ဗိုလ်ချုပ်ကြီးယွက်စစ် PPST ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်လိုကြောင်း စာပေးပို့

ဗိုလ်ချုပ်ကြီးယွက်စစ် PPST ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်လိုကြောင်း စာပေးပို့ RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်ကို တွေ့ရစဉ် / Photo: NCA-S EAO

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ခေါင်းဆောင် ဗိုလ်ချုုပ်ကြီး ယွက်စစ်ဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ဥက္ကဋ္ဌ တာဝန်ကနေ နုတ်ထွက်လိုကြောင်း ဇွန် ၂၉ ရက် မနေ့က စာပို့ခဲ့တယ်လို့ PPST ဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက RFA ကို ပြောပါတယ်။

PPST ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုး ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့နဲ့ စုဖွဲ့ထားတာဖြစ်ပြီး KNU ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနုတ်ထွက်ပြီးနောက် ဗိုလ်ချုပ်ကြီးယွက်စစ်က ယာယီဥက္ကဋ္ဌအဖြစ် တာဝန် ယူထားတာပါ။

“ နုတ်ထွက်ခွင့်ပြုဖို့ PPST တခြားခေါင်းဆောင်တွေကို မေတ္တာရပ်ခံတာပါ။ ရှမ်းပြည်ကိစ္စ၊ ရှမ်းအမျိုးသား ကိစ္စတွေ ဆောင်ရွက်ရမယ် ဒါ့ကြောင့် သူအချိန်မပေးနိုင်ဘူးလို့ အကြောင်းပြပါတယ်။ သူက နုတ်ထွက်ခွင့် ပြုဖို့ မေတ္တာရပ်ခံတော့ ကျန်တဲ့ ၉ ဖွဲ့က မထွက်ပါနဲ့ဦး တိုင်းရင်းသားညီလာခံအထိ စောင့်ပါဦးဆိုပြီး ပြန်မေတ္တာရပ်ခံလည်းရတာပေါ့။ ဘယ်လိုဖြစ်မလဲဆိုတာ အစည်းအဝေးကျတော့သိမယ်”လို့PPST အဖွဲ့ဝင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။

PPST ရဲ့ ၂၀၂၁ ခုနှစ်အတွက် ၁၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဇူလိုင် ၁ ရက် နဲ့ ၂ ရက်နေ့တွေမှာ အွန်လိုင်းကတဆင့် ပြုလုပ်သွားဖို့ရှိနေပြီး အဲဒီအစည်းအဝေးမှာ ဗိုလ်ချုပ်ကြီး ယွက်စစ်ရဲ့တင်ပြချက်အပေါ် ဆွေးနွေးဆုံးဖြတ်သွားဖို့ရှိတယ်လို့ သူက ပြောပါတယ်။

ဗိုလ်ချုပ်ကြီးယွက်စစ်ဟာ ၂၀၁၉ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့က စတင်ပြီး PPST ရဲ့ ယာယီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တာကြောင့် အခုဆိုရင် နှစ်နှစ်ကျော်ပြီဖြစ်ပါတယ်။

ယာယီအဖွဲ့ခေါင်းဆောင်၏ သက်တမ်းကို စတုတ္ထအကြိမ်မြောက် NCA-S EAO Summit ကျင်းပပြီးစီးတဲ့ အချိန်အထိ သတ်မှတ်ထားပါတယ်။ ၂၀၁၉ မေလမှာ စတုတ္ထအကြိမ်မြောက် NCA-S EAO ညီလာခံ ပထမပိုင်း ကို ပြုလုပ်ခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ အပါအဝင် နိုင်ငံရေး အကြပ်အတည်းတွေကြောင့် ညီလာခံ ဒုတိယပိုင်းကို ခုချိန်အထိ မကျင်းပနိုင်သေးတာ ဖြစ်ပါတယ်။

NCA-S EAO တွေရဲ့ ညီလာခံဒုတိယပိုင်းကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ဒါမှမဟုတ် နိုဝင်ဘာလလောက်မှာ ပြုလုပ်ဖို့ PPST အဖွဲ့ဝင်တွေအကြား သဘောတူညီချက် ရှိထားပါတယ်။

ဒါ့ကြောင့် ယာယီဥက္ကဋ္ဌ ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးယွက်စစ်က နုတ်ထွက်မယ်ဆိုရင် ညီလာခံဒုတိယပိုင်း ကျင်းပ ပြီးတဲ့အထိ တာဝန်ယူပေးဖို့ ယခင်က ဥက္ကဋ္ဌဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးကိုပဲ ပြန်လည်တာဝန် ပေးနိုင်ဖွယ်ရှိနေတယ်လို့ PPST အဖွဲ့ဝင်တချို့က ပြောဆိုပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/ppst-chairman-request-to-resign-06302021064327.html

ဗိုလ်ချုပ်ကြီးယွက်စစ် PPST ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်လိုကြောင်း စာပေးပို့ ဗိုလ်ချုပ်ကြီးယွက်စစ် PPST ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်လိုကြောင်း စာပေးပို့ Reviewed by THITHTOOLWIN on 21:02 Rating: 5

No comments:

Powered by Blogger.