SSPP အလိုမရှိကြောင်း ဆန္ဒပြချီတက်ချိန် ဗုံးခွဲခံရ (၂)ဦးသေဆုံး၊ (၂)ဦး ဒဏ်ရာပြင်းထန်


ဇွန် (၂၈) ရက် ၂၀၂၁

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ ဒေသခံ တထောင်ကျော်သည် ယနေ့(ဇွန် ၂၈)ရက် နေ့လည် ၁နာရီကျော်တွင် SSPP/SSA ကို အလိုမရှိကြောင်း  ဆန္ဒပြနေစဉ်အတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားကာ  အမျိုးသား (၂)ဦးသေဆုံးပြီး၊ ဒဏ်ရာပြင်းထန်ရသူများလည်း ရှိကြောင်း စုံစမ်းသိရသည်။

ယနေ့ နေ့လည် (၁) နာရီခန့်က နမ့်ခမ်းမြို့ဒေသခံ (၁၀၀၀) ကျော်သည် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် ( SSPP/SSA) ကို အလိုမရှိကြောင်း နမ့်ခမ်းမြို့လယ်တွင် လမ်းလျှောက်ဆန္ဒပြနေစဉ် လူအုပ်အနီး ဗုံး (၄) လုံးပေါက်ခွဲခဲ့ရကြောင်း သတင်းရရှိသည်။

“လူ (၂) ယောက် ဆိုင်ကယ်စီးလာပြီး ဗုံးပေါက်ခွဲသွားတယ်။ သေတဲ့ (၂) ယောက်ဆီမှာ ပစ္စတိုသေနတ်လည်းပါလာတယ်။ ၂ယောက်က တော့ တော်တော်ဒဏ်ရာရသွားတယ်။ ခြေထောက်တွေ တော်တော်ပျက်စီးသွားတယ်” ဟု နမ့်ခမ်းဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ဆန္ဒပြသည့် ပြည်သူများ ပတ်ဝန်းကျင်မှာ ဗုံး (၄) လုံးပေါက်ကွဲသဖြင့် သေဆုံးသူ (၂) ဦးရှိပြီး ထိခိုက်ဒဏ်ရာ ရရှိသူ (၂) ဦးရှိကြောင်း၊ ထိုဗုံးလာခွဲသူ(၂)ဦးလည်း သေဆုံးသွားသဖြင့် ထိုလာခွဲသည့် သူသည် မည်သည့် လက်နက်ကိုင်တပ်ဖွဲ့က ဖြစ်သည်ကို မသိရှိရကြောင်းလည်း နမ့်ခမ်းဒေသခံ အသက် (၄၀) ကျော် အမျိုးသားတစ်ဦး က ပြောသည်။ 

“ဘယ်သူလာပစ်တဲ့ ဗုံးလဲဆိုတာ ပြောရခက်တယ်။ လာခွဲတဲ့သူကလည်း သေသွားတယ်ဆိုတော့ ဘယ်အဖွဲ့က လဲဆိုတာ ပြောရခက်တယ်။ ဒီ ဆန္ဒပြပွဲ့တော့ SSPPအလိုမရှိကြောင်း၊ SSPP ဖမ်းဆီးပြီးသေဆုံးတဲ့ မန်ဆွမ်းရွာသားအလောင်း ပြန်ပေးဖို့တောင်းတာပါ”  ဟု  ၎င်းက ဆိုသည်။

ဆန္ဒပြသူများသည် SSPP ကို အလိုမရှိကြောင်း၊ SSPP ကို မထောက်ခံကြောင်း၊ သျှမ်းစစ်တပ်ထဲ ဝင်တာ သျှမ်းပြည်သူပြည်သားများကို သတ်ဖို့မဟုတ်ကြောင်း စသည့် ကြွေးကြော်သံများဖြင့် ချီတက်ဆန္ဒပြကြသည်။

SSPP/SSA မှ မေ (၃၁)ရက် တွင် နမ့်ခမ်းမြို့နယ် မန်ဆွမ်းကျေးရွာသား အသက် (၅၀)အရွယ်ရှိ စိုင်းစံခမ်းအိုက်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ဇွန် ၂၆ ရက်တွင် သွေးတိုးရောဂါကြောင့် သေဆုံးသွားကြောင်း မိသားစုဝင်များကို အကြောင်းကြားခဲ့သည်။

ထိုအကြောင်းကြားလာပြီးနောက် သေဆုံးသွားသည့် စိုင်းစံခမ်းအိုက်၏ အလောင်းကို မိသားစုဝင်များက ပြန်လိုချင်သည့်အတွက် ဇွန် (၂၇)ရက် ည ၈နာရီကျော်တွင် ထုန့်မောဝ်း (ရွှေလီမြစ်ဝှမ်း) SSPP/SSA ရုံးရှိသည့်နေရာကို သွားရောက် ဆန္ဒပြ တောင်းဆိုခဲ့သည်။

ထိုသေဆုံးသွားသည့် စိုင်းစံခမ်းအိုက်၏ အလောင်းကို SSPP/SSA မှ ယနေ့ချိန်ထိ မထုတ်ပေးသည့်အတွက် နမ့်ခမ်းပြည်သူများက ယနေ့ နေ့လည်တွင် ထပ်မံ ဆန္ဒပြခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဆန္ဒပြသည့် လူအုပ်ကြား ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် တစ်နာရီ အကြာတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်များက လာရောက်က မပေါက်သေးသည့် ဗုံးများကို ရှင်းလင်းပေးခဲ့သေးကြောင်း သိရသည်။

သျှမ်းမြောက် ရွှေလီမြစ်ဝှမ်း (ထုန့်မောဝ်း) ဒေသအတွင်းနေထိုင်သည့် ပြည်သူများကို  သျှမ်းတပ် (၂)တပ် ဖြစ်သည့် RCSS/SSA နှင့် SSPP/SSAတို့က သူလူ၊ကိုယ့်လူ ဟု ပြောဆိုကာ ဖမ်းဆီးမှု၊ သတ်ဖြတ်မှုများလည်း ရှိနေသဖြင့် ဒေသခံပြည်သူများက စိုးရိမ်ထိတ်လန့်မှုရှိနေကြောင်းသိရသည်။

“ ဒီဒေသမှာ က ဟိုဘက်လူ၊ ဒီဘက်လူဆိုပြီး ပြောကြတယ်။ နောက်ဖမ်းတယ်။ ဒီလို ဖြစ်တဲ့ကိစ္စတွေ ကို တပ်(၂)တပ် အနေနဲ့ ဖြေရှင်းပေးဖို့လိုတယ်။ မဟုတ်ရင် ပြည်သူတွေပဲ ထိခိုက်မယ်” ဟု နမ့်ခမ်းဒေသခံတစ်ဦးက ပြောသည်။

မေ (၃၁) ရက် တွင် သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မှ ထုန်မောဝ်ဒေသ (၁၉) ရွာရှိ ပြည်သူ (၄) ဦးကို ဖမ်းဆီးသွားပြီး ဇွန် (၃) ရက်နေ့တွင် (၃) ဦးကို ပြန်လွှတ်လာပြီး စိုင်းစံခမ်းအိုက် ကို ပြန်လည် လွှတ်ပေးခဲ့ခြင်း မရှိကြောင်း သိရသည်။


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

SSPP အလိုမရှိကြောင်း ဆန္ဒပြချီတက်ချိန် ဗုံးခွဲခံရ (၂)ဦးသေဆုံး၊ (၂)ဦး ဒဏ်ရာပြင်းထန် SSPP အလိုမရှိကြောင်း ဆန္ဒပြချီတက်ချိန် ဗုံးခွဲခံရ (၂)ဦးသေဆုံး၊ (၂)ဦး ဒဏ်ရာပြင်းထန် Reviewed by THITHTOOLWIN on 23:28 Rating: 5

No comments:

Powered by Blogger.