စစ်ကိုင်းဘက် ကျေးရွာနှစ်ရွာအနီး စစ်တပ်နဲ့ PDF တိုက်ပွဲဖြစ်


စစ်ကိုင်းဒေသကြီး ကသာမြို့ မိုးတားကြီး ကျေးရွာနဲ့ ဆင်ကူး ကျေးရွာတွေနားမှာ စစ်တပ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ဒီနေ့ ဇွန် ၂၄ ရက်နေ့ မနက်ပိုင်းကတည်းက တိုက်ပွဲပြင်းထန်စွာ ဖြစ်နေလို့ ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။ စစ်ကိုင်းတိုင်းထဲကပဲ မင်းကင်းမြို့အနီးက ကျေးရွာတွေမှာလည်း စစ်ကောင်စီတပ်တွေနဲ့ မင်းကင်း PDF တို့ တိုက်ပွဲဖြစ်ပွားပါသေးတယ်။ ဒီအကြောင်း အပြည့်အစုံ ရန်ကုန်က လာတဲ့ သတင်းကို ကိုကျော်ကျော်သိန်းကပြောပြပါမယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့ အနီးက မိုးတားကြီး ကျေးရွာ နဲ့ ဆင်ကူးကျေးရွာအနီးမှာ ဒီနေ့ တိုက်ပွဲတွေ ပြင်းထန်လို့ ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ဖြစ်တဲ့ တိုက်ပွဲတွေက ကသာပြည်သူ့ကာကွယ်ရေး PDF အဖွဲ့၊ ကချင်လက်နက်ကိုင် KIA ပူးပေါင်းအဖွဲ့တို့နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ခိုက်နေတာဖြစ်တယ်လို့ ကသာမြို့ ဒေသခံတဦးက အခုလိုပြောပါတယ်။

“၈ နာရီခွဲကတည်းက စဖြစ်တာ စစ်ကောင်စီတပ်ဖွဲ့တွေက နယ်မြေမှာ စစ်ကြောင်းထိုးနေရင်းနဲ့ ဒေသခံ PDF နဲ့ KIA ပူးပေါင်း အဖွဲ့ကနေမှ ထိပ်တိုက်တွေ့ကြတော့ ပစ်ကြတာပါပဲ။ ညောင်ပင်အုပ်စု ဆင်ကူးရွာရဲ့ အထက်နားလေးပဲ မဝေးဘူး။ ဆင်ကူးရွာရဲ့ အစွန်နားလေးပေါ့ လယ်ကွင်းအစပ်လေးမှာ တောအစပ်လေးမှာ ဖြစ်တာပါ။ စစ်ကောင်စီက အဲ့ဒီရွာတွေကို နေ့တိုင်းလိုလို ဝင်နေတာပေါ့ မိုးတားကြီးတို့ ဟဲနားတို့ သွားလာတဲ့ ဆိုင်ကယ်တွေ ကားတွေကို ရပ်ပြီးတော့ လူတွေရဲ့တယ်လီဖုန်းတွေအကုန်လုံး စစ်နေတယ်လေ။ စစ်နေတဲ့အချိန်မှာပဲ ဒီနေ့မှာပဲ မိုးတားကြီးကနေမှာ ညောင်ပင် ဆင်ကူးဘက်ကို စစ်ကြောင်းနဲ့ တက်သွားတာ။ တက်သွားတဲ့အချိန်မှာ ခုနက PDF နဲ့ KIA ပူးပေါင်း အဖွဲ့နဲ့ တွေ့တာပေါ့။ အဲ့ဒီမှာ ပစ်တော့ သူတို့တကြိမ် ၁၀ နာရီလောက်မှာ အပစ်ခတ်တွေ ရပ်သွားသေးတယ်။ အခုညနေ ၃ နာရီထိုးပြီးတော့ တကြိမ် ထပ်ဖြစ်တယ်။ တကြိမ်ပြန်ဖြစ်တော့ စစ်ကောင်စီဘက်က အကျအဆုံး တော်တော်များတယ်ဆိုတဲ့ သတင်းထွက်လာခဲ့တယ်။ ကောက်လို့လည်းမရသေးဘူး အခုချိန်ထိ အစောက ကောက်နေရင်းနဲ့ မှ ခဏနားသွားတာကနေ အခု ၅ မိနစ်လောက်မှာပဲ မိုးတားကြီးနားမှာ တခါထပ်ပစ်နေပြန်ပီ။ တော်တော်ပြင်းထန်တယ်။ လက်နက်ကြီးတွေ တော်တော်လည်း သုံးတယ်။ တော်တော်သုံးတော့ တိရစ္ဆာန်တွေမှာလည်း လက်နက်ကြီးထိမှန်တယ်ဆိုတဲ့ သတင်းလည်း ကျွန်တော်တို့ကို လှမ်းပြောတယ်။ လူတွေကတော့ အထိတ် တလန့်နဲ့ အကုန်လုံး ပတ်ဝန်းကျင်မှာ မိုးရာသီ အခင်းစိုက်တဲ့သူတွေလည်း ထွက်ပြေးကြတယ်။”

ခုလို PDF အဖွဲ့နဲ့ ပူးပေါင်းပြီး တိုက်တယ်ဆိုတာနဲ့ပါတ်သက်လို့ KIA ကိုဗီအိုအေက ဆက်သွယ်မေးပေမဲ့ ဖြေကြားခြင်းမရှိပါဘူး။ ထူးခြားတဲ့ ဖြစ်စဉ်ဘာမှမရှိဘူးလို့သာ ဒီနေ့ အစောပိုင်းက တုံ့ပြန်ပါတယ်။ ဒီနေ့တိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဖက်က တစုံတရာ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်မှာ ဇွန်လ ၂၂ ရက်နေ့က နေအိမ်တခုဝင်စီးနင်းမှုနဲ့ ပါတ်သက်လို့ စစ်ကောင်စီက ထပ်မံ ထုတ်ပြန်တာမှာတော့ ဖမ်းမိသူတွေရဲ့ ထွက်ဆိုချက်အရ သေဆုံးခဲ့သူတွေထဲက ၂ ယောက်ဟာ KIA အဖွဲ့က ဗိုလ်အဆင့်ရှိသူ ထူးဖိုးနဲ့ကိုရိုင်းတို့ပါတယ်လို့ပြောထားပါတယ်။

မနက်အစောပိုင်းကတည်းက ဆင်ကူးကျေးရွာနားမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေက ညနေ ၆ နာရီကျော်တဲ့အထိ ပစ်ခတ်နေဆဲလို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲတွေကြောင့် မိုးတားကြီး မိုးတားလေး နမ့်စမ်း ဆင်ကူး ရွှေကျောင်းကုန်း ဟဲနား စတဲ့ ကျေးရွာတွေက ဒေသခံ ၃ ထောင်ကျော်ဟာ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေး ခိုလှုံနေကြရပါတယ်။

မေလ ၃၀ ရက်ကလည်း မိုးတားကြီး ကျေးရွာနားမှာပဲ စစ်တပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF ၊ ကချင်လက်နက်ကိုင်အဖွဲ့ KIA ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲတွေဖြစ်ခဲ့ပါသေးတယ်။

စစ်ကိုင်းတိုင်းထဲမှာပဲ မင်းကင်းမြို့နဲ့ မိုင် ၂၀ လောက်ဝေးတဲ့ စမြင်ကြီး ကျေးရွာနဲ့ သံပေါက် ကျေးရွာတွေမှာလည်း စစ်ကောင်စီတပ်တွေနဲ့ မင်းကင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ဒီနေ့ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ မင်းကင်းမြို့ခံ တဦးက

“မနက်ပိုင်းက သူတို့တပ်စွဲထားတဲ့ ပန်းဆက်ဆိုတဲ့ ရွာကနေ မြစ်တဖက်ကမ်း စမြင်ကြီးဆိုတဲ့ရွာကို ဝင်ရောက်ရှာဖွေပြီးမှ ဝင်စီးတယ်ခင်ဗျ။ အဲ့စီးနေတဲ့အချိန်မှာ ဒေသခံ PDF တွေနဲ့ ခဏတိုက်ပွဲဖြစ်ပွားတယ်။ သူတို့ဘက်က လက်နက်ကြီး ၁၀ ချက်ကျော် ၁၅ ချက်လောက် ပစ်တယ်လို့ သိရတယ်။ အဲ့ဒါပြီးတော့ လက်နက်ချင်း အင်းအားချင်းမမျှလို့ ဒေသခံ PDF တွေက နောက်ပြန် ဆုတ်ပေးလိုက်ရတယ်။ အဲ့ဒါပြီးတော့ သူတို့က စမြင်ကြီးနဲ့ နီးစပ်နေတဲ့ သံပေါက်ဆိုတဲ့ ရွာကို ဝင်ရောက်ရှာဖွေတာတွေ လုပ်နေတယ်။ အဲ့ ၂ ရွာပေါင်း ဒေသခံ ထောင်နဲ့ချီ ထွက်ပြေး တိမ်းရှောင်နေရတယ်။”

ဇွန်လ ၁၅ ရက်နေ့က စပြီး မင်းကင်း PDF တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေဟာ မင်းကင်းနယ်က ကျေးရွာတွေမှာ မကြာခဏဆိုသလို ဝင်ရောက်ရှာဖွေ တပ်စွဲတာတွေပြုလုပ်နေတဲ့အတွက် ဒေသခံ သောင်းနဲ့ချီဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 


ကျော်ကျော်သိန်း/ VOA Burmese

https://burmese.voanews.com/a/clash-between-joint-force-pdf-kia-and-myanmar-military-in-sagaing-division-/5941267.html

စစ်ကိုင်းဘက် ကျေးရွာနှစ်ရွာအနီး စစ်တပ်နဲ့ PDF တိုက်ပွဲဖြစ် စစ်ကိုင်းဘက် ကျေးရွာနှစ်ရွာအနီး စစ်တပ်နဲ့ PDF တိုက်ပွဲဖြစ် Reviewed by THITHTOOLWIN on 05:53 Rating: 5

No comments:

Powered by Blogger.