ကျုံပျော်တွင် PDF မဟုတ်သည့် အရပ်သား နှင့် စစ်ကောင်စီတပ်အကြား ပစ်ခတ်မှု ဖြစ်ပွား၊ ဒလန်၏ သတင်းပေးမှုကြောင့်ဟု ဆို


ဇွန် ၅ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ သောင်ကြီးတိုက်နယ်၊ ဇရစ်ရိုး ကျေးရွာအုပ်စု၊ လှေဆွဲကျေးရွာတွင် ဒလန်၏ သတင်းပေးမှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)မဟုတ်သည့် ဒေသခံကျေးရွာလူထု နှင့် စစ်ကောင်စီ တပ်အကြား ယနေ့(ဇွန် ၅ရက်)နံနက်ပိုင်းတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ၎င်းကျေးရွာနှင့် နီးစပ်သူ ဒေသခံ ကျေးရွာသား တစ်ဦးက အတည်ပြုပြောဆိုသည်။

ယခင် ဆန္ဒဖော်ထုတ်မှုများတွင် ပါဝင်သည့် သပိတ်ခေါင်းဆောင်ဟောင်းများကို (စစ်တပ်ထောက်ခံအားပေးသူ) ဒလန်၏ သတင်းပေးမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ကျေးရွာအတွင်း ဝင်ရောက် ဖမ်းဆီးရာ သပိတ် ခေါင်းဆောင်များကို မမိသည့်အတွက် သပိတ်ခေါင်းဆောင်များနှင့် မသက်ဆိုင်သည့် ကျေးရွာလူကြီးများကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းအပေါ် ကျေးရွာသားများ၏ ဝိုင်းဝန်းဟန့်တားရာမှ ပစ်ခတ်မှု ဖြစ်ပွားခြင်းဖြစ်ကြောင်း ၎င်းဒေသခံ က ယခုလိုပြောသည်။

၎င်းက “ဒလန်ကနေပြီးတော့ အရင်သပိတ်မှာဦးဆောင်တဲ့ သူတွေကို လိုက်ပြတာ။ အဲ့လူတွေက တောထဲ ဝင်ပြေးတော့ လိုက်ပစ်တာ။ အဲ့ဒါနဲ့ အဲ့လူတွေကို မမိတော့ ရွာထဲက နည်းနည်း ပိုက်ဆံရှိတဲ့သူတွေကို ဓားစာခံ အနေနဲ့ ဖမ်းပြီး ငွေညစ်တာ။ အဲ့ဒါ ရွာသားတွေက မခံနိုင်လို့ ပြန်ဝိုင်းတော့ အဲ့မှာ ပစ်ကြတာပဲ။ မနက် ၄ နာရီ လောက်က ရောက်လာတယ်။ ပြီးတော့ ၇ နာရီ ၈ နာရီလောက်က ပစ်ကြတော့တာပဲ။ ဘာ PDF မှမဟုတ်ဘူး။ ရွာသားတွေက လေးခွ တို့ ဂျင်ကလိတို့နဲ့ပဲ ပြန်ပစ်တာ။ လောလောဆယ်အထိ ကြားထားတာက ၃ယောက် သေ သွားတယ်တဲ့” ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် လတွင်လည်း အဆိုပါ သပိတ်မှောက် ခေါင်းဆောင်များကို လာရောက်ဖမ်းဆီးရာတွင် ဒေသခံ ရွာသားများ၏ ဝိုင်းဝန်းဟန့်တားသည့်အတွက် အင်အားမမျှ၍ မဖမ်းဆီနိုင်ဘဲ ၎င်းအပေါ်မကျေနပ်ခြင်းကြောင့် ယခုတစ်ကြိမ် ဒလန်၏ သတင်းပေးမှုနှင့်အတူ အင်အားအလုံးအရင်းဖြင့် ပြန်လည် ဝင်ရောက်စီးနင်း ဖမ်းဆီးခြင်း ဖြစ်နိုင်ပြီး ယခုလို ဒေသခံ ရွာသားများ နှင့် ထိပ်တိုက်တွေ့ရခြင်းဖြစ်သည်ဟုလည်း ၎င်း ဒေသခံက ဆက်ပြောသည်။

ကျေးရွာအတွင်း ဝင်ရောက် စီးနင်းပစ်ခတ်ဖမ်းဆီးသည့် သတင်းရရှိခြင်းကြောင့် အနီးဝန်းကျင် ကျေးရွာများမှ လာရောက်ဝိုင်းဝန်းမှုများရှိလာသည့်အတွက် လက်ရှိတွင် ပုသိမ်၊ ဓနုဖြူ နှင့် ဟင်္သာတမြို့ အခြေစိုက် စစ်ကောင်စီ စခန်းမှ တပ်အင်အားများ အလုံးအရင်းဖြင့် အင်အားဖြည့်တင်းလာကြပြီး ခန့်မှန်းအင်အား ၁၀၀ ကျော်ခန့်  ရှိနေကာ လှေဆွဲကျေးရွာအပြင် နီးစပ်ရာ ကျေးရွာ များမှ ဒေသခံရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်းလည်း ဒေသခံများထံမှ သိရသည်။

ကနဦး ထွက်ပေါ်လာသည့် သတင်းများအရ Non-CDM လုပ်ဆောင်သည့် ကျောင်းဆရာမ တစ်ဦးက ကျေးရွာ အတွင်း လက်နက်ရှိကြောင်း သတင်းပေးရာမှ ယနေ့ နံနက် ၄နာရီ အချိန်ခန့်တွင် စစ်ကောင်စီတပ်များက ဝင်ရောက် စီးနင်းရှာဖွေမှုများပြုရာမှ ဒေသခံ ရွာသားများနှင့် ပစ်ခတ်မှု ဖြစ်ပွားရခြင်းဖြစ်ကြောင်းလည်း ဒေသခံ သတင်းမီဒီယာများမှ ဖော်ပြထားကြောင်းတွေ့ရသည်။

ထို့အပြင် လတ်တလောအချိန်ထိ ဒေသခံ ရွာသား ၃ဦ ထိခိုက်သေဆုံးသွားပြီဖြစ်ကြောင်း ဒေသခံများက အတည်ပြု ပြောဆိုထားသလို လူမှုစာမျက်နှာတွင်ထွက်ပေါ်လာသည့် သတင်းများအရ ယနေ့ ၁၁ နရီခွဲအချိန်ခန့် အထိ ပြည်သူဘက်မှ ၉ ဦးကျဆုံးသွားပြီး ၎င်း ၉ ဦးထဲတွင် အမျိုးသမီး ၂ ဦးနှင့် ၄ နှစ်အရွယ် ကလေးငယ် တစ်ဦး ပါဝင်ကြောင်း နှင့် စစ်ကောင်စီ တပ်ဖက်မှ စနိုက်ဘာအပြင် လက်နက်ကြီးများပါဝင်၍ ပစ်ခတ်နေကြောင်း လည်း ရေးသားဖော်ပြနေကြပြီး  ကေအိုင်စီ အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ထို့အပြင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) နှင့် ဖြစ်ပွားနေကြောင်း နှင့် ၎င်း PDF တပ်ဖွဲ့ဝင်များမှ ဗုံးများ လိုက်လံဖောက်ခွဲခြင်းကြောင့် ယခုလို တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရ ခြင်းဖြစ်ကြောင်း ကနဦးတွင် သတင်းများ ထွက်ပေါ်လာသော်လည်း ၎င်းဒေသတွင် မည်သည့် PDFတပ်ဖွဲ့များမှ ဖွဲ့စည်း ထားခြင်းမရှိကြောင်းလည်း ဒေသခံများက ဆိုသည်။

ယခု ပစ်ခတ်မှု ဖြစ်ပွားနေသည့် လှေဆွဲကျေးရွာတွင် ခန့်မှန်းအိမ် ခြေ ၁၀၀ကျော်ခန့်ရှိပြီး အများစုမှာ ကရင် တိုင်းရင်းသားလူမျိုးများဖြစ်ကြောင်းလည်း သိရသည်။


Karen Information Center -KIC 

https://www.facebook.com/KICNewsPage

ကျုံပျော်တွင် PDF မဟုတ်သည့် အရပ်သား နှင့် စစ်ကောင်စီတပ်အကြား ပစ်ခတ်မှု ဖြစ်ပွား၊ ဒလန်၏ သတင်းပေးမှုကြောင့်ဟု ဆို ကျုံပျော်တွင် PDF မဟုတ်သည့် အရပ်သား နှင့် စစ်ကောင်စီတပ်အကြား ပစ်ခတ်မှု ဖြစ်ပွား၊ ဒလန်၏ သတင်းပေးမှုကြောင့်ဟု ဆို Reviewed by THITHTOOLWIN on 00:20 Rating: 5

No comments:

Powered by Blogger.