မိုင်းယော် မန်ပန်ပြည်သူ့စစ် ကို KIA တပ်မှ (၂ )ရက်အတွင်း တပ်ဆုတ်ခိုင်း


သျှမ်းသံတော်ဆင့်၊ ဇွန် ၂၁ရက် 

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် အတွင်းရှိ လှုပ်ရှားနေသည့် မန်ပန်ပြည်သူ့စစ်ကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က  (၂) ရက်အတွင်း တပ်ဆုတ်ထွက်ခွာရန် ညွှန်ကြားထားကြောင်း စုံစမ်းသိရှိရသည်။ 

မိုင်းယော်တိုက်နယ် ဆေးရုံအနီး ဂုံထိပ်တွင် တပ်စွဲထားသည့် မန်ပန်ပြည်သူ့စစ် ကို KIA က ယမန်နေ့ (ဇွန် ၂၀)ရက်တွင် တပ်ဆုတ်ရန် ညွှန်ကြားထားကြောင်း သတင်းရရှိသည်။

“ မန်ပန်ပြည်သူစစ်က  မိုင်းယော်မြို့အဝင်မှာရှိနေတယ်။ KIA က မန်ပန်ပြည်သူ့စစ်ကို တို့ကိုတပ်ဆုတ်ထားခိုင်းတာ (၂)ရက်တော့ရှိပြီ။ သူတို့ ဆုတ်သွားတာတော့ မရှိဘူး။ တပ်ကိုပိုပြီးခိုင်းမာအောင်လုပ်ထားတယ်။ သူတို့မဆုတ်ရင်တော့ စစ်ဖြစ်မလားမသိဘူး ” ဟု မိုင်းယော်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ 

KIA တပ်မှ ညွှန်ကြားထားသော်လည်း မန်ပန်ပြည်သူ့စစ်တပ်အနေဖြင့် နောက်ဆုတ်ပေးခြင်းမရှိသည့်အပြင် တပ်စခန်းကို ပိုပြီး ခိုင်မာအောင် တည်ဆောက်တပ်စွဲထားသည့်အတွက် မိုင်းယော်တိုက်နယ်တွင်နေထိုင်သည့် ပြည်သူများက စစ်ဖြစ်ပွားမည်ကို စိုးရိမ်ပူပန်နေရကြောင်း သိရသည်။

“ ကျနော်တို့တော့ စစ်ဖြစ်မှာကြောက်တာပေါ့။ စိုးရိမ်တယ်။ ညညဆို အိပ်တောင်းမပျော်ဘူး။ စစ်ဖြစ်ရင်ဘယ်ကိုထွက်ပြေးရမလဲမသိဘူး။ စစ်မဖြစ်စေချင်ဘူး။” ဟု အထက်ပါ ဒေသခံ ကပြောသည်။ 

ထိုသို့ မန္ပန်ပြည်သူစစ်ကို တပ်ဆုတ်ခိုင်းသည့် ကိစ္စနှင့်ပတ်သတ်ပြီး ကချင်တပ်မတော် (KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူးက “ ကျနော် အဲသတင်းကတော့ မကြားပါဘူး။ ဒေသခံတွေကအထင်နေမှာပါ။ ကျနော်တို့ ဗဟိုကော်မတီအနေနဲ့ ညွှန်ကြားတာတော့ မဖြစ်နိုင်ပါဘူး” ဟု သျှမ်းသံတော်ဆင့် ကိုပြောသည်။ 

ဆက်လက်ပြီး လက်ရှိ မိုင်ယော်မြို့တွင် ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ကိုးကန့် နှင့် တအောင်း(ပလောင်း)TNLA တပ်တို့ကပူးပေါင်းပြီး မိုင်ယော်မြို့ကို Lookdown လော့ဒေါင်းချလိုက်ပြီးဖြစ်ကြောင်းသိရသည်။ 

“ ကိုဗစ်ကြောင့်ဆိုပြီး မြို့ဝင်မြို့ထွက်တွေကိုပိတ်လိုက်ပြီး။ လားရှိုးကနေလည်း မိုင်ယော်ထဲဝင်လာလို့မရတော့ဘူး။ မိုင်းယော်ကနေလည်း ထွက်သွားလို့မရတော့ဘူး။ ကို့ကန်နဲ့ TNLA တို့က ပူးပေါင်းပြီးတော့ ပိတ်လိုက်တာ။ အဝင်အထွက်မပေးလုပ်တော့ဘူး။ ဒါမဲ့ ခြံတော့ သွားလို့ရတယ်။” ဟု မိုင်းယော်မြို့ ဒေသခံတစ်ဦးက ပြောသည်။ 

လားရှိုးမြို့နယ် မိုင်းယော်ဒေသတွင် SSPP/SSA၊ TNLA ၊MNDAA၊ KIA ၊ စစ်ကောင်စီ နှင့် မန်ပန်ပြည်သူ့စစ်တို့ လှုပ်ရှားရာနေရာဒေသဖြစ်ပြီး၊ မကြာခဏ လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည့် ဒေသတခုဖြစ်သည်။


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

မိုင်းယော် မန်ပန်ပြည်သူ့စစ် ကို KIA တပ်မှ (၂ )ရက်အတွင်း တပ်ဆုတ်ခိုင်း မိုင်းယော် မန်ပန်ပြည်သူ့စစ် ကို  KIA တပ်မှ (၂ )ရက်အတွင်း တပ်ဆုတ်ခိုင်း Reviewed by THITHTOOLWIN on 19:55 Rating: 5

No comments:

Powered by Blogger.