NCA မပျက်ပေမယ့် ငြိမ်းချမ်းရေးဆွေးနွေးမှု ဆက်လုပ်မှာမဟုတ်



နိုင်ငံတကာရှေ့မှောက်မှာ လက်မှတ်ထိုးပြီး အမြင့်ဆုံးဥပဒေပြုလွှတ်တော်က အသိအမှတ်ပြုထားတဲ့အတွက် NCA အပစ်ရပ်စာချုပ် မပျက်ပြယ်ပေမဲ့၊ အာဏာသိမ်းစစ်ကောင်စီနဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ ဆက်လုပ်မှာ မဟုတ်ဘူးလို့ အပစ်ခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ပြောလိုက်ပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA ကို အရပ်သားအစိုးရခေါင်းဆောင်တွေဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်နဲ့ သမ္မတဦးဝငးမြင့် တို့ လက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့နဲ့ တရားဝင် လက်မှတ်ရေးထိုးခဲ့ပေ မယ့်၊ ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက် NCA စာချုပ် ပျက်ပြယ်သွားပြီလား ဆိုတာကို ပြည်သူအများစုက မေးခွန်းထုတ်နေကြပါတယ်။

NCA စာချုပ်ကို အစိုးရနှစ်ဆက်ရဲ့သမ္မတတွေ၊ လွှတ်တော်ဥက္ကဋ္ဌတွေ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုဦးစီးချုပ်တွေ ပါဝင်ပြီး ပြည်တွင်းပြည်ပအသိသက်သေတွေ၊ နိုင်ငံတကာသံမန်တွေ ရှေ့မှောက်မှာ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်တဲ့အတွက် NCA စာချုပ်က ပျက်မသွားဘဲ တရားဝင်ရှိနေဆဲလို့ အပစ်ရပ် ၁၀ ဖွဲ့ထဲက တစ်ခုဖြစ်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဒုဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်း က RFA ကို ပြောပါတယ်။

ဒါပေမဲ့ စစ်တပ်ကအာဏာသိမ်းတဲ့လုပ်ရပ်ဟာ NCA ရဲ့အနှစ်သာရကို ချိုးဖောက်တာဖြစ်တဲ့အတွက် နိုင်ငံရေးဆွေးနွေးမှုတွေကို လုံးဝ ရပ်တန့်ထားတယ်လို့ ဦးခွန်မြင့်ထွန်း က ပြောပါတယ်။

“ဒီ PPST ငြိမ်းချမ်းရေးဦးဆောင်အဖွဲ့အနေနဲ့ ကျနော်တို့ တရားဝင်ကြေညာချက်တွေ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်၊ ဒီကနေ့ စစ်ကောင်စီဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့မဖြေရှင်းဘဲ အင်အားသုံး ဖြေရှင်းတာကို ကျနော်တို့ ပြင်းပြင်းထန်ထန် လေးလေးနက်နက် ကန့်ကွက်တယ်၊ အဲဒါဘာလို့ ကန့်ကွက် လည်းဆိုတော့ ဒီ NCA စာချုပ်ရဲ့ အနှစ်သာရက နိုင်ငံရေးပြဿနာတွေကို အင်အားသုံးမဖြေရှင်းပဲနဲ့ နိုင်ငံရေးနည်းနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းမယ်ဆိုတာ၊ အဲဒါ NCA ရဲ့ အနှစ်သာရ ဖြစ်ပါတယ်။”

ဦးခွန်မြင့်ထွန်းဟာ သမ္မတဦးသိန်းစိန် လက်ထက် ၂၀၁၅ မှာ NCA ကို လက်မှတ်ထိုးချိန်က PNLO ရဲ့ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူပြီး လက်မှတ်ထိုးခဲ့သလို၊ နောက်ပိုင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာလည်း ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင်အဖြစ် ဆက်တိုက်ပါဝင်ဆွေးနွေး ခဲ့သူဖြစ်ပါတယ်။ 

ဦးခွန်မြင့်ထွန်းက အာဏာသိမ်း စစ်ကောင်စီနဲ့ ဆွေးနွေးမှုတွေ ရပ်ဆိုင်းထားတယ်လို့ ပြောနေပေမဲ့ NCA နဲ့ပတ်သက်ရင် အပစ်ရပ် ၁၀ ဖွဲ့ကြားမှာ သဘောထားကွဲမှုတွေရှိနေသလို၊ အကြီးတန်းခေါင်းဆောင်တွေဖြစ်တဲ့ PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာနဲ့ KNU ဥက္ကဋ္ဌ စောမူတူးစေဖိုး တို့က “NCA လမ်းကြောင်းကသာ ငြိမ်းချမ်းရေး အတွက် အကောင်းဆုံးဖြစ်တယ်၊ ဆွေးနွေးမှုတွေ ဆက်လုပ်ရမယ်” လို့ ပြောထားပါတယ်။

စစ်ကောင်စီကလည်း KNU တပ်မဟာနယ်မြေတွေမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ မျိုးဆက်သစ် Gen-Z တွေကို စစ်သင်တန်းတွေ ပေးနေတဲ့အတွက် ဒါဟာ NCA စာချုပ်ရဲ့ အခန်း(၆)၊ စာပိုဒ်(၂၅)၊ စာပိုဒ် ခွဲ(က)ပါ စည်းမျဥ်းစည်းကမ်းတွေကို ချိုးဖောက်ရာရောက်တယ်ဆိုပြီး မေလ ၁၈ ရက်နေ့က KNU တပ်မဟာ တွေကို တရားဝင်စာပို့ပြီး သတိပေးခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးကိစ္စ ဆက်ဆွေးနွေးနိုင်ဖို့အတွက်၊ အပစ်ရပ်ကာလကို ဇွန်လ ၃၀ ရက်နေ့အထိ တစ်လ ထပ်တိုးတယ်လို့ မေလ ၃၀ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပြီး၊ NCA လက်မှတ် ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အပစ်ရပ်ထားတဲ့ကာလအတွင်း ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေလုပ်ဖို့ စစ်ကောင်စီက တိုက်တွန်းထားပါတယ်။

စစ်တပ်က NCA ဆက်လုပ်မယ်လို့ ပါးစပ်ကပြောနေပေမဲ့ အာဏာထသိမ်းပြီး NCA ကို မြောင်းထဲကန်ချလိုက် တာကြောင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့ လုံးဝမဖြစ်နိုင်ဘူးလို့ KNU နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီး က ပြောပါတယ်။
KNU နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီး

“အာဏာသိမ်းတာကို ကျနော်တို့က ရွံတယ်ဗျ၊ အာဏာသိမ်းတာကို ကျနော် တို့က လုံးဝ လက်ခံလို့မရဘူး၊ အာဏာသိမ်းတဲ့လူတွေက သူတို့ရဲ့နဂိုလ်ဗီဇ သူတို့ရဲ့သန္ဓေတည်လာတာက ဖက်ဆစ်ဂျပန်ဆီကရတာ၊ အဲဒီဖက်ဆစ်ဂျပန် ခေတ်က နည်းနာတွေကို အခုထိကျင့်သုံးတုန်းပဲ၊ အာဏာသိမ်းတာကို ဘယ် လိုပဲအကြောင်းပြပြ ကျနော်တို့က လက်ခံလို့ မရဘူး၊ NCA နဲ့ပတ်သက်ရင် ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ NCA ဟာ တရားဝင်မှုရှိတယ်၊ နိုင်ငံတကာရှေ့ မှောက်မှာ လက်မှတ်ထိုးတယ်၊ တိုင်းပြည်တစ်ပြည်တင်မကဘူး၊ ပင်လုံစာချုပ်တောင်မှ ပါလီမန်မှာ အတည်ပြုပြဌာန်းထားတာ မရှိဘူး၊ သို့သော် ဒီ NCA ဟာ ပါလီမန် လွှတ်တော်မှာ အတည်ပြုပြဌာန်းထား တာဖြစ်တဲ့အတွက် သူ့ရဲ့ သက်ရောက်မှုရှိတယ်၊ တရားဝင် Legitimacy ရှိတယ်၊ သို့သော် အာဏာထ သိမ်းလိုက်တဲ့အတွက် ကျနော်တို့ ဘယ်လိုမှ မျက်နှာချင်းဆိုင်လို့ မရဘူး၊ အာဏာသိမ်းတဲ့သူဟာ ကျနော် တို့ရဲ့ ရန်သူပဲ။”

NCA ထိုးပြီးတဲ့နောက် နှစ်ဘက်အောက်ခြေတပ်တွေ မြေပြင်မှာ အပစ်ခတ်တကယ်ရပ်စဲဖို့ကို ငါးရက်အတွင်း မှာ နှစ်ဘက်စလုံးက ညွှန်ကြားရမယ်၊ ၁၄ ရက်အတွင်းမှာ တပ်ခေါင်းဆောင်တွေ ဆွေးနွေးရမယ်ဆိုတဲ့ စည်းကမ်းချက်တွေရှိခဲ့ပေမဲ့ စစ်တပ်ဘက်က ဒါကို ဘယ်တုန်းကမှ မလိုက်နာခဲ့ဘူးလို့လည်း ပဒိုစောတောနီး က ပြောပါတယ်။

နိုင်ငံရေးအရဆွေးနွေးတဲ့အခါမှာလည်း စစ်တပ်ဘက်က အနိုင်ကျင့်ဗိုလ်ကျတာတွေရှိခဲ့တယ်၊ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ပိတ်ခဲ့တဲ့အတွက် ၂၀၁၈ မှာ တရားဝင်ဆွေးနွေးမှုတွေကို ရပ်တန့်ခဲ့ရပြီး၊ အလွတ်သဘောဆွေးနွေးမှုတွေကိုသာ ရှစ်ကြိမ်တိတိ လုပ်ခဲ့ရတယ်လို့ ပဒိုစောတောနီးက ပြောပါတယ်။

    "စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက် NCA က ပျက်သွားပြီ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကလည်း ပျက်သွားပြီ"

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး အမြင်သဘောထားသိနိုင်ဖို့အတွက် စစ်ကောင်စီပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းဆက်သွယ်ခဲ့ပေမဲ့ ဖုန်းခေါ်လို့ မရခဲ့ပါဘူး။

တပ်မတော်အရာရှိဟောင်းတစ်ဦးဖြစ်တဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး ကတော့ တိုင်းပြည်ဘယ်လိုအခြေအနေမှာပဲရှိရှိ၊ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို ဆက်လုပ်သင့် တယ်လို့ RFA ကို ပြောပါတယ်။

“အဓိကက အစိုးရအနေနဲ့ ဘယ်လိုပဲ ပြောင်းသွားသည်ဖြစ်စေ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေက တဘက်က ဖွင့်ထားပေးပြီဆိုရင် တဘက်ကလည်း နားလည်လက်ခံပြီးတော့ ဆွေးနွေးတာတွေက ပိုပြီးအပြုသဘော ဆောင်တယ်လို့ ကျနော်က ယုံကြည်တယ်၊ အဲတော့ သေချာတာက  ဆွေးနွေးမှုဆိုတာသည် တဘက်နဲ့ တဘက် ယုံကြည်မှုတည်ဆောက်ဖို့က အရေးကြီးတာမို့ ယုံကြည်မှုတည်ဆောက်ဖို့အတွက် ဆွေးနွေးပွဲတွေ ရပ်တယ်ဆိုတာကိုတော့ လုံးဝ လက်မခံပါဘူး၊ ဆွေးနွေးပွဲတွေရှိနေတဲ့အတွက် ကျနော်တို့ကြားမှာ ဖြေရှင်း ရခက်တဲ့ဟာတွေရှိလာတဲ့အခါ အတတ်နိုင်ဆုံး အနိမ့်ဆုံးတော့ ပဋိပက္ခဖြစ်မှုကို လျှော့ချနိုင်လိမ့်မယ်လို့ ကျနော်တို့က ယုံကြည်တယ်၊ ဆွေးနွေးပွဲဆက်ရှိဖို့ကို မျှော်လင့်ပါတယ်၊ ဆွေးနွေးပွဲရပ်သွားတယ်ဆိုတာ မျိုးက ငြိမ်းချမ်းရေးအတွက် အလားအလာ မကောင်းဘူးလို့ သုံးသပ်ပါတယ်။ ”

ဘယ်အခြေအနေမျိုးမှာဖြစ်ဖြစ် NCA စာချုပ်က ဆက်ရှိနေမယ်လို့လည်း ဦးသိန်းထွန်းဦး က ဆိုပါတယ်။

“တိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်တဲ့ EAO တွေဟာ နှစ်ဘက်အငြင်းပွားမှုတွေမှာ အရေးပါတဲ့ ပုဂ္ဂိုလ်တွေဖြစ်တာကြောင့် သမားရိုးကျမဟုတ်ဘဲ ဖောက်ထွက်တဲ့နည်းလမ်း၊ ဆွေးနွေးတဲ့နည်းလမ်းကို သုံးသင့်တယ်” လို့ ရခိုင် ပြည်လွတ်မြောက်ရေးပါတီ ALP ဒုဥက္ကဋ္ဌ (၃) ဖြစ်တဲ့ ဒေါ်စောမြရာဇာလင်း က တိုက်တွန်းပါတယ်။

ALP ဒေါ်စောမြရာဇာလင်း "နစကကိုလည်း ကျမတို့ ပြောလို့ရသလို CRPH ကိုလည်း ကျမတို့ ပြောရမှာ ဖြစ်ပါတယ်၊ ကျမတို့ ပါတီက ဆိုရင် အများကြီး တိုက်တွန်းခဲ့တာရှိတယ်၊ ကျမတို့ ဆွေးနွေးရင်း ဆွေးနွေးရင်းကနေ အခုချိန်မှာတော့ တဘက်ကမှ လျှော့လို့မရတဲ့ အနေအထား ဖြစ်လာတာကတော့ အင်မတန်မှ စိတ် မကောင်းစရာဖြစ်ပါတယ်၊ ဒါပေမဲ့ ကျမမြင်တာကတော့ သမာရိုးကျထက် ဖောက်ထွက်တဲ့နည်းလမ်းကို ဘယ်လိုကြိုးပမ်းမလဲ၊ ကျမတို့ EAO တွေ ဘက်ကလည်း စဥ်းစားသင့်သလို အာဏာကိုယူထားတဲ့ပုဂ္ဂိုလ်တွေကရော သမာရိုးကျ ထက် ဖောက်ထွက်တဲ့နည်းလမ်းကို မစဦးစားသင့်ဘူးလားပေါ့၊ သမရိုးကျနဲ့ပဲ ဒီလို သွားနေကြမှာလား”


ဒေါ်စောမြရာဇာလင်း ဟာ ဦးသိန်းစိန်အစိုးရနဲ့ ၂၀၁၅ ခုနှစ်မှာ ALP အပစ်ရပ်စာချုပ် လက်မှတ်ထိုးချိန် ကတည်းက ပါဝင်ခဲ့သလို၊ နောက်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာလည်း နိုင်ငံရေးအရ အမြင့်ဆုံးအဖွဲ့ဖြစ်တဲ့  ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင်အဖြစ် ပါဝင် ဆွေးနွေးခဲ့သူဖြစ်ပါတယ်။ 
nca-leaders.jpg
(NCA လေးနှစ်မြောက် နှစ်ပတ်လည် အခမ်းအနားမှာ တက်ရောက်လာသူတွေကို တွေ့ရစဉ်)

ချင်းအမျိုးသားတပ်ဦး CNF ခေါင်းဆောင်တစ်ဦးအဖြစ် NCA စာချုပ်ကို လက်မှတ်ထိုးခဲ့ပြီး၊ အခုချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဖက်ဒရယ်ရေးရာဝန်ကြီးအဖြစ် တာဝန်ယူထားတဲ့ ဒေါက်တာ ဆလိုင်း လျံမုန်းဆခေါင် က “တိုင်းရင်းသားလက်နက်ကိုင်တွေဟာ NCA စာချုပ်အရ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်မယ်၊ အဲဒီကရလာတဲ့ သဘောတူညီချက်တွေကို ပြည်ထောင်စုလွှတ်တော်မှာ ပြည်ထောင်စုသဘောတူ စာချုပ်အဖြစ် တရားဝင်အတည်ပြုပြီး ၂၀၀၈ ဖွဲ့စည်းပုံကို လွှတ်တော်ထဲကနေ ပြင်သွားဖို့ NCA မှာ သဘောတူခဲ့ကြပေမဲ့ အခု စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက် NCA ကလည်း ပျက်သွားပြီ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း ပျက်သွားပြီ” လို့ RFA ကို ပြောပါတယ်။

အခုချိန်မှာ NCA မူအတိုင်း ဆွေးနွေးပွဲတွေ ဆက်လုပ်မယ်ဆိုတာဟာ သေပြီးသားသူကို ပြန်အသက်သွင်းသလို ဖြစ်နေမယ်လို့ ဒေါက်တာ ဆလိုင်းလျံမုန်းဆာခေါင်က ပြောပါတယ်။

“အခုချိန်မှာ ကျနော်တို့လုပ်ရမှာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းလိုက်ပြီ၊ အဲဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအစား ကျနော်တို့ တိုင်းပြည်ရဲ့ အနာဂတ်၊ ပြည်ထောင်စုရဲ့ အနာဂတ်ကို အာမခံချက် ပေးနိုင်မယ့်၊ ပြည်သူလူထုတစ်ရပ်လုံးရဲ့ လွတ်လပ်မှုတန်းတူညီမျှမှုကို၊ ပြည်ထောင်စုမှာပါဝင်မယ့် ပြည်နယ်နဲ့ တိုင်းဒေသကြီးများရဲ့ မူပိုင်ခွင့်ကို အာမခံချက်ပေးနိုင်မယ့်၊ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံ အသစ်စက်စက်ကို ကျနော်တို့ရေးနေတယ်၊ အဲဒီလို ဖွဲ့စည်းပုံကို ရေးမယ်ဆိုရင် NCA လမ်းကြောင်းက သမိုင်းတစ်ကွေ့မှာ ကျနော်တို့ ဘာမှပြန်ကောက်စရာမရှိဘူး၊ CRPH က ဖျက်သိမ်းပြီးဖြစ်တဲ့ ပြည်သူ လူထုက ဖျက်သိမ်းပြီးဖြစ်တဲ့ သေသွားပြီးသားဟာကို ကျနော်တို့က ပြန်ပြီးတော့ အသက်ရှင်ခိုင်းသလို ဖြစ်နေမယ်၊ အဲဒါ မလုပ်သင့်တော့တဲ့အလုပ်ဖြစ်ပါတယ်လို့ ကျနော် အဲလိုပဲ ပြောချင်တယ်။”

NCA စာချုပ် ပျက် မပျက်ဆိုတာနဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ ဆွေးနွေးမှုတွေ ဆက်လုပ်မလုပ်ဆိုတာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား လက်ရှိမှာ မတူညီတဲ့အမြင်တွေနဲ့ သဘောထားကွဲမှုတချို့ ရှိနေတာကြောင့်၊ အနာဂတ်မှာ ဆွေးနွေးမှုတွေ ဖြစ် မဖြစ်ဆိုတာကိုတော့ နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ ပြည်သူအများစုက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ ခေါင်းဆောင်တဲ့ အစိုးရနှစ်ဆက်လက်ထက်  NCA စာချုပ်ကို လက်မှတ်ထိုးခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ကတော့  ကရင့်အမျိုးသားအစည်းအရုံး (KNU)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး- ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNU/KNLA)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ ဖြစ်ပါတယ်။

RFA Burmese




NCA မပျက်ပေမယ့် ငြိမ်းချမ်းရေးဆွေးနွေးမှု ဆက်လုပ်မှာမဟုတ် NCA မပျက်ပေမယ့် ငြိမ်းချမ်းရေးဆွေးနွေးမှု ဆက်လုပ်မှာမဟုတ် Reviewed by THITHTOOLWIN on 21:51 Rating: 5

No comments:

Powered by Blogger.