ထောင်တွင်းဖမ်းဆီးခံထားရစဉ် အကျဉ်းသား ၆ ဦး ကိုဗစ်ကူးစက်ခံရပြီး သေဆုံး

ထောင်တွင်းဖမ်းဆီးခံထားရစဉ် အကျဉ်းသား ၆ ဦး ကိုဗစ်ကူးစက်ခံရပြီး သေဆုံး ရန်ကုန်၊ အင်းစိန်ထောင်ရှေ့မြင်ကွင်း / Photo- AFP

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းအပါအဝင် ထောင်တွင်းမှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံရပြီး သေဆုံးသွားတဲ့သူ ၆ ဦး ရှိတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

လက်ရှိမြန်မာနိုင်ငံအတွင်းက အကျဉ်းထောင်အသီးသီးမှာ ကိုဗစ်ကူးစက်ခံရသူ စုစုပေါင်း ၃၇၅ ဦး ရှိတယ်လို့ စစ်အာဏာပိုင်တွေနဲ့ နီးစပ်တဲ့ ပြည်တွင်းသတင်းဌာနတချို့ကနေ အခုလို စစ်ကောင်စီက သတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ အဲ့ဒီသတင်းဌာနတွေထဲမှာ RFA မပါဝင်ပေမယ့် ဒီထုတ်ပြန်ချက်ကို RFA က သီးခြား လက်ခံရရှိတာဖြစ်ပါတယ်။

ကူးစက်ခံရသူ ၃၇၅ ဦးထဲမှာ ၂၀၈ ဦးဟာ ဆေးကုသမှုခံယူနေရဆဲဖြစ်ပြီး ၁၅၂ ဦးဟာ ရောဂါပြန်သက်သာသွားပြီလို့ ဖော်ပြထားပါတယ်။ ကိုဗစ်ကူးစက်ခံရသူတွေကို အကျဉ်းထောင်တွေထဲမှာ ဆေးခန်းတွေ ကုသရေးစင်တာတွေ သီးခြားဖွင့်လှစ်ကုသပေးနေတယ်လို့လည်း ဆိုပါတယ်။

ဦးဉာဏ်ဝင်းအပါအဝင် ထောင်ထဲမှာ ဖမ်းဆီးအကျဉ်းချခံထားရစဉ် ရောဂါကူးစက်ခံရပြီး သေဆုံးသူ ၆ ဦးမှာ အားလုံးဟာ နိုင်ငံရေးနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရသူ ဟုတ်မဟုတ်တော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ရန်ကုန်မြို့က အင်းစိန်ထောင်ထဲမှာတော့ ရောဂါကူးစက်ခံထားရတဲ့သူ ၅၀ နီးပါးရှိတာကြောင့် ဇူလိုင် ၈ ရက်နေ့ကစပြီး မနက်ဖြန် ဇူလိုင်လ ၂၁ ရက်အထိ အသွားအလာကန့်သတ် (Lock down) ထားတယ်လို့ ရန်ကုန်တိုင်း အကျဉ်းဦးစီးဋ္ဌာန ညွှန်ကြားရေးမှူး ဦးဇော်ဇော်က RFA ကို ဇူလိုင် ၉ ရက်နေ့မှာပြောထားပါတယ်။

ရန်ကုန် အင်းစိန်ထောင်ရဲ့ အထူးသီးသန့်ခန်းမှာ အကျဉ်းချခံထားရတဲ့ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ဖရွန်တီးယားမြန်မာ အယ်ဒီတာ အမေရိကန်နိုင်ငံသား ဒန်နီဖန်စတာနဲ့ အရေးပေါ်ကုသမှု ဆေးပညာဋ္ဌာန ပါမောက္ခ ဒေါက်တာ မော်မော်ဦးတို့အပြင် စစ်ကြောရေးမှာ ဖမ်းဆီးခံထားရတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိမ်းနဲ့ ဇနီးဖြစ်သူတို့ ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရတယ်လို့ သူတို့ရဲ့ အမှုလိုက် ရှေ့နေတွေနဲ့ မိသားစုတွေက RFA ကို ပြောထားပါတယ်။

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်နဲ့ ပါတီသတင်းပြန်ကြားရေး ဥက္ကဋ္ဌ ဦးဉာဏ်ဝင်းကတော့ စစ်ကောင်စီရဲ့ ဖမ်းဆီးခံရပြီးနောက် ထောင်တွင်းမှာ ကိုဗစ်ရောဂါကူးစက်ခံရတဲ့သူတွေထဲ ပထမဆုံး သေဆုံးသွားသူဖြစ်ပါတယ်။

လက်ရှိ အင်းစိန်ထောင်တွင်း နောက်ဆုံးအခြေအနေတွေကို မေးမြန်းနိုင်ဖို့ အကျဉ်းဦးစီးဋ္ဌာန ညွှန်ကြားရေးမှူး ဦးဇော်ဇော်ကို RFA က ဒီကနေ့ ဖုန်းထပ်မံဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။


RFA Burmese

https://www.rfa.org/burmese/news/prison-covid-myanmar-military-coup-nld-nyan-win-07202021084243.html

ထောင်တွင်းဖမ်းဆီးခံထားရစဉ် အကျဉ်းသား ၆ ဦး ကိုဗစ်ကူးစက်ခံရပြီး သေဆုံး  ထောင်တွင်းဖမ်းဆီးခံထားရစဉ် အကျဉ်းသား ၆ ဦး ကိုဗစ်ကူးစက်ခံရပြီး သေဆုံး Reviewed by THITHTOOLWIN on 21:17 Rating: 5

No comments:

Powered by Blogger.