မင်းကင်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က လေးယောက်သေဆုံးကြောင်း PDF ပြော



စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ပင်တင်းရွာ၊ ဖတ်ခတ်ချောင်းအနားမှာ စစ်ကောင်စီကိုထောက်ခံတဲ့ ပျူစော ထီး အဖွဲ့ဝင်တွေ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်‌တွေနဲ့ စစ်သားတွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့နဲ့ ဒေသခံ မင်းကင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား ဇွန်လ ၁၅ ရက် မနေ့မနက်အစောပိုင်းက တိုက်ပွဲ နှစ်ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အနည်းဆုံးလေးယောက် သေဆုံးတယ်လို့ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ပြောပါတယ်။

စစ်ကောင်စီဘက်က လေးယောက်ထိပြီး တစ်ယောက်ရဲ့ ရုပ်အလောင်းကို ရွာပြင်မှာတွေ့ရတယ်လို့ လုံခြုံရေး အရ အမည်မဖော်လိုတဲ့ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ယောက်က RFA ကို ပြော ပါတယ်။

“မနက်အစောကြီးဖြစ်တယ်။ နှစ်ဘက်ဖြစ်တယ်။ ဆုတ်သွားတယ်။ နေ့ခင်းမှာတစ်ခါထပ်ဖြစ်တယ်။ သူတို့ ဘက်က လေးယောက်တော့ ထိသွားတယ်။ တစ်ယောက်က သေတယ်ဆိုပြီး ရွာအပြင်ဘက်မှာ ချထားတာ တွေ့တယ်။ လေးယောက်တော့ အနည်းဆုံးသေမယ်။ သွားတော့ မကြည့်နိုင်ဘူးလေ။ သူတို့က တောင် အောက်က ပစ်တာ။ ဒီဘက်က တောင်ပေါ်ကပစ်တာ။ PDF ကတော့ ဘာမှမဖြစ်ဘူး”

အရင်က စစ်ကိုင်းတိုင်း ယင်းမာပင်နဲ့ ကနီဘက်မှာ အင်အားဖြည့်ထားလေ့ရှိတဲ့ စစ်ကောင်စီတပ်တွေဟာ ဒီရက်ပိုင်းမှာတော့ မင်းကင်းဘက်ကိုရောက်နေပြီး ရွာတွေကို ဝင်ရောက်ဖျက်စီးတာတွေရှိလို့ ပြည်လည် ခုခံရင်း တိုက်ပွဲဖြစ်တာလို့ သူကပြောပါတယ်။

တိုက်ပွဲမှာ သေဆုံးထိခိုက်မှုနဲ့ ပတ်သက်လို့ အတိအကျသိနိုင်ဖို့ စစ်ကောင်စီပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းဆက်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

    "စားစရာမရှိလို့ အိမ်သွားယူမယ်ဆိုလည်း မရှိတော့ဘူး။ စစ်သားတွေက အကုန်သယ်သွားကြတယ်တဲ့"

မင်းကင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကပြောတဲ့ သေဆုံးသူအနည်းဆုံး တစ်ယောက်ရဲ့ ရုပ်အလောင်းကို တွေ့ပြီး လေးယောက်သေဆုံးတာ ဖြစ်နိုင်တယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့လည်း လက်ရှိ အခြေ အနေအရ RFA က သီးသန့်အတည်မပြုနိုင်သေးပါဘူး။

မင်းကင်းမြို့နယ်က ယင်းမာ၊ တောင်စာရေး၊ ကြာပင်၊ ပိက္ခရား၊ မြေနီ စတဲ့ရွာတွေကို အခုလ ၁၂ ရက်နေ့က စစ်ကောင်စီတပ်တွေ ဝင်ရောက်တဲ့အခါမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်အချို့က စစ်ဝတ်စုံ တွေဝတ်ဆင်ပြီး အတူပူးပေါင်းပါဝင်ခဲ့တာကြောင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို အကြမ်းဖက် အုပ်စုဝင်အဖြစ် သတ်မှတ်တယ်လို့ အဲဒီနေ့မှာပဲ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ကြေညာထား ပါတယ်။
minking-villager.jpeg
(မင်းကင်းမြို့နယ်က ရွာတွေထဲ စစ်ကောင်စီတပ်စွဲထားလို့ ထွက်ပြေးနေကြရတဲ့ ဒေသခံများ) Photo CJ

မင်းကင်းမြို့နယ်ဟာ ကြံ့ခိုင်ရေးပါတီ အားကောင်းတဲ့မြို့နယ်ဖြစ်ပြီး၊ ၂၀၂၀ ရွေးကောက်ပွဲကာလကတည်းက NLD ပါတီနဲ့ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တဲ့မြို့နယ်ဖြစ်ပါတယ်။ အခုအခါမှာတော့ စစ်ကောင်စီကို ကြံ့ခိုင်ရေးပါတီ ဝင်တွေနဲ့ ဝန်းရံအားဖြည့်နေတဲ့မြို့လည်းဖြစ်ပါတယ်။

ပျူစောထီးအဖွဲ့တွေနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေက စစ်ဝတ်စုံဝတ်ပြီး၊ စစ်တပ်နဲ့အတူ ပူးပေါင်းပါဝင်လာတာနဲ့ ပတ်သက်လို့ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တစ်ယောက်က အခုလိုပြောပါတယ်။

“ကြံ့ခိုင်ရေးပါတီဝင်တွေ စစ်ပွဲထဲကိုဝင်ပါတယ်။ စစ်ဝတ်စုံတွေဝတ်ပြီးပါတော့ မင်းကင်းက တခြားမြို့နယ် တွေနဲ့ စိန်ခေါ်မှုခြင်းကမတူဘူး။ အာဏာသိမ်းတာကို မင်းကင်းကသူတွေက ဒီပြဿနာကို NLD နဲ့ စစ်တပ် နဲ့ ပြသနာလို့ထင်နေတုံး။ ပျူစောထီးခေါင်းဆောင်က ကြံံ့ခိုင်ရေးပါတီက ၂၀၁၅ တိုင်းကိုယ်စားလှယ် ဦးဆန်းဝင်း၊ တချို့ရွာတွေမှာ လက်နက်တွေပေးထားပြီး ညပိုင်းတွေ လက်နက်တွေနဲ့ လှည့်နေတာ”

ဒီပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ သဘောထားသိနိုင်ဖို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်ကို RFA က တယ်လီဖုန်းနဲ့ရော အင်တာနက်အွန်လိုင်းကတဆင့် ဆက်သွယ်မေးမြန်းတဲ့ အခါ အထက်က ပါတီခေါင်းဆောင်တွေရဲ့  ခွင့်ပြုချက်မရသေးတာကြောင့် လောလောဆယ် မဖြေနိုင်သေး ကြောင်း ပြန်လည်ရှင်းပြပါတယ်။

စစ်ကိုင်းတိုင်းမှာ ဖေဖော်ဝါရီ ၁ ရက်ကနေ ဇွန်လ ၈ ရက်နေ့အထိ၊ လေးလကျော်အတွင်း ကြံ့ခိုင်ရေးပါတီဝင် ၆၀ ထက်မနည်း အသတ်ခံခဲ့ရတယ်လို့ စစ်ကိုင်းတိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက သတင်း ထုတ်ပြန်ထားပါတယ်။

“ဥပဒေအကာအကွယ်ကိုအပြည့်အဝ အားကိုးအားထားမပြုနိုင်ပါက ကိုယ့်ကိုကိုယ်ခုခံကာကွယ်ပိုင်ခွင့်ကို အပြည့်အဝကျင့်သုံးခြင်းသည် တစ်ဦးချင်းလုံခြုံရေးအတွက် ရှောင်လွှဲမရသော ရွေးချယ်ရန်နည်းလမ်း ဖြစ်လာပါသည်” လို့ မေလ ၂၈ ရက်နေ့မှာ ကြံ့ခိုင်ရေးပါတီက ထုတ်ပြန်တဲ့ကြေညာချက်တစ်စောင်မှာ ဖော်ပြထားပြီး အဲဒီကြေညာချက်ကို ပါတီဥက္ကဋ္ဌ ဦးသန်းဌေးရဲ့ တရားဝင်ဖေ့စ်ဘွတ်စာမျက်မှာ ဖော်ပြ ထားပါတယ်။

မင်းကင်းမြို့နယ်မှာ စစ်တပ်က လှည့်ပတ်နေတာ သုံးရက်လောက်ကြာပြီဖြစ်လို့ ရွာ ခြောက်ရွာလောက်က ပြည်သူတစ်ထောင်ကျော် ရှောင်ပုန်းနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါဟာ စစ်ကောင်စီတပ်သားတွေက ရွာသားတွေရဲ့ ပစ္စည်းတွေ ထင်သလိုယူသွားကြသလို၊ လက်နက်ကြီး တွေနဲ့ပစ်လို့ ရွာထဲမနေရဲကြဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်းကင်းမြို့နယ်က ဒေသခံတစ်ယောက် က ပြောပါတယ်။

“စားစရာမရှိလို့ အိမ်သွားယူမယ်ဆိုလည်း မရှိတော့ဘူး။ စစ်သားတွေက အကုန်သယ်သွားကြတယ်တဲ့၊ ကြက်တွေ၊ ဝက်တွေရော၊ ဈေးသည်တွေလည်း မလာရဲဘူး။ ဘယ်ဆိုင်မှလည်းမဖွင့်ဘူး။ ကျန်းမာရေးက လူကြီးတွေကတော့ စိတ်ပူရတယ်။”

မင်းကင်းမြို့နယ်မှာ မနေ့ကဖြစ်တဲ့ တိုက်ပွဲတွေဟာ ဒုတိယအကြိမ်ဖြစ်ပြီး၊ ပထမအကြိမ်ကတော့ ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့က ကလေး-ယာကြီးလမ်း မိုင်တိုင် ၆၈ မှာ တိုက်ပွဲစဖြစ်ခဲ့တာလို့ မင်းကင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ကပြောပါတယ်။

RFA Burmese



မင်းကင်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က လေးယောက်သေဆုံးကြောင်း PDF ပြော မင်းကင်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က လေးယောက်သေဆုံးကြောင်း PDF ပြော Reviewed by THITHTOOLWIN on 21:52 Rating: 5

No comments:

Powered by Blogger.