ရန်ကုန်က လျှပ်စစ်ရုံးတချို့မှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့

ဗုံးပေါက်ကွဲမှုတခုအပြီး မြန်မာရဲများ စစ်ဆေးနေစဉ် (ဓာတ်ပုံ - AP)

ရန်ကုန်တိုင်းအတွင်း မြို့နယ်တချို့က EPC လျှပ်စစ်မီတာရုံးတွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။ လမ်းမတော်၊ စမ်းချောင်းနဲ့ မင်္ဂလာဒုံမြို့နယ်တို့က EPC ရုံးတွေမှာ အသေးစားဗုံးကွဲမှုတွေဖြစ်ခဲ့တာပါ။ လ ျှပ်စစ်မီတာခတွေ ပေးဆောင်ကြဖို့ လ ျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ပြည်သူတွေကို တိုက်တွန်းနေချိန်မှာ အခုလို ဗုံးပေါက်ကွဲတာတွေ ရှိနေတဲ့အကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မခွာညိုက ပြောပြပါမယ်။

ရန်ကုန် မြို့နယ် ၃ ခုက EPC ရုံးတွေမှာ ဒီနေ့ ဇူလိုင်လ ၉ ရက် မနက်အစောပိုင်းက ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့တာပါ။ လမ်းမတော်မြို့နယ်နဲ့ မင်္ဂလာဒုံမြို့နယ်တို့က EPC ရုံးတွေမှာ မနက်အစောပိုင်း ၄ နာရီခွဲဝန်းကျင်လောက်က ပေါက်ကွဲခဲ့တာဖြစ်ပြီး စမ်းချောင်းမြို့နယ်ထဲက လျှပ်စစ်မီတာရုံးကတော့ မနက် ၁၀ နာရီဝန်းကျင်မှာ ပေါက်ကွဲခဲ့တာပါ။

စမ်းချောင်း စီးတီးမတ်နားက မီတာရုံးမှာ လ ျှပ်စစ်မီတာခ လာဆောင်သူတွေသူတွေ ရှိနေချိန် ပေါက်ကွဲခဲ့တာဖြစ်ပေမဲ့ အသေးစားပေါက်ကွဲမှုမို့ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဘူးလို့ အနားမှာနေသူတွေက ပြောပြပါတယ်။

အခုရက်ပိုင်းမှာပဲ မင်္ဂလာဒုံမြို့နယ်အပါအဝင် မြို့နယ်တချို့က ရပ်ကွက်တွေမှာ မီတာခဆောင်ဖို့ အာဏာပိုင်တွေက အတင်းအကြပ်ဖိအားပေးတာမျိုးတွေဖြစ်နေချိန် ခုလိုပေါက်ကွဲမှုတွေဖြစ်ခဲ့တာပါ။ မနက်အစောပိုင်း မင်္ဂလာဒုံက EPC ရုံးမှာပေါက်ကွဲခဲ့တာနဲ့ပတ်သက်လို့ ဒေသခံတယောက်က ခုလိုပြောပြပါတယ်။

“လျှပ်စစ်မီတာရုံး တံခါးဝမှာပေါက်တာ၊ ပုံမှန်ဆိုရင် ကျနော်တို့ မနက်တိုင်း ၉ နာရီ ၉ နာရီခွဲလောက်ဆိုရင် မီတာလာဆောင်တဲ့သူတွေက ရှိတယ်လေ။ ပြီးတော့ မဂ်လာဒုံကလည် းတပ်နယ်ဆိုတော့ သိတဲ့အတိုင်းပဲပေါ့။ မီတာဆောင်တဲ့သူက အရမ်းအများကြီးရှိတာပေါ့။ လက်ရှိက အဲ့ဒါကြောင့်လည်းဖြစ်မယ်၊ ပြီးတော့ မီးဖြတ်တာတွေ မီတာခဆောင်ခိုင်းတာတွေကို အတင်းအကြပ်လုပ်လို့လည်း သတိပေးတဲ့အနေနဲ့ လုပ်တာပေါ့၊ အဲ့လိုပဲ ထင်ပါတယ်။ လူအထိအခိုက်တော့မရှိဘူး။ အသံကတော့ တော်တော်ကျယ်တယ်။ လူအထိအခိုက် ဘာညာကတော့ ကျနော်တို့လည်း မကြားမိဘူးပေါ့။”

ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ပြီး တားဆီးရှာဖွေတာတွေ လုပ်ခဲ့တယ်လို့ မဂ်လာဒုံမြို့နယ်မှာ နေထိုင်သူတွေက ပြောပြပါတယ်။

လမ်းမတော်မြို့နယ်မှာလည်း ဒီမနက် ၅ နာရီခွဲ ဝန်းကျင်လောက်က လျှပ်စစ်မီတာရုံးတံခါးဝရှေ့မှာ ပေါက်ကွဲမှုတခုဖြစ်ခဲ့ပါတယ်။ ဒီပေါက်ကွဲသံက တော်တော်ကျယ်ပြီး ပြင်းထန်တဲ့ ပေါက်ကွဲမှုဖြစ်တယ်လို့ ဗုံးကွဲတဲ့နေရာနားမှာ နေသူတွေက ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် ရုံးတံခါးပျက်စီးမှုနဲ့ မှန်တွေကွဲတာတချို့ရှိပေမယ့် လူထိခိုက်မှုမရှိဘူးလို့ လမ်းမတော်မြို့နယ်က တာဝန်ရှိသူတဦးက VOA ကို ပြောပါတယ်။ ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက်ပိုင်း လုံခြုံရေးတင်းကြပ်ပြီး တားဆီး စစ်ဆေးမှုတွေလုပ်ခဲ့ပေမယ့် ရုံးဖွင့်ချိန် ပုံမှန်အတိုင်းဖွင့်ပြီး လုပ်ငန်းတွေဆက်ဆောင်ရွက်နေတယ်လို့ လမ်းမတော်မြို့နယ်က အုပ်ချုပ်ရေးတာဝန်ရှိသူတဦးက ပြောပါတယ်။

ဇူလိုင်လ ၇ ရက်နေ့ကလည်း တာမွေ၊ သင်္ကန်းကျွန်း၊ မရမ်းကုန်း၊ လှိုင်၊ ကမာရွတ် စတဲ့မြို့နယ်တွေက လျှပ်စစ်မီတာရုံးတွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါသေးတယ်။

စစ်တပ်အာဏာသိမ်းခဲ့ပြီး စစ်ကောင်စီအုပ်ချုပ်မှုအပေါ် မကျေနပ်တဲ့ ပြည်သူတော်တော်များများက မီတာခအပါအဝင် အစိုးရဝန်ဆောင်ခ တော်တော်များများကို မပေးဆောင်ဘဲ ဆန့်ကျင်နေကြတာပါ။ ဒါကြောင့် ပြည်သူတွေ လ ျှပ်စစ်မီတာခ လာဆောင်ကြဖို့ လ ျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ပန်ကြားချက်ထုတ် တိုက်တွန်းနေပါတယ်။

တချို့ မြို့နယ် ရပ်ကွက်တွေမှာ မီတာခ ပေးဆောင်အောင် အတင်းအကြပ် ဆောင်ရွက်တာမျိုး မီးကြိုးဖြတ်တောက်တာမျိုးတွေလည်း လုပ်နေပါတယ်။ ဒီလိုအခြေအနေမှာ EPC ရုံးတွေမှာ ဗုံးကွဲနေတာကြောင့် မီတာခသွားဆောင်ရမှာ စိုးရိမ်စရာဖြစ်တယ်လို့ ရန်ကုန်မြို့ခံတဦးက ဗွီအိုအေကိုပြောပါတယ်။

“တချို့တွေကလည်း လာပြီးတော့ ခြိမ်းခြောက်တဲ့အခါမှာ ကြောက်အားလန့်အားနဲ့ သွားပြီးတော့ ဆောင်ကြတာတွေရှိတယ်။ အဲ့လိုမျိုး သွားဆောင်ကြလို့ မီတာရုံးတွေမှာ ဗုံးပေါက်တာတွေလည်း ကြားရတဲ့အခါကျတော့ ကျမအပါအဝင် မဆောင်တဲ့ ပြည်သူတွေက ဘယ်လိုခံစားရလဲဆိုတော့ ‘သြ တော်သေးတာပေါ့၊ ငါတို့ အစိုးရစကားကို နားထောင်ပြီး သွားမဆောင်တာက မှန်တယ်ပေါ့နှော်။ မီတာသွားဆောင်ရင် ဒီကာလက ကိုဗစ်ကလည်း ကူးနိုင်သေးတယ်။ မတော်တဆ ဒီလို ဗုံးပေါက်တဲ့ထဲမှာ ကိုယ့်အသက်အန္တရာယ်ကလည်း ရှိသေးတယ်ဆိုတဲ့ဟာလိုမျိုး အဲ့လိုမျိုးမြင်ပါတယ်။”

ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ ပြည်သူတွေ အခက်အခဲဖြစ်နေကြချိန်မို့ မီတာတွေ ဆောင်စရာမလိုဘဲ ကင်းလွတ်ခွင့်ပေးတယ်လို့ ကြေညာထားပါတယ်။


မခြာညိဳ/ VOA Burmese

https://burmese.voanews.com/a/bomb-explosion-in-yangon-electrical-distribution-services-/5959639.html

ရန်ကုန်က လျှပ်စစ်ရုံးတချို့မှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့ ရန်ကုန်က လျှပ်စစ်ရုံးတချို့မှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့ Reviewed by THITHTOOLWIN on 19:57 Rating: 5

No comments:

Powered by Blogger.