တရုတ်နဲ့ အာဆီယံရဲ့မူဝါဒတွေကို NUG သတိထား စောင့်ကြည့်နေ



“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ပြန်လည်စတင်ဖို့ တရုတ်နိုင်ငံက လိုလားတဲ့အတွက်၊ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အသင့်ရှိတယ်” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ချုံကျင်းမြို့မှာ ဇွန်လ ၇ ရက်နေ့ကစလို့ နှစ်ရက်ကြာ ပြုလုပ်ခဲ့တဲ့ တရုတ်-အာဆီယံအထူးအစည်းအဝေးမှာ ပြောကြားလိုက်တာပါ။

တရုတ်နဲ့ အာဆီယံတို့ လိုလားနေတဲ့ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးဟာ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်ကနေသွားမယ့် အသွင်ကူးပြောင်းရေး ဖြစ်တာကြောင့် ဒီလိုအခြေအနေ အခင်းအကျင်းမျိုး ဆက်သွားဖို့ မရှိတော့ဘူးလို့ NUG အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ် ဇင်မာအောင်က တုံ့ပြန်လိုက်ပါတယ်။

“အာဆီယံနဲ့ တရုတ်နဲ့ ပြန်သွားနေတဲ့အနေအထားက ၂၀၀၈ အောက်ကို ပြန်သွားနေပြီးတော့ ဖေဖော်ဝါရီလ ၁ ရက်မတိုင်ခင်က အခင်းအကျင်းမျိုးကို ပြန်သွားဖို့ တိုက်တွန်းနေတဲ့ သဘောမျိုး တွေ့ရပါတယ်။ ဒါပေမဲ့ ဒီအခင်းအကျင်းက ပျက်သွားပြီလို့ ပြောချင်ပါတယ်။ ကျွန်မတို့အနေနဲ့ ၂၀၀၈ အောက်ကနေပြီးသွားမယ့် အသွင်ကူးပြောင်းရေး မှန်သမျှကို ဆက်သွားဖို့ မရှိတော့ပါဘူး။ ဒါကတော့ ပြည်သူလူထုအနေနဲ့ရော NUG အနေနဲ့ရော ဒါကသိပ်ကို သေချာတဲ့ကိစ္စဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ၂၀၀၈ အောက်က ပြန်သွားနေသမျှ စစ်တပ်က ( supremacy ) ပြန်လွှမ်းမိုးနိုင်ပြီးတော့ နိုင်ငံရေးမှာ စစ်မှန်တဲ့ တကယ့် ဒီမိုကရေစီစနစ်၊ တကယ့် ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို သွားနိုင်မှာ မဟုတ်ပါဘူး။ ဒီလိုမျိုး အခင်းအကျင်းတွေပဲ ပြန်ပြီး ဖြစ်လာအုံးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ သွားလိုတဲ့ နိုင်ငံရေးအခင်းအကျင်းနဲ့ နိုင်ငံရေးပန်းတိုင်နဲ့တော့ အာဆီယံနဲ့ တရုတ်ခေါင်းဆောင်တွေ ပြောတာက တော်တော်လေးကို ကွာခြားချက်ရှိနေတယ်လို့ ပြောချင်ပါတယ်။”

မြန်မာနိုင်ငံရဲ့အကျပ်အတည်းကို ဖြေရှင်းဖို့ တရုတ်နဲ့ အာဆီယံတို့ ကြိုးပမ်းကြတဲ့အထဲမှာ၊ NUG ကို လုံလောက်တဲ့ ထိတွေ့ဆက်ဆံမှုတွေ မရှိလို့ စိုးရိမ်ပူပန်တယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ထံ ဒေါ် ဇင်မာအောင် က မကြာသေးခင်ကပဲ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်။
nug-support-hpakant.jpg
(၂၀၂၁၊ ဧပြီ ၂၆ ရက်နေ့က ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ တာမခန်မြို့သစ်မှာ ညသပိတ် ပြုလုပ်ခဲ့စဉ်၊ Photo: CJ)

တပ်မတော် အရာရှိဟောင်းတစ်ဦးဖြစ်တဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာ နိုင်ဆွေဦး ကတော့ တရုတ်နိုင်ငံဟာ အစိုးရအဆက်ဆက် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံ ဘက်ကနေ ရပ်တည်ပေးခဲ့တာကြောင့် လက်ရှိမှာလည်း အပြုသဘောဆောင်ပြီး ပူးပေါင်းလုပ်ဆောင်နေတယ် လို့ ပြောပါတယ်။

“တရုတ်နိုင်ငံဆိုတာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံကိုတော့ အရင်ကတည်းက အစိုးရအဆက်ဆက် မြန်မာနိုင်ငံဘက်က ရပ်တည်ပြီးတော့ လုပ်ဆောင်ခဲ့တဲ့ အပိုင်းတွေ တွေ့တယ်။ သူကတော့ သူ့အိမ်နီးချင်း နိုင်ငံကို တည်ငြိမ်တာကိုတော့ လိုလားတဲ့ အနေအထားမျိုး ရှိနိုင်တယ်လို့ ကျွန်တော်တို့ မြင်တယ်။ သူ့နယ်စပ်နိုင်ငံက ပဋိပက္ခတွေနဲ့ ရှုပ်ထွေးနေတဲ့ အခြေအနေမျိုး ဖြစ်မှာကိုတော့ သူမလိုလားဘူးလို့ မြင်တယ်။ ဒီအတွက်လည်း ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ မြင်တယ်။ ရှေ့ဆက်ပြီးတော့လည်း တက်လာတဲ့ အစိုးရနဲ့ ပူးပေါင်းဆက်ဆံမယ့် အနေအထားဖြစ်တယ်လို့ မြင်တယ်။ တရုတ်နိုင်ငံဘက်ကတော့ အပြုသဘောနဲ့ပဲ ဆက်ပြီးတော့ ရှေ့ဆက်သွားမယ်လို့ မြင်ပါတယ်။”

မြန်မာ့နိုင်ငံရေးမှာ တရုတ်က ပါဝင်လာချိန်မှာ သမာသမတ်ဖြစ်ဖို့ဆိုရင် ပြည်သူတွေအနေနဲ့ စစ်အာဏာရှင် စနစ်ကို လုံးဝလက်မခံဘူးဆိုတာကို အဆက်မပြတ် ပြသနေဖို့ လိုအပ်တယ်လို့ တရုတ်နိုင်ငံမှာ နှစ်ပေါင်း များစွာ နေထိုင်တဲ့ မြန်မာ့နိုင်ငံရေး၊ စစ်ရေးလေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇော က တိုက်တွန်း ပါတယ်။

နိုင်ငံတိုင်းက မိမိနိုင်ငံ အကျိုးစီးပွားအပေါ်မှာ အခြေခံရပ်တည်တာဖြစ်တဲ့အတွက်၊ ကိုယ့်နိုင်ငံအတွက်ဆိုရင် မြန်မာပြည်သူတွေကပဲ ကိုယ့်အားကိုယ်ကိုးပြီး လုပ်ကြရမယ်လို့ ဒေါက်တာ လှကျော်ဇော က ပြောပါတယ်။

“တရုတ်ပဲဖြစ်ဖြစ်၊ အာဆီယံပဲဖြစ်ဖြစ် သူတို့က သံခင်း၊ တမန်ခင်းအရပဲ လုပ်မှာပဲ။ ဒါဟာ မြန်မာပြည် အရေးအတွက် ဘယ်လောက်အရေးပါတယ်။ မပါဘူးဆိုတာ ကျွန်မတို့က သိပ်စဉ်းစားဖို့မလိုဘူး။ ပြည်သူလူထုဘက်က အားတက်စရာကတော့ စစ်ကောင်စီ ပြောတိုင်း ဘယ်သူမှ မယုံဘူး။ စစ်ကောင်စီကို နည်းတစ်နည်းနဲ့ ဖိအားပေးတယ်လို့ပဲ သဘောထားရမှာပဲ။ ကျန်တာက ကျွန်မတို့ ပြည်သူတွေ ကိုယ့်အားကိုယ် ကိုးပြီး လုပ်စရာရှိတာ လုပ်ရမှာ။”

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိက ဇွန် (၇) ရက်ကစလို့ နှစ်ရက်ကြာ ပြုလုပ်ခဲ့တဲ့ တရုတ်-အာဆီယံ အစည်းအဝေးမှာ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားအတွက်၊ အစုအဖွဲ့အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆိုတာဟာ တရုတ်ရဲ့ ဦးစားပေးလုပ်ငန်းစဉ် တစ်ရပ်ဖြစ်သလို၊ တည်ငြိမ်မှုတွေကို ထိန်းသိမ်းဖို့နဲ့ အကြမ်းဖက်မှု အားလုံးကို အဆုံးသတ်ဖို့လည်း လိုအပ်တယ်လို့ ပြောထားပါတယ်။

မစ္စတာ ဝမ်ယိ က အခုလိုတိုက်တွန်းနေပေမယ့် အာဆီယံခေါင်းဆောင်တွေရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုသာ တွေ့ဆုံခဲ့ပြီး၊ အဖမ်းခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို မတွေ့ခဲ့သလို၊ ဒီမတိုင်ခင် နေပြည်တော်ကို လာရောက်ခဲ့တဲ့ ရန်ကုန်ရှိ တရုတ် သံအမတ်ကလည်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့သာ သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့တဲ့အပေါ် နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ ပြည်သူအများစုက ထောက်ပြဝေဖန်ထားပါတယ်။

    "တရုတ်လို နိုင်ငံမျိုးက ဒီမိုကရေစီကို အားပေးတယ်ဆိုတာ ဘယ်လိုပဲ ကြားကောင်းအောင် ပြောပြော ယုံကြည်နိုင်စရာ မရှိဘူး"

တရုတ်အနေနဲ့ အတိတ်မှာ ကိုယ့်နိုင်ငံ အကျိုးစီးပွားထက် ဒီမိုကရေစီကို ထောက်ပံ့ကူညီတာမျိုး မရှိခဲ့တဲ့ အတွက်၊ တရုတ်နိုင်ငံကပြောတဲ့ ဒီမိုကရေစီဆိုတာကို အယုံအကြည်မရှိဘူးလို့ တရုတ်-မြန်မာ ဆက်ဆံရေး ဆောင်းပါးတွေ သုံးသပ်ရေးသားလေ့ရှိတဲ့ စာရေးဆရာ မင်းသေ့က သုံးသပ်ထားပါတယ်။

“နိုင်ငံရေးမှာ မေတ္တာ၊ စေတနာဆိုတာ မရှိဘူး။ ဒါကြောင့် ဒါကိုထည့်မတွက်ဘူး။ အထူးသဖြင့် အကျိုး စီးပွားရေးကိုပဲ တည်ပြီးစဉ်းစားတာ။ တရုတ်နိုင်ငံရဲ့သမိုင်းတွေကိုပဲ ကြည့်လိုက်။ တရုတ်နိုင်ငံက တတိယနိုင်ငံလို့ ခေါ်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ထောက်ပံ့ကူညီတယ်။ ပူးပေါင်းလုပ်ဆောင်တယ်ဆိုတဲ့ အထဲမှာ ဒီမိုကရေစီကို အားပေး အားမြှောက်ပြုပြီးတော့ ထောက်ပံ့ကူညီတာ၊ ပူးပေါင်းလုပ်ဆောင်တာ ဘယ်လိုဖြစ်ရပ်မျိုး တွေ့ခဲ့ဖူးလို့လဲ။ တရုတ်မှာ အဲလိုသမိုင်းမျိုး မရှိဘူးလို့ထင်တယ်။ အထူးသဖြင့် သူက ကွန်မြုနစ်နိုင်ငံဖြစ်တဲ့အတွက် ကွန်မြူနစ်အားပေးပဲ လုပ်ခဲ့ဖူးတဲ့ ဖြစ်ရပ်မျိုးတွေ တွေ့ရတယ်။ တရုတ်လို နိုင်ငံမျိုးက ဒီမိုကရေစီကို အားပေးတယ်ဆိုတာ ဘယ်လိုပဲ ကြားကောင်းအောင် ပြောပြော ယုံကြည် နိုင်စရာ မရှိဘူး။”

တရုတ်နဲ့ အာဆီယံ ပူးပေါင်းဆောင်ရွက်မှုဟာ မြန်မာနိုင်ငံအကျိုးရှိဖို့ထက် စစ်ကောင်စီအတွက် အကျိုးရှိဖို့ ကသာ ပိုများတယ်လို့ နိုင်ငံရေးလေ့လာသူအချို့က ထောက်ပြဝေဖန်နေသလို၊ မျိုးဆက်သစ် လူငယ်တွေ အပါအဝင် စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားသူတွေကလည်း တရုတ်အနေနဲ့ အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်ကို အားပေးတာ ထောက်ပံ့ကူညီတာတွေ မလုပ်ဖို့ ရန်ကုန်ရှိ တရုတ်သံရုံးရှေ့မှာ နေ့စဉ်လိုလို ကန့်ကွက်ဆန္ဒပြနေကြပါတယ်။

RFA Burmese


တရုတ်နဲ့ အာဆီယံရဲ့မူဝါဒတွေကို NUG သတိထား စောင့်ကြည့်နေ တရုတ်နဲ့ အာဆီယံရဲ့မူဝါဒတွေကို NUG သတိထား စောင့်ကြည့်နေ Reviewed by THITHTOOLWIN on 20:49 Rating: 5

No comments:

Powered by Blogger.