လက်နက်ကိုင်တော်လှန်မှုတွေ အနှံ့အပြား ရှိလာနေတာကြောင့် စိုးရိမ်စရာ ဖြစ်လာနေကြောင်းICG သတိပေး



Share/Bookmark

စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းကစလို့ မြန်မာနိုင်ငံအနှံ့အပြားမှာ ပဋိပက္ခတွေ ပျံ့နှံ့လာခဲ့ရာမှာ အခုအခါ ကျေးလက်မှာရော၊ မြို့ပြမှာပါ ပြည်သူတွေ လက်နက်ကိုင်စွဲ တော်လှန်တိုက်ခိုက်လာနေကြပြီး ထိန်းမနိုင်သိမ်းမရ မင်းမဲ့အခြေအနေမျိုး တဖြည်းဖြည်း ရောက်လာနေပြီလို့ နိုင်ငံတကာ ပဋိပက္ခဖြေရှင်းရေးအဖွဲ့ International Crisis Group (ICG) က ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။

တချို့က တူမီးသေနတ်တွေ၊ အိမ်လုပ်လက်နက်တွေနဲ့ တိုက်ခိုက်နေကြတာ ဖြစ်ပေမဲ့ တချို့ကတော့ အခုအခါ ပိုကောင်းမွန်တဲ့ လက်နက်တွေနဲ့ တိုက်ခိုက်လာနေကြပြီမို့ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တွေဘက်မှာ ထိခိုက်သေဆုံးမှုတွေ ပိုကြီးမားလာစေခဲ့တာပါ။

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တွေဘက်က ဘယ်သူဘယ်ဝါ မရွေးဘဲ လူနေထိုင်တဲ့ဒေသတွေကို အမြောက်တွေနဲ့ လှမ်းပစ်တာ၊ လေကြောင်းကနေ ဗုံးကြဲတာ၊ ရဟတ်ယာဉ်နဲ့ ပစ်ခတ်တာတွေမျိုးတွေနဲ့ တုံ့ပြန်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

"Taking Aim At The Tatmadaw: The New Armed Resistance To Myanmar's Coup""တပ်မတော်ကို ပစ်မှတ်ထားရင်း-စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ လက်နက်ကိုင်တော်လှန်မှုသစ်" လို့်အဓိပ္ပာယ်ရတဲ့ ICG ရဲ့ အဲဒီအစီရင်ခံစာထဲမှာ အဏာသိမ်း စစ်ကောင်စီရဲ့ တွေ့ရမရှောင် ပြင်းထန်တဲ့ တုံ့ပြန်တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး၊ အမျိုးသား ကလေးငယ် သိန်းနဲ့ချီ နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတယ်လို့ ဖော်ပြထားပါတယ်။

လုံခြုံရေးအခြေအနေအရရော၊ စစ်တပ်ရဲ့ ဖမ်းဆီးခံရမှု၊ ကယ်ဆယ်ရေး အထောက်အပံ့တွေ သိမ်းဆည်းခံရမှု၊ အထောက်အပံ့ ပို့ပေးဖို့ ကြိုးစားသူတွေ သတ်ဖြတ်ခံရမှု အပါအဝင် အဲဒီနေရာဒေသတွေကို သွားရောက်ခွင့် ပိတ်ပင်ခံထားရမှုမျိုးလို ကန့်သတ်ချက်တွေကြောင့် ဒေသန္တရ ကွန်ရက်အဖွဲ့တွေ၊ ကယ်ဆယ်ရေး အေဂျင်စီတွေအနေနဲ့ အဲဒီဒုက္ခသည်တွေကို လုံလောက်တဲ့ အကူအညီတွေ မပေးနိုင်ဘူး လို့ ဆိုပါတယ်။

ဒေသခံတွေနဲ့ ကြုံသလို ဖွဲ့ထားတဲ့ အရပ်သားအဖွဲ့လို အဖွဲ့မျိုးတွေကနေ အခုအခါ ပိုစနစ်တကျနဲ့ ပိုကောင်းတဲ့ လက်နက်တွေ ကိုင်ဆောင်ထားပြီး အထောက်အပံ့တွေကောင်းကောင်း ရှိနေတဲ့ လက်နက်ကိုင် ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေ အလျင်အမြန် ပေါ်ထွန်းလာခဲ့တာဟာ ဆယ်စုနှစ်ပေါင်းများစွာကြာမြင့်နေတဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်မှာ အဆင့်သစ်တစ်ရပ် တက်လှမ်းလာတဲ့ လက္ခဏာဖြစ်တယ်လို့ အဲဒီအစီရင်ခံစာမှာ သတိပေးထားပါတယ်။

တပ်မတော်အနေနဲ့ အင်အားအလွန်အကျွံ မသုံးဖို့၊ တိုက်ခိုက်ရေးသမားတွေနဲ့ အရပ်သားတွေကို ခွဲခြားသိရှိဖို့နဲ့ စစ်ဘေးရှောင်တွေအတွက် ကယ်ဆယ်ရေးအထောက်အပံ့တွေကို အတားအဆီး အကန့်အသတ်မရှိ သွားရောက် ထောက်ပံ့ခွင့် ပြုဖို့ ဆိုတဲ့ နိုင်ငံတကာစည်းမျဉ်းတွေကို လိုက်နာသင့်တယ်လို့လည်း ICG အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီကို တန်ပြန် အကျိုးတွေနဲ့ ရင်ဆိုင်ရအောင် အရေးယူဆောင်ရွက်ဖို့ ကုလသမဂ္ဂ အပါအဝင် ပြည်ပက ကမ္ဘာ့နိုင်ငံတွေမှာ တာဝန်ရှိတယ်လို့လည်း ဆိုပါတယ်။

တခါ အခုအသစ်ဖွဲ့စည်းလိုက်တဲ့ အရပ်သား လက်နက်ကိုင်တပ်ဖွဲ့တွေဘက်ကလည်း ဖမ်းဆီး ထိန်းသိမ်းထားသူတွေကို ညှင်းပန်း နှိပ်စက်တာမျိုး၊ အထူးသဖြင့် သတ်ဖြတ်တာမျိုးတွေကို ရှောင်ကြဉ်ဖို့ လိုတယ်လို့လည်း နိုင်ငံတကာ ပဋိပက္ခဖြေရှင်းရေးအဖွဲ့ ICG ရဲ့ အစီရင်ခံစာမှာ တိုက်တွန်း ဖော်ပြထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57497528



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ