ချင်းပြည်နယ်မှာ ကိုဗစ်-၁၉ ကပ်ဘေးကို ကိုယ်ထူကိုယ်ထ ရုန်းကန်ဖြေရှင်းနေရ


ချင်းပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ခံရတဲ့သူ နှစ်ထောင်ကျော်ရှိနေပြီး သေဆုံးသူ တစ်ရာ နီးပါးရှိနေပြီ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ဟာ ပြီးခဲ့တဲ့မေလပိုင်းကစပြီး ချင်းပြည်နယ်မြောက်ပိုင်း အိန္ဒိယနိုင်ငံနဲ့ နီးတဲ့ တွန်းဇံမြို့ကနေ ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ တွန်းဇံမြို့မှာ ဇူလိုင်လ ၁၂ ရက်နေ့အထိ နှစ်လ ကျော်အတွင်း ပိုးတွေ့ရှိသူ ၆၄၆ ဦးရှိနေပြီး သေဆုံးသူ ၂၆ ဦးအထိ ရှိနေတယ်လို့ တွန်းဇံမြို့နယ် ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

ကိုဗစ်-၁၉ ရှိမရှိကို Covid Test Kit နဲ့ပဲ စစ်ဆေးရတာဖြစ်လို့ အဲဒီ Test Kit တွေနဲ့ ကာကွယ်ရေးပစ္စည်း တွေကို နိုင်ငံတကာမှာရောက်နေတဲ့ ချင်းတိုင်းရင်းသားတွေ ပေးပို့တဲ့ အလှူငွေနဲ့ လုပ်နေရတယ်လို့ ချင်းပြည်နယ် လူမှုရေးဝန်ကြီးဟောင်း ဦးပေါင်လွန်မင့်ထန်က RFAကို ပြောပါတယ်။

“အဲ့တာနဲ့ သူတို့က လူငယ်တွေပေါင်းပြီးတော့ ရွာအလိုက် အလှူငွေတွေ ထည့်ကြတယ်။ ဒေသခံ NGO တစ်ခုရှိတယ် သူတို့နဲ့ချိတ်ပြီးတော့ ဟိုကနေ သူတို့ပို့သလောက် ကျွန်တော်တို့ဆီ ရောက်အောင် သူတို့ လုပ်ပေးတယ်။ အခု တီးတိန်မှာဆိုရင်လည်း တော်တော်ဆိုးတယ်။ တွန်းဇံလည်း အခုထိ ကွာရန်တင်း စင်တာ တွေမှာလည်း များတယ်။ သေဆုံးနှုန်းတွေလည်း များလာတယ်။ ဖလမ်းမြို့မှာ ခုတလော သေဆုံးတာတွေ နည်းနည်းများတယ်။ နေ့တိုင်းလိုလိုပဲ။ ပြီးတော့ နိုင်ငံရေး မကောင်းတဲ့အခါမှာ ဘယ်သူမှ ဒီဟာကို မလုပ်နိုင်ဘူးလေ။ ကျန်းမာရေးဘက်ကလည်း မလုပ်နိုင်ဘူးဆိုတော့ Silent carrier အရမ်း များသွားတာပေါ့။”

ပြည်ပရောက် ချင်းတိုင်းရင်းသားတွေက ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကုသရေးနဲ့ ကာကွယ်ရေးအတွက် ပြီးခဲ့တဲ့ မေလကုန်ပိုင်း လောက်ကစပြီး အလှူငွေတွေ ပေးပို့နေတာလို့ ဆိုပါတယ်။

"၁၀ ဗူးလောက်ပဲ အောက်ဆီဂျင် ထုတ်နိုင်တယ်။ ဗူးက မလောက်ဘူး။”

အဲဒီ အလှူငွေတွေကို ကပ်ဘေးမှာအသုံးပြုဖို့ ကော်မတီတစ်ရပ်ဖွဲ့ထားပြီး စီမံခန့်ခွဲရေးအတွက် လူမှုရေး ဝန်ကြီးဟောင်း ဦးပေါင်လွန်မင့်ထန်က ဦးဆောင်နေတာ ဖြစ်ပါတယ်။

အိန္ဒိယနယ်စပ်ဖြစ်တဲ့ တီးတိန်မြို့နယ် ရိဒ်ခေါဒါမြို့မှာဆိုရင် ပိုးတွေ့ရှိသူ ၂၀၀ ကျော် အထိရှိနေပြီး သေဆုံးသူ ကတော့ နှစ်ဦး ရှိနေပါတယ်။ အဲဒီရွာမှာဆိုရင် လူ ၂၀ မှာ ၁၅ ယောက်က ပိုးတွေ့နေတယ်လို့ ကိုဗစ်-၁၉ ကူညီကယ်ဆယ်ရေး ဦးဆောင်လုပ်ပေးနေသူ တစ်ဦးက RFA ကို ပြောပါတယ်။

“ဖျားတဲ့သူတွေကို အရင် Test လုပ်တယ်။ positive တွေ့တဲ့အခါမှာ positive တွေ့တဲ့ အနေအထားပေါ့။ တော်တော်များတယ်။ အယောက် ၂၀ မှာ ၁၅ ယောက်လောက်တွေ့တယ်။ အဲဒီရွာကို လူငယ်တွေ ခေါ်ပြီးတော့ Stay Homeပေါ့။ Lockdown လိုမျိုးလုပ်ဖို့ပေါ့။ ပြီးတော့သူတို့ကို ကျွန်တော်တို့ အိမ် သတ်မှတ်ပြီးတော့ အဲမှာထားတယ်။ ဆေးကတော့ ကျွန်တော်တို့ ပါလာနိုင်တဲ့ဆေး အားဆေးတွေ၊ ဆရာဝန်တွေ၊ အထူးကုတွေ လမ်းညွှန်တဲ့ဟာ လေးတွေပေါ့။ အလှူငွေနဲ့ဝယ်ပြီးတော့ သွားပို့တယ်။ ကျွန်တော်တို့ တတ်နိုင်သလောက် အားဆေးနဲ့ဆေးလေးတွေ ကုသပေးတယ်။”

တီးတိန်မြို့မှာ ဇူလိုင် ၁၂ ရက်နေ့က နှစ်ယောက်၊ ဇူလိုင် ၁၃ ရက် နေ့က တစ်ယောက် သေဆုံးခဲ့ပြီး နှစ်လ ကျော်အတွင်း သေဆုံးသူစုစုပေါင်း ၂ဝ ကျော်ရှိသလို တီးတိန်မြို့ပြည်သူ့ ဆေးရုံမှာ လူနာ ၆၅ ယောက် ရှိနေတယ်လို့ မြို့နယ်ကျန်းမာရေးဌာနကနေ တဆင့်သိရပါတယ်။

တီးတိန်မြို့မှာ တစ်ရက်ကိုအောက်ဆီဂျင် ၃၄ ဗူး ထုတ်နိုင်တဲ့စက်ကို အလှူရှင်တွေရဲ့ငွေနဲ့ တည်ဆောက် ထားပြီး ဇူလိုင် ၁ ရက် နေ့ကစလို့ လည်ပတ်နေပါတယ်။ လက်ရှိမှာတော့ တစ်ရက်ကို အောက်ဆီဂျင် ၁၀ ဗူးပဲ ဖြည့်နိုင်သေးတယ်လို့ တီးတိန်မြို့ ကိုဗစ် ကာကွယ်ထိန်းချုပ်ရေး ကော်မတီက စေတနာ့ဝန်ထမ်း တစ်ဦးက RFA ကိုပြောပါတယ်။

“ Test Kit တွေကျတော့ ပြည်သူတွေဆီကနေပဲ လုပ်ထားတယ်။ ပြည်သူဘက်ကနေပေါ့။ အဲလိုပဲ လုပ်ထားတာ။ နောက်ပြီးတော့ အောက်ဆီဂျင်ပိုင်းက အရင်အစိုးရက လူမှုရေးဝန်ကြီး ဦးပေါင်လွန် မင့်ထန်နဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေပေါ့။ သူများဆီမှာ အကူအညီတောင်းပြီးတော့ အလှူခံတာ။ အစိုးရက လုပ်ပေးတာ မဟုတ်ဘူး။ ဆေးရုံမှာကျတော့ CDM မဝင်တဲ့ ဆရာ၊ ဆရာမတွေ သူတို့က တော့လုပ်တယ်။ အပြင်မှာတော့ စေတနာ့ဝန်ထမ်း လူငယ်တွေနဲ့ပဲ လည်ပတ်နေတယ်။ ၃၄ ဗူးလို့ ပြောတယ် အစကတော့။ တကယ့် တကယ်ကျတော့ ၁၀ ဗူးလောက်ပဲ အောက်ဆီဂျင် ထုတ်နိုင်တယ်။ ဗူးက မလောက်ဘူး။”

တီးတိန်ရဲ့တောင်ဘက် ဟားခါးမြို့မှာတော့ ပိုးတွေ့သူ ၁၀၀ ကျော်ရှိနေပြီး သေဆုံးသူက လေးဦးအထိ ရှိနေပါတယ်။ ဖလမ်းမြို့မှာလည်း သေဆုံးသူ ၃၁ ဦး အထိ ရှိနေပြီဖြစ်ပါတယ်။

တွန်းဇံ၊ တီးတိန်၊ ဖလမ်း၊ ဟားခါးနဲ့ ထန်တလန်မြို့တွေကို စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေး ဝန်ကြီးဌာနက Stay At Home အိမ်မှာနေကြဖို့ သတ်မှတ်ကြေညာထားပြီး တီးတိန်၊ ဖလမ်းနဲ့ ရိဒ်ခေါဒါ မြို့တွေမှာတော့ ဒေသခံမြို့မိမြို့ဖတွေက အသွားအလာ ပိတ်ပင်ကန့်သတ်ထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါစတင်တွေ့ရှိတဲ့ ၂၀၂၀ မတ်လကနေ ၂၀၂၁ ဇူလိုင်လ ၁၂ ရက်နေ့ အထိ ပိုးတွေ့သူ နှစ်သိန်းနီးပါးရှိနေပြီး သေဆုံးသူ ၃,၉၂၇ ရှိနေပြီလို့ စစ်ကောင်စီရဲ့ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

RFA Burnese

(ဖလမ်းမြို့မှာ ကိုဗစ်ကြောင့် သေဆုံးသူကို ၂၀၂၁ ဇူလိုင် ၉ ရက်နေ့က သုသာန်ပို့ဆောင်စဉ်)


ချင်းပြည်နယ်မှာ ကိုဗစ်-၁၉ ကပ်ဘေးကို ကိုယ်ထူကိုယ်ထ ရုန်းကန်ဖြေရှင်းနေရ ချင်းပြည်နယ်မှာ ကိုဗစ်-၁၉ ကပ်ဘေးကို ကိုယ်ထူကိုယ်ထ ရုန်းကန်ဖြေရှင်းနေရ Reviewed by THITHTOOLWIN on 20:48 Rating: 5

No comments:

Powered by Blogger.