ထိုင်းမှာ ဖမ်းဆီးခံထားရတဲ့ DVB သတင်းသမား ၃ ဦး ထောင်ဒဏ် ၇ လစီ ပြစ်ဒဏ် ချမှတ်ခံရ



 DVB နဲ့ FCCT ထုတ်ပြန်ချက်။ ချင်းမိုင်မြို့မှာ DVB သတင်းသမားတွေ ဖမ်းဆီးခံရစဉ်။

ဘန်ကောက်၊ ဇွန် ၂၊ ၂၀၂၁

ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ DVB သတင်းဌာနက သတင်းသမား ၃ ဦးနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၂ ဦးကို မေလ ၂၈ ရက်နေ့မှာ ထောင်ဒဏ် ၇ လနဲ့ ထိုင်းဘတ်ငွေ ၂ ထောင်စီ (သတင်း တချို့မှာ ဘတ် ၄ ထောင်လို့ ပါရှိ) ပြစ်ဒဏ် ချမှတ်လိုက်တယ်လို့ ဇွန်လ ၁ ရက်နေ့က ထိုင်း အခြေစိုက် Prachatai သတင်းမှာ ဖော်ပြပါတယ်။ 

သူတို့ ၅ ဦးကို ဘန်ကောက်မြို့ရှိ ထိုင်း လူဝင်မှုကြီးကြပ်ရေး ဌာန (လဝက) ထိန်းသိမ်းရေး စခန်းမှာ ထားရှိကြောင်း၊ သူတို့ ရဲ့ ရှေ့နေတွေက အာမခံရဖို့အတွက် ကြိုးစား ညှိနှိုင်းနေကြောင်းလည်း ဆိုပါတယ်။

ထိုင်း လဝက ဥပဒေ ပုဒ်မ ၁၁၊ ပုဒ်မ ၁၈ တို့နဲ့ အရေးယူ ပြစ်ဒဏ် ချမှတ်ခြင်း ဖြစ်ကြောင်း သိရပါတယ်။

အမှုနဲ့ပတ်သက်ပြီး ချင်းမိုင်မြို့ရှိ မြန်မာ ကောင်စစ်ဝန်ရုံးနဲ့ ထိုင်း ဝန်ကြီးချုပ် ရုံးတို့ကလည်း စောင့်ကြည့်လေ့လာ နေတယ်လို့ ရှေ့နေတွေက ပြောကြောင်းလည်း သတင်းက ဖော်ပြပါတယ်။ 

ဇွန် ၂ ရက်နေ့ Channel News Asia သတင်းမှာတော့ အခုပြစ်ဒဏ်ချမှတ် ခံရတဲ့သူတွေဟာ မိခင်နိုင်ငံကို ပြန်ပို့ခံရ နိုင်ကြောင်း ရှေ့နေက ပြောဆိုတယ်လို့ ဖော်ပြတာ တွေ့ရပါတယ်။

ဒါ့အပြင် အခု ၅ ဦးကို ပြစ်ဒဏ် ချမှတ်ရာမှာ ၁ နှစ် ဆိုင်းငံ့ ပြစ်ဒဏ် ဖြစ်ပြီး ၁ ဦးကို ဘတ်ငွေ ၄ ထောင်စီ (၁၂၈ ဒေါ်လာ) ချမှတ်ခြင်း ဖြစ်ကြောင်း ရှေ့နေက ပြောတယ်လို့လည်း ဆိုပါတယ်။ 

ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး DVB က ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ အမှုဆောင် ဒါရိုက်တာ ဦးအေးချမ်းနိုင်က ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကို အကူအညီ တောင်းခံခဲ့ရာမှာ“သူတို့ကို မြန်မာနိုင်ငံ ပြန်ပို့ရင် သူတို့ အသက်အန္တာယ် ရှိလိမ့်မယ်”လို့ ပြောကြောင်း ဖော်ပြထားပါတယ်။

ဖမ်းဆီးထားတဲ့ လူ ၅ ဦးကို မြန်မာနိုင်ငံဘက် ပြန်မပို့ဖို့ ထိုင်း အာဏာပိုင်တွေကို မေတ္တာရပ်ခံထားတယ်လို့လည်း ဆိုပါ တယ်။

ထိုင်းနိုင်ငံ နိုင်ငံခြား သတင်းထောက်များ အဖွဲ့(FCCT) ကလည်း“ဒီလူ ၅ ယောက်ဟာ ဖမ်းဆီးမှုနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေ ကြုံတွေ့ရနိုင်ပြီး သူတို့ရဲ့အလုပ်ကြောင့်နဲ့ DVB နဲ့ ဆက်သွယ်မှုအတွက် မည်သည့် အခြေအနေမျိုးမှာမဆို မြန်မာနိုင်ငံကို ပြန်ပို့ခြင်း မပြုသင့် ပါ”လို့ ထုတ်ပြန် ပြောဆိုထားပါတယ်။

“DVB သတင်းထောက်တွေနဲ့ ၎င်းတို့နဲ့ သက်ဆိုင်တဲ့သူတွေကို ထိန်းသိမ်းခြင်းက ကင်းလွတ်ခွင့်ပြုပြီး အရေးတကြီး အကာ အကွယ်ပေးဖို့နဲ့ ထိုင်းနိုင်ငံမှာ ခေတ္တနေထိုင်ခွင့် ပြုသင့်တယ်”လို့လည်း FCCT က ဆိုထားပါတယ်။

အခု ပြစ်ဒဏ် ချမှတ်ခံရတဲ့ ၅ ဦးကို ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှုနဲ့ မေလ ၉ ရက်နေ့မှာ ထိုင်း ရဲတပ်ဖွဲ့က ချင်းမိုင် မြို့မှာ ဖမ်းဆီးခဲ့ခြင်း ဖြစ်ပါတယ်။ 

အဆိုပါ ၅ ဦးဟာ DVB အပါအဝင် ပြည်တွင်းမှာ သတင်း မီဒီယာ ၅ ခုကို ထုတ်ဝေခွင့် ပိတ်သိမ်းလိုက်ချိန် နယ်စပ် ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံ အတွင်းက နေအိမ် ၁ အိမ်မှာ ရောက်ရှိနေချိန် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

မတ်လ ၃ ရက်နေ့က ပဲခူးတိုင်း ပြည်မြို့မှာ အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးသွားတဲ့ ပြည်မြို့အခြေစိုက် DVB သတင်းထောက် ကိုမင်းညိုကိုလည်း မေလ ၁၂ ရက်နေ့မှာ ပုဒ်မ ၅၀၅ (က)နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ထားပါတယ်။

တနင်္သာရီတိုင်း မြိတ်မြို့ အခြေစိုက် DVB သတင်းထောက် ကိုအောင်ကျော်ကိုလည်း မတ်လ ၁ ရက်နေ့က ဖမ်းဆီးထား ပြီး ဇွန်လ ၂ ရက်မှာ အမိန့်ချမှတ်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းချိန်က စပြီး ဖမ်းဆီးခံထားရတဲ့ သတင်းသမားပေါင်း ၈၆ ဦးခန့်ရှိပြီး လက်ရှိ အချိန် အထိ ၄၉ ဦးခန့်မှာ ပြန်မလွတ်သေးကြောင်း သိရပါတယ်။

မြန်မာနိုင်ငံရဲ့ သတင်း လွတ်လပ်ခွင့် အဆင့်အနေနဲ့ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၄၀ ဖြစ်ကြောင်း ပြင်သစ် အခြေစိုက် နယ်စည်းမခြား သတင်းသမားများ အဖွဲ့ (RSF) ရဲ့ ၂၀၂၁ ခုနှစ် ကမ္ဘာ့ သတင်း လွတ်လပ်ခွင့် သတ်မှတ် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews

ထိုင်းမှာ ဖမ်းဆီးခံထားရတဲ့ DVB သတင်းသမား ၃ ဦး ထောင်ဒဏ် ၇ လစီ ပြစ်ဒဏ် ချမှတ်ခံရ ထိုင်းမှာ ဖမ်းဆီးခံထားရတဲ့ DVB သတင်းသမား ၃ ဦး ထောင်ဒဏ် ၇ လစီ ပြစ်ဒဏ် ချမှတ်ခံရ Reviewed by THITHTOOLWIN on 20:53 Rating: 5

No comments:

Powered by Blogger.