အကြမ်းဖက်လုပ်ရပ်တွေ အားပေးကြောင်း စွပ်စွဲချက် KNPP ပယ်ချ

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်း မြန်မာစစ်တပ်ရဲ့ ပစ်ခတ်မှုတွေကြောင့် တောတောင်ထဲ ပုန်းအောင်နေရတဲ့ ဒေသခံအချို့။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်လှုပ်ရှားသူတွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ပံ့ပိုးကူညီနေကြောင်း မြန်မာစစ်ကောင်စီရဲ့ စွပ်စွဲချက်ကို စွပ်စွဲခံခဲ့ရတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ KNPP က ပယ်ချလိုက်ပါတယ်။ ဆန္ဒပြလူငယ်တွေ ကိုယ့်ဘာသာ ခုခံကာကွယ်နိုင်အောင် သင်တန်းပေးခဲ့တာသာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။ စနေနေ့က စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲမှာ KNPP အပြင် KIA ကချင်လွတ်မြောက်ရေးတပ်ဖွဲ့နဲ့ KNU ကရင်အမျိုးသားအစည်းအရုံးတို့ကိုပါ အကြမ်းဖက်လုပ်ရပ်တွေကို အားပေးနေတယ် ဆိုပြီး စွပ်စွဲလိုက်တဲ့အပေါ် တုံ့ပြန်ချက်ကိုတော့ ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒုဝန်ကြီးလည်းဖြစ်တဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းက …

“အကြမ်းဖက်သင်တန်းတွေ ထောက်ပံ့မှုတွေမှာ EAO အဖွဲ့အချို့ရဲ့ ပါဝင်ပတ်သက်နေမှုကို ကျနော်တို့ပြောပါမယ်။ KNPP အဖွဲ့ထံကနေ ဧပြီလ ၁၆ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ လက်နက်ငယ်နဲ့ မိုင်းသင်တန်းတက်ပြီး ပြန်လာတဲ့သူ ၇၄ ဦးကို ဧပြီလ ၃၀ ရက်နေ့မှာ ဖရူဆိုမြို့ မြို့ရှောင်လမ်းမှာ ဖမ်းဆီးရမိတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။” လို့ ပြောပါတယ်။

ဒီအပေါ် KNPP အတွင်းရေးမှူး ၁ ခူးဒန်နီယယ်ကတော့ အခုလို တုံ့ပြန်ပါတယ်။

“အဲဒီတုန်းကလည်း သပိတ်က ရှိနေတုန်းဆိုတော့ သပိတ်မှောက်တဲ့အချိန်မှာ ဖြိုခွဲလိုက်ရင် ဘယ်လိုရှောင်ရှားမှာတို့၊ ဘယ်လိုကာကွယ်ရမလဲ စသဖြင့် အဲဒါ အဓိက သင်ပေးတယ်။ လူငယ်ဆိုတော့လည်း အခြေခံလက်နက်ငယ်ကတော့ တရက်နှစ်ရက်လေးကတော့ ဘာမှမဟုတ်လောက်ဘူးပေါ့လေ။ တကယ်တမ်း ကျွမ်းကျင်တဲ့ ရဲဘော်တယောက် ဖြစ်ဖို့ဆိုတာက သင်တန်းတွေ အများကြီး ရှိရတယ်။ မိုင်းထောင်တဲ့ဟာက ကျနော်တို့ မပေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ အန္တရာယ်လည်း ရှိတယ်။ နောက်ပြီးတော့ ကုန်ကြမ်း အများကြီး စုဆောင်းရတယ်။ အချိန်ပေးရတယ်။ အဲဒီဟာက ဒီ တပတ်နှစ်ပတ်နဲ့ကတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။”

ဒါ့အပြင် လက်နက်သင်တန်း ပေးတာအတွက်လည်း ခူးဒန်နီယယ်က…

“ကျနော်တို့ လက်နက်ငယ်သင်တန်းမှာကတော့ ရုန်းရင်းဆန်ခတ်ဖြစ်တဲ့အချိန်မှာ သူတို့လက်ထဲမှာ လက်နက်ရကောင်း ရနိုင်တယ်ပေ့ါလေ။ အဲဒီလက်နက်ကို ဘယ်လိုအန္တရာယ်ရှိလဲ၊ ဘယ်လိုအသုံးပြုရမလဲ၊ တဖက်က တကယ်ပစ်မယ်ဆိုရင် ဘယ်လို ပြန်သုံးရမလဲ ဆိုတာတော့ နည်းနည်းပါးပါး ပါတယ်လေ။ အဓိကတော့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့လောက်ပါပဲ။” လို့ ပြောပါတယ်။

ကယားပြည်နယ်အတွင်း ဖြစ်နေတဲ့ တိုက်ပွဲတွေ အပေါ်မှာလည်း ခူးဒန်နီယယ်က စိုးရိမ်တကြီး ပြောခဲ့ပါတယ်။

“ရဲစခန်းတွေကို လာတိုက်တဲ့လူကိုတော့ တပ်အနေနဲ့က ပြန်တိုက်မှာပဲ။ လက်နက်ကိုင်တဲ့လူ အချင်းချင်းကတော့ ပြဿနာမရှိဘူး။ သို့သော် ဘာမှမသိတဲ့ ကျေးရွာက လူထုတွေ၊ ရပ်ကွက်ထဲက လူထုတွေကိုတော့ ရမ်းမပစ်သင့်ဘူးပေါ့။ ဘုရားကျောင်းတို့၊ ဘုန်းကြီးကေျာင်းတို့၊ ဆေးရုံ ဆေးခန်းတို့ဆိုရင် အများသူငါ အသုံးပြုနေတဲ့ အဆောက်အဦးတွေကို မပစ်ခတ်ရဘူး၊ အဲဒီမှာ အခြေမချရဘူး။ သို့သော် အဲဒီဟာကိုပဲ ဦးတည်ပြီးမှ ပစ်နေတော့ လက်နက်ကြီးတွေနဲ့ ရမ်းထုတော့လည်း ဘာမှမဆိုင်တဲ့ လူထုက ထွက်ပြေးနေရတယ်။ ရွာထဲကျတယ်၊ ထိတာများနေပြီလေ။”

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ငြိမ်းချမ်းရေးကို မထိခိုက်စေချင်လို့ပါလို့ ဆိုပါတယ်။

“ဒါတွေကို ကျနော်တို့ ပြောနေခြင်းသည် NCA ကို လိုက်နာနိုင်အောင်လို့၊ ငြိမ်းချမ်းရေးအတွက် အနှောင့်အယှက် မဖြစ်နိုင်အောင်လို့ ပြောနေခြင်း ဖြစ်ပါတယ်။ ခင်ဗျားတို့ EAO အဖွဲ့တွေ အကုန်ပါတာမဟုတ်ဘူး။ EAO အဖွဲ့ အဖွဲ့အစည်းကြီးထဲကမှ တချို့ တပ်မဟာတချို့နဲ့ တချို့ တပ်ရင်းတချို့က လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ခင်ဗျားတို့ သင်ပေးလိုက်တဲ့ ခင်ဗျားတို့ရဲ့ တပည့်တွေဟာ ဒီနိုင်ငံထဲ ဒီထဲမှာ မြို့ထဲဝင်ပြီး ကျောင်းတွေကို ဗုံးခွဲနေတယ်၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ ဗုံးခွဲနေတယ်ဆိုတာ ကျနော် အသိပေးလိုက်ခြင်း ဖြစ်ပါတယ်။”

ဒါပေမယ့် ခူးဒန်နီယယ်ကတော့ ငြိမ်းချမ်းရေးက စစ်အာဏာသိမ်းတာကြောင့် ထိခိုက်ပြီးသွားပါပြီလို့ ပြန်စွပ်စွဲလိုက်ပါတယ်။

“ငြိမ်းချမ်းရေး အနေနဲ့ကတော့ ဒီအာဏာသိမ်းပြီးကတည်းက ငြိမ်းချမ်းရေးက ပျက်စီးသွားပြီ။ အမှန်ကတော့ အာဏာမသိမ်းရင် ငြိမ်းချမ်းရေး ဖြစ်စဉ်က သူ့ဟာသူ ရှိနေမှာပဲ။ အာဏာသိမ်းလိုက်တာနဲ့ နေရာတကာ ဆန္ဒပြလာတယ်၊ လူထုတွေ ဖြိုခွဲမှုခံရတယ်၊ ပစ်သတ်ခံရတယ်၊ တိုက်ပွဲတွေ ဖြစ်လာတယ်၊ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေကလည်း တိုက်ပွဲတွေ ဖြစ်လာတယ်။ ဆိုတော့ သင်တန်းပေးရုံနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်တာမျိုးကတော့ မရှိပါဘူး။ ကျနော်တို့ နွေရာသီတိုင်း လူငယ်စွမ်းရည်မြှင့်တင်ရေး သင်တန်းဆိုတာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတိုင်းက ပေးတာပါပဲ။ မိုင်းထောင်တဲ့ အဆင့်အထိကတော့ ကျနော်တို့မှာ မရှိဘူး။”

အခုငြိမ်းချမ်းရေးကို ဘယ်လို ပြန်တည်ဆောက်ဖို့ အကြံပြုချင်ပါလဲလို့ မေးရာမှာ ခူးဒန်နီယယ်က …

“အမှန်ကတော့ ဗမာပြည်တခုလုံးက ဒီလိုဆက်သွားနေလို့ကတော့ မဖြစ်တော့ဘူး။ ဆိုင်ရာ အဖွဲ့အစည်းတိုင်း နိုင်ငံရေးပါတီတိုင်းက တိုင်းပြည်ကို အေးချမ်းအောင် ဘယ်လိုလုပ်မလဲ၊ နိုင်ငံရေးလမ်းကြောင်းပေါ် ဘယ်လိုပြန်သွားမလဲ ဆိုတဲ့ဟာတော့ ဆွေးနွေးသင့်တယ်။ တဖက်မှာ နိုင်ငံတော်ရဲ့ အကြီးအကဲတွေကိုလည်း ဖမ်းထားတာတွေ ရှိတယ်လေ။ သူတို့ ထောင်ထဲမှာ ရှိနေသရွေ့ကတော့ ဒီကိစ္စ ပြေလည်မှာမဟုတ်ဘူး။ အဲဒါကြောင့် လွှတ်ပေးသင့်တဲ့လူတွေ လွှတ်ပေး၊ ဆွေးနွေးသင့်တဲ့လူတွေနဲ့ ဆွေးနွေးမှသာလျှင် ဒီပြဿနာက ပြေလည်နိုင်မယ်။” လို့ ပြောပါတယ်။

တကယ်တော့ စစ်ကောင်စီဘက်ကလည်း အရင်အာဏာသိမ်းခဲ့သလို နောက်ဆုံးမှာ ပြန်ထိန်းချုပ်နိုင်မယ်လို့ ယူဆနေချိန်မှာ ဆန့်ကျင်တော်လှန်သူတွေဘက်ကလည်း ဒီတခေါက်တော့ သူတို့ နိုင်ကို နိုင်မှရမယ်လို့ ဆက်တိုက်ပွဲဝင်နေကြပါတယ်။


ကိုဝင်းမင်း/ VOA Burmese

https://burmese.voanews.com/a/sac-presser-knpp-react/5926918.html

အကြမ်းဖက်လုပ်ရပ်တွေ အားပေးကြောင်း စွပ်စွဲချက် KNPP ပယ်ချ အကြမ်းဖက်လုပ်ရပ်တွေ အားပေးကြောင်း စွပ်စွဲချက် KNPP ပယ်ချ Reviewed by THITHTOOLWIN on 20:11 Rating: 5

No comments:

Powered by Blogger.