VOM သတင်းဌာနတည်ထောင်သူနဲ့ သတင်းထောက် ပြန်လွတ်



Share/Bookmark
Voice of Myanmar သတင်းဌာန တည်ထောင်သူ ဦးနေလင်းနဲ့ သတင်းထောက် ဦးရှိုင်းအောင် (ဓာတ်ပုံ- သစ်ခတ်သံလွင်)

ဧပြီလ ၂၇ ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ မန္တလေးအခြေစိုက် Voice of Myanmar သတင်းဌာန တည်ထောင်သူနဲ့ သတင်းထောက်တို့ ဒီနေ့ ပြန်လွတ်လာပါတယ်။ ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲထားတဲ့ သူတို့အမှု ဒီနေ့ရုံးချိန်းမှာ တရားလိုဘက်က အမှုပိတ်သိမ်းခဲ့တာမို့ ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ မိသားစုဝင်တဦးကပြောပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းအပြည့်အစုံကို မဆုမွန်ကပြောပြပါမယ်။

Voice of Myanmar သတင်းဌာန တည်ထောင်သူ ဦးနေလင်းနဲ့ သတင်းထောက် ဦးရှိုင်းအောင်တို့ကို မေးမြန်းစရာရှိတယ်ဆိုပြီး ဧပြီ ၂၇ ရက်နေ့မှာ ရဲစခန်းကို ခေါ်သွားပြီးတဲ့နောက် ဖမ်းဆီးလိုက်တာပါ။

တပ်မတော်ကို အကြည်ညိုပျက်အောင် လုပ်ဆောင်မှုဆိုတဲ့ ပုဒ်မ ၅၀၅ (က) နဲ့တရားစွဲထားတဲ့ သူတို့အမှုတွေအတွက်ဒီကနေ့နေ့လည် ရုံးချိန်းမှာ နှစ်ဦးလုံးရဲ့အမှုတွေကို တရားလိုဘက်က ပိတ်သိမ်းလိုက်တဲ့အတွက် ပြန်လွတ်လာတာဖြစ်တယ်လို့ ဦးနေလင်းရဲ့ဇနီးဖြစ်သူက ဗွီအိုအေကို အတည်ပြုပြောပါတယ်။

"အမှုရုပ်သိမ်းပေးလိုက်တယ်။ အမှုရုပ်သိမ်းပြီး လွှတ်ပေးလိုက်တယ်ပေါ့။ တရားသေတရားရှင်တွေကျတော့လေ အမရှေ့နေနဲ့မေးမှသိရမယ်။ ကိုနေလင်းလည်း အခုမှအိမ်ပြန်ရောက်တယ်။ နှစ်ယောက်စလုံးကျန်းကျန်းမာမာ ကောင်းကောင်းမွန်မွန်ပဲ။ ဒီနေ့ကရုံးချိန်းလေ ရုံးချိန်းဆိုတော့ ထောင်တွင်းရုံးချိန်းဆိုတော့ အရင်လဲ ထောင်ဝင်စာသွားတာပေါ့။ သွားတဲ့အခါကျတော့ ရုံးချိန်းက ၁၂ နာရီနောက်ပိုင်းပဲ ထုတ်တာဆိုတော့ ၂ နာရီလောက်မှစစ်တာ စစ်ပြီးတော့မှ ရှေ့နေထွက်လာတော့မှ ကိုနေလင်းတို့ကို အမှုပိတ်လိုက်တယ်။ ပြန်လွတ်မယ် စောင့်ရမယ်ဆိုပြီးစောင့်နေတာ နောက်အဲဒီထဲမှာ လုပ်စရာရှိတာတွေသူတို့ထောင်ထဲပစ္စည်းလေးတွေသိမ်းလုပ်နေကြတာ.ပြီးလွတ်လာတာပေါ့။"

မြန်မာနိုင်ငံသတင်းတွေကို အွန်လိုင်းပေါ်မှာ တင်ပြနေတဲ့ Voice of Myanmar သတင်းဌာနက အယ်ဒီတာချုပ် ကိုနေလင်းလို့သိကြတဲ့ ဦးနေမျိုးလင်းနဲ့ သတင်းထောက် ဦးရှိုင်းအောင်တို့ကို ဧပြီလက ဖမ်းဆီးခဲ့ပြီးနောက် ၃ ကြိမ်ထက်မနည်း ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ဒီကနေ့ရုံးချိန်းအပြီးမှ ာအခုလိုလွှတ်ပေးလိုက်တာဖြစ်ပေမဲ့ ဘယ်လိုအခြေအနေနဲ့ လွှတ်ပေးလိုက်သလဲ အသေးစိတ်တော့ အသေအချာ မသိရဘူးလို့ ကိုနေလင်းရဲ့ ဇနီးဖြစ်သူကပြောပါတယ်။

"အမအနေနဲ့ကတော့ သတင်းသမား သတင်းအလုပ်လုပ်တာပဲလေ။ ဘာမှလည်းလုပ်တာ မရှိတာမို့ ပြန်လွတ်လာတယ်လို့ပဲပြောချင်တယ်။ ကျန်တာကတော့ ဘာမှထွေထွေထူးထူး မပြောချင်တော့ပါဘူး။"

ဧပြီ ၂၇ ရက်နေ့က ဖမ်းဆီးခဲ့ပြီးတဲ့နောက် မန္တလေးနန်းတော်ထဲမှာ ရက်အတော်ကြာ စစ်ဆေးမေးမြန်းခံခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း မိသားစုနဲ့တွေ့ခွင့်လုံးဝမရခဲ့ဘဲ မေလဆန်းလောက်မှာ ပုဒ်မတပ်ပြီး မန္တလေးအိုးဘိုထောင်မှာ ထိန်းသိမ်းခဲ့တာပါ။

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ထဲက သတင်းထောက်အယောက် ၈၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး အယောက် ၄၀ ထက်မနည်း ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်ပါတယ်။ ၁၀ ယောက်ထက်မနည်းကတော့ ဖမ်းဝရမ်း ထုတ်ခံထားရပါတယ်။ လက်ရှိချိန်မှာ တချို့ ဖမ်းဆီးခံရတဲ့ သတင်းသမားတွေကိုတော့ ပုဒ်မ ၅၀၅ (က) လိုပုဒ်မတွေနဲ့ ထောင်ချအပြစ်ပေးတာတွေလည်းရှိပါတယ်။ မဇ္စျိမ၊ ဒီဗီဘီ စတဲ့ သတင်းလုပ်ငန်းကြီးတွေအပါအဝင် သတင်းလုပ်ငန်း ၈ ခုရဲ့ လုပ်ငန်းလည်ပတ်ခွင့်ကိုလည်း စစ်ကောင်စီက ရပ်ဆိုင်းထားပါတယ်။


မဆုမွန်/ VOA Burmese

https://burmese.voanews.com/a/voice-of-Myanmar-founder-and-reporter-were-released-/5932508.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ