ထားဝယ်မှာ ဆေးကုသမှုတွေ ရပ်ထားဖို့ ညွှန်ကြားစာ MSF အဖွဲ့ လက်ခံရခဲ့


ဆေးကုသမှု လုပ်ငန်းတွေ ဆိုင်းငံ့ထားဖို့ ဒေသန္တရ အာဏာပိုင်တွေဆီက ညွှန်ကြားစာတစ်စောင်ကို တနင်္သာရီတိုင်း ထားဝယ်မြို့မှာ ရှိတဲ့ MSF နယ်စည်းမထား ဆရာဝန်များအဖွဲ့က မနေ့က လက်ခံရခဲ့တယ်လို့ သိရပါတယ်။

ဒီလိုဆိုင်းငံ့လိုက်တဲ့အတွက် MSF က ဆေးကုသပေးနေတဲ့ထားဝယ်မြို့ မေတ္တာရိပ် ဆေးခန်းက HIV/AIDS လူနာ ၂၁၆၂ ဦး အပေါ် တိုက်ရိုက် ထိခိုက်လာနိုင်ပြီး ARV ဆေးကုသ ခံရဖို့ အခက်ကြုံလာမှာ ဖြစ်တယ်လို့ (MSF) နယ်စည်းမထား ဆရာဝန်များအဖွဲ့ရဲ့ ညွှန်ကြားရေးမှူးချုပ် စတီဖင် ကောနစ်ရှ်က သူ့ရဲ့ တွစ်တာ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းခဲ့အပြီးနောက်ပိုင်း အစိုးရဆေးရုံတွေ မလည်ပတ်တော့တဲ့အတွက် အဲဒီဆေးခန်းမှာ MSF ရဲ့ ဆေးကုသမှု ခံယူနေတဲ့ တီဘီရောဂါသည် လူနာတွေလည်း ရှိနေပါတယ်။

MSF ရဲ့ ဆေးကုသမှုလုပ်ငန်းတွေ ဆိုင်းငံ့လိုက်ရတဲ့အတွက် လူနာအတော်များများ အသက်အန္တရာယ်နဲ့ ကြုံလာရနိုင်ပြီး နောက်ထပ် ရောဂါကူးစက်မှုတွေ ဖြစ်လာနိုင်သလို လူနာအသစ်တွေ အထူးသဖြင့် HIV ရောဂါကျွမ်းနေသူတွေအနေနဲ့ အသက်ဘေးကနေ ကာကွယ်ပေးနိုင်မယ့် ကုသမှုတွေ ရနိုင်တော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် လူနာအတော်များများဟာ ကုသမှုမှာ အရေးပါတဲ့စိတ်ပိုင်းဆိုင်ရာ အကြံပေးဆွေးနွေး ကုသမျိုးတွေကို ရနိုင်တော့မှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

MSF အဖွဲ့ဟာ ARV ဆေးတွေ ထပ်ပေးဖို့ လူနာ ၁၀၀ ကို လက်ခံထားပြီး ဖြစ်ပြီး ထားဝယ်မြို့ ပြင်ပမှာ နေထိုင်နေသူ လူနာတွေအတွက် ဆေးတွေ ပို့ပေးဖို့ကိုလည်း စီစဉ်နေတယ်လို့ ဆိုပါတယ်။

MSF အဖွဲ့ဟာ နှစ်ပေါင်း ၂၀ နီးပါးကြာ ထား၀ယ်မြို့မှာ HIV လူနာတွေအတွက် အဓိက ကုသပေးနေတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပြီး မူးယစ်ဆေးစွဲနေသူတွေ၊ ရွှေ့ပြောင်းလုပ်သားတွေလို ဖယ်ကျဉ်ခံထားရသူတွေအတွက် အားပေးကူညီမှုတွေ လုပ်လာခဲ့တာလို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေး မတည်မငြိမ်မှုတွေ ရှိခဲ့တဲ့ကြားက MSF အဖွဲ့ဟာ ခုချိန်ထိ ဆေးကုသမှုတွေ မပြတ် ဆက်လုပ်လာနိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။

ဆေးကုသမှုလုပ်ငန်းတွေကို ဘာ့ကြောင့် အခုလို ဆိုင်းငံ့ခိုင်းခဲ့တာလဲဆိုတာကို အသေအချာ သိရဖို့ MSF အဖွဲ့က ဒေသန္တရ ကျန်းမာရေးအာဏာပိုင်တွေကို ဆက်သွယ်မေးထားပြီး ဒီဆုံးဖြတ်ချက်ကို ပြန်ပြင်ပေးဖို့ကိုလည်းပန်ကြားထားတယ်လို့ သိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57242648

ထားဝယ်မှာ ဆေးကုသမှုတွေ ရပ်ထားဖို့ ညွှန်ကြားစာ MSF အဖွဲ့ လက်ခံရခဲ့  ထားဝယ်မှာ ဆေးကုသမှုတွေ ရပ်ထားဖို့ ညွှန်ကြားစာ MSF အဖွဲ့ လက်ခံရခဲ့ Reviewed by THITHTOOLWIN on 20:54 Rating: 5

No comments:

Powered by Blogger.