မင်းတပ်နဲ့ကလေးမှာ တိုက်ပွဲတွေရှိနေဆဲ

 

ချင်းကာကွယ်ရေးတပ် CDF မှ မြန်မာစစ်ယာဉ်တန်းတခုအားမေလအတွင်းတိုက်ခိုက်သိမ်းပိုက်ခဲ့စဉ် (ဓာတ်ပုံ - Chin World)

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်နဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်တပ်အကြား တိုက်ပွဲဖြစ်နေဆဲပါ။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား စစ်ရေးပဋိပက္ခရှိနေတဲ့ မင်းတပ်မြို့နယ်မှာ ဒီမနက်မှာလည်း တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာတော့ မနေ့ညပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါတယ်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ဘက်မှာ ဒေသခံကာကွယ်ရေး CDF အဖွဲ့နဲ့ စစ်တပ်ကြား ဒီနေ့မနက်ပိုင်းမှာ ဒုတိယနေ့အဖြစ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မင်းတပ် ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တဦးဖြစ်သူ ဆလိုင်းတူမီးက ပြောပါတယ်။

"မင်းတပ်မှာ တိုက်ပွဲပြန်ဖြစ်တယ်။ ဒီနေ့လည်း ရွှေအောင်သာအကြိုနားလေးမှာပဲ။ ရွှေအောင်သာက ချင်းပြည်နယ်၊ မကွေးတိုင်း၊ ထီးလင်းနဲ့ကျောက်ထုကြားပေါ့။ ရွှေတွင်းတူးကျေးရွာအနားမှာ။ ၈ နာရီကျော်ကျော်လောက်မှာ စဖြစ်တယ်။ နေ့လယ်ပိုင်းမှာ ခနနားတယ်။ နာရီ ၂ ချက်လောက်အခု ပြန်ချတယ်။ ထိခိုက်မှုကတော့တပ်ဖက်က ကျတဲ့ ဟာတွေရှိတယ်။"

မနေ့ ဇူလိုင် ၂၁ ရက်နေ့ကစပြီး မင်းတပ်ဒေသခံ ကာကွယ်ရေး CDF အဖွဲ့နဲ့ စစ်တပ်အကြား ယာယီ အပစ်ခတ်ရပ်စဲရေးပျက်ပြယ်ပြီး တိုက်ပွဲ ပြန်လည်ဖြစ်ခဲ့တာပါ။

တိုက်ပွဲဖြစ်ခဲ့တဲ့ မင်းတပ်မြို့နယ် ရွှေအောင်သာကျေးရွာသားတွေဟာ နယ်နိမိတ်ချင်းထိစပ်တဲ့ မကွေးတိုင်း ကျောက်ထုမြို့နဲ့ ထီးချိုင့်မြို့နယ်ဘက်မှာ တိမ်းရှောင်နေကြတယ်လို့ ဆက်ပြောပါတယ်။

"ရွာကလူတွေက အကုန်လုံးပြေးကြတယ်လို့။ သူတို့ရှောင်တာက ကျောက်ထုဘက်မှာ။ တချို့ဟာကျတော့ ထီးလင်းဘက်မှာပြေးတယ်တဲ့။ ဒါပေမဲ့ ကျောက်ထုဘက်မှာပြေးတာ ပိုများတယ်ပေါ့။"

ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့ကစလို့ မင်းတပ် CDF အဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား ၁၄ ရက်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ ဇူလိုင်လ ၄ ရက်နေ့မှာ သက်တမ်းကုန်ဆုံးခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးဖို့ ဇူလိုင် ၁၈ ရက် တနင်္ဂနွေနေ့မှာ နှစ်ဘက်ကိုယ်စားလှယ်အဖွဲ့တွေ ဆွေးနွေးခဲ့တာမှာ တပ်ဘက်ကပြောတဲ့ လက်နက်ချရေးအချက်ကြောင့် သဘောတူညီချက် ပျက်ပြယ်ခဲ့ပြီး တိုက်ပွဲဖြစ်တာပါ။

မင်းတပ်မြို့နယ်က CDF အဖွဲ့နဲ့ စစ်တပ်အကြားဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း မင်းတပ်မြို့နယ် ကျေးရွာတွေက ဒုက္ခသည်သောင်းကျော် စစ်ဘေးတိမ်းရှောင်နေရပါတယ်။

အလားတူ ချင်းပြည်နယ်နဲ့ထိစပ်နေတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာလည်း မနေ့ညပိုင်းမှာ ကလေးမြို့နယ်ကာကွယ်ရေး PDF အဖွဲ့က စစ်တပ်ကင်းစခန်းတချို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PDF အဖွဲ့ဝင်တဦး ကပြောပါတယ်။

"ကျနော်တို့က ပြောက်ကျားစနစ်နဲ့ပေါ့နော် တိုက်ပွဲဖော်ဆောင်ပြီး ဝင်ပြီးမှတိုက်တာဗျ။ တာဟန်းမီးပွိုင့် ဝယ်စလီလမ်းခွဲ အနားမှာရယ်။ စာတိုက်အနားမှာရယ် နှစ်နေရာပေါ့။ ပြီးတော့ သူတို့နေတဲ့ တပ်အိမ်တွေပေါ့နော် အဲဒီအထဲကိုတော့ သူတို့ထွက်လာတဲ့အချိန် ချောင်းပစ်တာရှိတယ်။ သူတို့ဘက်ကတော့ နှစ်ယောက်ကျတာတော့ သေချာတယ်။

အခုပြောသွားတဲ့ အကျအဆုံးနဲ့ပတ်သက်ပြီး သီးခြားအတည်မပြုနိုင်သေးပါဘူး။ ကလေးမြို့နဲ့ မင်းတပ်မြို့နယ်အတွင် းပစ်ခတ်တိုက်ခိုက်မှု အခြေအနေကိုသိရှိဖို့ စစ်ကောင်စီပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမဲ့လည်း မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့ကလည်း အရှေ့စည်းရွာအတွင်း စခန်းချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကလေး PDF အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တာမှာ နှစ်ဘက် ထိခိုက်ကျဆုံးမှုတွေရှိခဲ့သလို ဒီလိုဖြစ်တဲ့တိုက်ပွဲတွေကြောင့် တိုက်ပွဲဖြစ်တဲ့အရှေ့စည်းကျေးရွာအပြင် တင်သား၊ ကျောက်ဖူး၊ ဒိုးနွယ်က ရွာသားထောင်ချီ စစ်ဘေးတိမ်းရှောင်နေရပါတယ်။

ကလေးမြို့နယ်မှာ အခုလို PDF အဖွဲ့နဲ့ စစ်တပ်အကြား တိုက်ပွဲတွေရှိနေသလို စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေလည်း နည်းလမ်းပေါင်းစုံနဲ့ နေ့စဉ်လိုဆက်ရှိနေပါတယ်။


နိုင်ကွန်းအိန်/ VOA Burmese

https://burmese.voanews.com/a/clashes-in-chin-state-and-sit-kaing-division-in-myanmar-continue-/5975080.html

မင်းတပ်နဲ့ကလေးမှာ တိုက်ပွဲတွေရှိနေဆဲ မင်းတပ်နဲ့ကလေးမှာ တိုက်ပွဲတွေရှိနေဆဲ Reviewed by THITHTOOLWIN on 23:56 Rating: 5

No comments:

Powered by Blogger.