တောင်ကြီးမြို့ ရပ်ကွက်တချို့ရှိ နေအိမ်များအလံဖြူ/ဝါ ထောင် အကူအညီတောင်းခံ


သျှမ်းသံတော်ဆင့်၊ ဇူလိုင် ၃၀ 

သျှမ်းပြည် တောင်ကြီးမြို့ ရပ်ကွက်တချို့ရှိ နေအိမ်များ စားဝတ်နေရေးနှင့် ဆေးဝါးအခက်အခဲမှုရှိနေသဖြင့် အလံဖြူ/ အလံဝါ ထောင်ပြပြီး အကူအညီ တောင်းနေရကြောင်း စုံစမ်းသိရသည်။

တောင်ကြီးမြို့တွင် ကိုဗစ် - ၁၉ တတိယလှိုင်း အတွင်း ပိုးတွေ့ လူနာများအဆမတန် တိုးများလာခြင်းကြောင့် Stay At Home အဖြစ် ကြေညာထားခြင်း ခံထားရပြီး အိမ်ထောင်စု မိသားစုတချို့က ရောဂါအတွက် စိုးရိမ် ပူပန် နေရသည့် အပြင် စားဝတ်နေရေးအတွက်လည်း ခက်ခဲနေကြောင်း သိရသည်။ 

“အဓိကကတော့ ချမ်းမြသာစည်ရပ်ကွက်ရယ်၊ စိန်ပန်းရပ်ကွက်ရယ်၊ ပြီးတော့ ကျောင်းကြီးစု ဖက်တို့က မိသားစုနေအိမ် တော်တော်များများ အလံထောင်ထားတာ တွေ့ရတယ်၊ လက်ရှိအနေအထားမှာဆို တစ်ရပ် ကွက် ကို ၇ အိမ် ၈ အိမ်လောက်တော့ စားဝတ်နေရေးနဲ့ ကျန်းမာရေးအတွက် အခက်အခဲတွေရှိနေကြောင်း ကို ဖော်ပြတဲ့ အလံထောင်ထားတာတွေ တွေ့နေရတယ်” ဟု တောင်ကြီးမြို့တွင်း ပရဟိတ လုပ်ဆောင်နေသူ စိုင်းမြတ်သူ က သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

Stay at Home မကြေညာမီ တစ်ရက်အလိုက တောင်ကြီးမြို၊ ရွှေတောင်ရပ်ကွက်ဖက်မှာလည်း အလံထောင် ၍ စားဝတ်နေရေး ခက်ခဲကြောင်း ပြသသည့် အခြေအနေများရှိနေကြောင်းနှင့် Stay at Home ရက် ကြာမြင့် လာသည်နှင့် အမျှ အခြေခံ ပြည်သူများ၏ စားဝတ်နေရေးမှာ ပိုမို ကြပ်တည်းလာနိုင်သည့် အခြေအနေတွင် ရှိနေကြောင်း ၎င်းက ပြောသည်။ 

“ကျနော်တို့ စိန်ပန်းနဲ့ ရွှေတောင် ရပ်ကွက်မှာက လက်လုပ်လက်စားသမားတွေများပါတယ်၊ အဲ့အပြင် နေတဲ့ နေအိမ်ကလည်း အငှားဖြစ်နေတယ်ဆိုတော့ အိမ်ငှားခရော၊ စားဖို့သောက်ဖို့ သောက်ရေကစ ဝယ်နေရတာ ဆိုတော့ အဆင်မပြေဘူးဗျ၊ နဂိုကတည်းကမှ စစ်အာဏာ သိမ်းလိုက်လို့ ကြပ်တည်း‌နေကြရတဲ့ ဘဝတွေက အခုကိုဗစ်ကြောင့်နဲ့ ပိုပြီးဆိုးရွားလာရတယ်ပေါ့” ဟု စိုင်းမြတ်သူက ပြောသည်။ 

လက်ရှိ နိုင်ငံရေး အခြေအနေများ နှင့် ကိုဗစ် - ၁၉ ကူးစက်တွေ့ရှိမှုနှုန်း များသည်ထက် များလာခြင်းအညီ အခြေခံလူတန်းစား လူဦးရေများလည်း တစ်နေ့ထက် တစ်နေ့ များပြားလာပြီး ၎င်းတို့ များစွာ ကြုံနေရတဲ့ ပြဿနာများကြောင့် စိတ်ပိုင်းဆိုင်ရာများ ထိခိုက်ကာ အသက်ဆုံးရှုံးသွားရသည့် သူများလည်း ရှိကြောင်း သိရသည်။ 

နိုင်ငံရေးရော ကိုဗစ်ရော အခြေအနေသည် တစ်နေ့ထက် တစ်နေ့ ပိုပိုဆိုးလာပြီး အခြေခံ လူတန်းစား တွေအတွက် ကြုံလာရတဲ့ စားဝတ်နေရေး ပြဿနာတွေ၊ ဆေးကုသမှု စရိတ်ပြဿနာတွေက အဓိက စိန်ခေါ် မှုကြီး ဖြစ်လာကြောင်းသိရသည်။

“တချို့ဆို ပတ်ဝန်းကျင်ကို အကူအညီတောင်းတယ်၊ ဆိုရှယ်မီဒီယာကနေ အကူအညီ တောင်းတယ်၊ဒါပေမယ့် တချို့အတွက်ကျတော့ ဒီလိုပြဿာနာတွေကြုံရတာ များတော့ စိတ်ကျ ရောဂါနဲ့ အသက်သေသွားရတဲ့ သူတွေလည်း ရှိနေပါတယ်” ဟု ကိုစိုင်းမြတ်သူက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

လက်ရှိတွင် အလံထောင်ထားတဲ့ နေအိမ်များကို ပရဟိတ အဖွဲ့အစည်းများမှ ဆန်၊ ဆီ၊ ဆား ကဲ့သို့သော အခြေခံ စားသောက်ကုန်းများ ကူညီထောက်ပံ့မှုပြုလုပ်ခဲ့သော်လည်း ယခု ကူးစက်မှု၊ သေဆုံးမှု မြင့်မားမြန် ဆန်လှသည့် ကိုဗစ် - ၁၉ တတိယလှိုင်းအတွက် လုံလောက်သော ထောက်ပံ့ကူညီမှုများ မပေးနိုင်ကြောင်း လည်း ၎င်းကပြောသည်။ 

“ကျနော်တို့ ပရဟိတသမားတွေကလည်း တတ်နိုင်တဲ့ဖက်ကလည်း ကူညီတဲ့သဘောပါ၊ ကျနော်တို့ တောင်ကြီးမှာဆို အဆင်မပြေတဲ့သူများတယ် ဆိုပေမယ့် တချို့သော အဆင်ပြေတဲ့သူက နည်းနည်းချင်းစီ စုကြပြီး အဆင်မပြေတဲ့ သူတွေ ကူညီထောက်ပံ့မှုမျိုးပေးမယ်ဆို ဒီထက်ကောင်းတဲ့ ရလဒ်ကို ဖော်ဆောင် နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ 

စစ်အာဏာသိမ်းယူပြီးနောက် တောင်ကြီးမြို့တွင် ပြည်သူများအတွက် စားဝတ်နေရေး စတင် ကြပ်တည်း လာနေရပြီး အခုကိုဗစ် - ၁၉ တတိယလှိုင်းအတွင်း Stay at Home ကြောင့်ပိုမို ဆိုးရွားလာသဖြင့် အာဏာရှိ သည့် စစ်ကောင်စီ များအနေဖြင့် ပြည်သူတို့၏ စားဝတ်နေရေးနှင့် ဆေးဝါးကုသရေးအတွက် အဖြေရှာသင့် ကြောင်း ပြည်သူများမှ တောင်းဆိုလိုက်သည်။ 


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

တောင်ကြီးမြို့ ရပ်ကွက်တချို့ရှိ နေအိမ်များအလံဖြူ/ဝါ ထောင် အကူအညီတောင်းခံ တောင်ကြီးမြို့ ရပ်ကွက်တချို့ရှိ နေအိမ်များအလံဖြူ/ဝါ ထောင် အကူအညီတောင်းခံ Reviewed by THITHTOOLWIN on 18:30 Rating: 5

No comments:

Powered by Blogger.