ့လည်း အခုနှစ် ပထမ ၆ လတာအတွင်းမှာတော့ မြန်မာပြည်သူ အတော်များများ အကြီးအကျယ် ဆင်းရဲမွဲတေကုန်တဲ့ အဆင့်ကို ရောက်လာနိုင်တဲ့အထိ အလုပ်သမားစျေးကွက်ကို သိသိသာသာကြီး အလျင်အမြန် ဆိုးဝါးထိခိုက်လာခဲ့တယ်ဆိုတာ လေ့လာချက်တွေအရ သိရပါတယ်"လို့ ILO အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါင်လင်း လီ က ပြောပါတယ်။

စီးပွားရေးလုပ်ငန်း ကဏ္ဍအားလုံးကို ထိခိုက်ခဲ့ပြီး အဲဒီအထဲမှာ ဆောက်လုပ်ရေး၊ အထည်ချုပ်၊ ဟိုတယ်နဲ့ ခရီးသွားလာရေး လုပ်ငန်းတွေကို အများဆုံး ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၂၁ ခုနှစ် ပထမ ၆ လတာကာလအတွင်း ဆောက်လုပ်ရေးလုပ်ငန်းမှာ ၃၅ ရာခိုင်နှုန်း၊ အထည်ချုပ်လုပ်ငန်းမှာ ၃၁ ရာခိုင်နှုန်းနဲ့ ဟိုတယ်နဲ့ ခရီးသွားလာရေး လုပ်ငန်းမှာ ၂၅ ရာခိုင်နှုန်း အလုပ်ပြုတ်ခဲ့ကြပြီး အလုပ်ချိန် ဆုံးရှုံးမှုတွေ ပိုများတယ်လို့ ILO ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57783160

စစ်တပ် အာဏာသိမ်းအပြီး မြန်မာ့အလုပ်သမားစျေးကွက် သိသိသာသာကြီး ယိုယွင်းထိခိုက်သွားခဲ့  စစ်တပ် အာဏာသိမ်းအပြီး မြန်မာ့အလုပ်သမားစျေးကွက် သိသိသာသာကြီး ယိုယွင်းထိခိုက်သွားခဲ့ Reviewed by THITHTOOLWIN on 21:39 Rating: 5

No comments:

Powered by Blogger.