တကျော့ပြန်ကချင်စစ်ပွဲ ဆယ်နှစ်ပြည့်အခမ်းအနားသို့ NUG ဒုသမ္မတ ဒူဝါလရှီးလ သဝဏ်လွှာပေးပို့

နေရပ်စွန့်ခွာကချင်စစ်ဘေးရှောင်တွေကို ၂၀၁၈ ခုနှစ်က တွေ့မြင်ရတာဖြစ်ပါတယ်။

ဆယ်စုနှစ်ကာလအတွင်း တကျော့ပြန်ကချင်စစ်ပွဲများကြောင့် ကချင်ပြည်သူလူထု တစ်သိန်းနှစ်သောင်းကျော် နေရပ်စွန့်ခွာခဲ့ရပြီး စစ်ရှောင်စခန်းတွေမှာ ဒုက္ခဆင်းရဲအမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့နေခဲ့ရချိန်မှာ ၊ နိုင်ငံတော်အာဏာကိုသိမ်းယူမှုကြောင့် ကချင်အမျိုးသားတွေရဲ့ကံကြမ္မာဟာ နူရာဝဲစွဲ၊ လဲရာသူခိုးထောင်း ဖြစ်ခဲ့ရတယ်လို့ NUG အစိုးရဒုသမ္မတ ဒူဝါလရှီးလက တကျော့ပြန်ကချင်စစ်ပွဲဆယ်နှစ်ပြည့်အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

တကျော့ပြန်စစ်ပွဲကြောင့် ကချင်ဒေသက ကလေးသူငယ်ပေါင်းမြောက်မြားစွာရဲ့ ပညာသင်ကြားခွင့်တွေ နစ်နာဆုံးရှုံးခြင်း၊ လူငယ်တွေအမြောက်အမြား အနာဂတ်မဲ့ကာ နယ်စပ်ဒေသတွေမှာ မိသားစုစားဝတ်နေရေးအတွက် ဆင်းရဲပင်ပန်းကြီးစွာ ဘဝကို ခါးသီးစွာ ရုန်းကန်နေရတယ်လို့လည်း ဒုသမ္မတကပြောပါတယ်။

သယံဇာတပေါကြွယ်ဝပြီး သာယာလှပတဲ့ကချင်ပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခကြောင့် နှစ်ပေါင်းကြာရှည်စွာ တည်ငြိမ်အေးချမ်းမှုနဲ့ ကင်းဝေးခဲ့ရသလို အခုအခါ အာဏာသိမ်းမှုကြောင့် ကချင်တိုင်းရင်းသားတွေဘဝဟာ ပိုမိုခက်ခဲပြီး လူမှုဘဝမလုံခြုံမှုတွေ၊ ရက်စက်မှုတွေကို ထပ်လောင်းခံစားနေရတယ်လို့လည်း ဒုသမ္မတကပြောပါတယ်။

စစ်အာဏာသိမ်းမှုကို မလိုလားကြောင်း ကချင်အပါအဝင် တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေအားလုံးက ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့တာကို စစ်ကောင်စီက ရက်ရက်စက်စက်နှိမ်နင်းသတ်ဖြတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် အာဏာရှင်စနစ်ပျက်သုဉ်းရေးအတွက် စုပေါင်းအင်အားတွေနဲ့ အဖက်ဖက်ကနေ ကြိုးပမ်းလုပ်ဆောင်နေပြီး အာဏာရှင်တော်လှန်ရေးခရီးမှာ ကချင်လူထုလေးစားအားကိုးတဲ့ KIO အနေနဲ့လည်း အမှန်တရားဘက်က ရပ်တည်ခဲ့ပြီးဖြစ်တယ်လို့ သူ့ရဲ့ သဝဏ်လွှာမှာ ကချင်လက်နက်ကိုင်အဖွဲ့ KIO/KIA ကိုအသိအမှတ်ပြု ပြောကြားထားပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ KIA တို့ကြား တိုက်ပွဲတွေ အရင်ကထက် ပိုဖြစ်ပွားလာခဲ့ပြီး စစ်ရှောင်အရေအတွက်ကလည်း သောင်းဂဏန်းထိ တိုးလာနေတယ်လို့ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့(PCG)က လမိုင်ဂွန်ဂျာက ဘီဘီစီကိုပြောပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့အသံနဲ့ရုပ်မြင်သံကြားက ဇွန် ၇ ရက်နဲ့ ၈ရက်နေ့မှာ ဖောက်ခွဲရေးပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိသူနှစ်ဦးဟာ KIA ထံမှာ သင်တန်းတက်ရောက်ခဲ့တဲ့သူတွေဖြစ်ပြီး အဲဒီလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထံမှာ စစ်သင်တန်းတက်ရောက်ခဲ့သူတွေကို ဥပဒေနဲ့အညီ ထိရောက်စွာအရေးယူမယ်လို့ ကြေညာထားပါတယ်။

ဒါပေမဲ့ KIA နဲ့ပတ်သက်လို့တော့ ဘယ်လိုတုံ့ပြန်ဆောင်ရွက်မလဲဆိုတာ သတင်းမှာကြေညာထားခြင်းမရှိပါဘူး။ စစ်ကောင်စီဘက်က ဒီလိုသတင်းထုတ်ပြန်ပြောဆိုမှုနဲ့ပတ်သက်လို့ KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူထံ ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57242648

တကျော့ပြန်ကချင်စစ်ပွဲ ဆယ်နှစ်ပြည့်အခမ်းအနားသို့ NUG ဒုသမ္မတ ဒူဝါလရှီးလ သဝဏ်လွှာပေးပို့ တကျော့ပြန်ကချင်စစ်ပွဲ ဆယ်နှစ်ပြည့်အခမ်းအနားသို့ NUG ဒုသမ္မတ ဒူဝါလရှီးလ သဝဏ်လွှာပေးပို့ Reviewed by THITHTOOLWIN on 20:52 Rating: 5

No comments:

Powered by Blogger.