မင်းတပ် CDF နဲ့ စစ်တပ်အကြား တိုက်ပွဲဖြစ်

ချင်းပြည်နယ် မင်းတပ်မြို့က စစ်ဘေးရှောင်တချို့။ (ဓာတ်ပုံ - CJ - ဇွန် ၂၊ ၂၀၂၁)

မကွေးတိုင်းနဲ့ ချင်းပြည်နယ် ထိစပ်နေတဲ့နေရာမှာ ချင်းပြည်နယ်ကာကွယ်ရေး CDF မင်းတပ်အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ ဒီနေ့ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်ခဲ့ကြပါတယ်။ စစ်တပ်ဘက်က ပစ်တဲ့ လက်နက်ကြီးတွေ ကျလို့ မင်းတပ်က စစ်ပြေးဒုက္ခသည်တွေ နောက်ထပ်နေရာတွေမှာ ရွှေ့ပြောင်းနေကြရပါတယ်။ မင်းတပ်ဘက်က အခြေအနေ ရန်ကုန်ကလာတဲ့ သတင်းကို ကိုကျော်ကျော်သိန်းက ပြောပြထားပါတယ်။

မကွေးတိုင်း ယောနယ်နဲ့ ချင်းပြည် ထိဆက်နေတဲ့နေရာမှာ စစ်တပ်နဲ့ ချင်းပြည်နယ်ကာကွယ်ရေးအတွက်ဖွဲ့ထားကြတဲ့ CDF မင်းတပ်အဖွဲ့တွေ ဒီကနေ့ ဇွန် ၃ ရက် မနက်အစောပိုင်းမှာ တိုက်ပွဲဖြစ်ခဲ့ကြပါတယ်။ စစ်တပ်ဘက်က စပြီး ထိုးစစ်ဆင် တိုက်ခိုက်တာဖြစ်တယ်လို့ မင်းတပ် CDF က တာဝန်ရှိသူတဦးက ပြောပါတယ်။

“ကျနော်တို့ဖြစ်တာက ထီးလင်းဘက်ကနေ ချင်းတောင်ဘက်ကို ကျနော်တို့ ယောနယ်နဲ့ ချင်းတောင်အစပ် အောင်သာယာရွာဆိုတဲ့နေရာကနေ သူတို့ ထိုးစစ်ဆင်လာတယ်။ အဲ့ဒီတိုက်ပွဲဖြစ်တယ်။ မနက် အစောပိုင်းမှာ တိုက်ပွဲဖြစ်တယ်။ မနက်အစောပိုင်းမှာ သူတို့နဲ့ကျနော်တို့ တိုက်ပွဲဖြစ်တာပါ။ ကျနော်တို့ဘက်က ဟိုဘက်က ဘယ်နှယောက်ကျတယ် ဘယ်နှယောက်သေတယ်ဆိုတာ အတိအကျ ပြောဖို့ ခဲယဉ်းတယ်။ တယောက်က ကိုယ့်ဟာကိုယ် ထိခိုက်မိတာရှိတယ်။ ကျန်တာ ဟိုဘက်စစ်ကောင်စီဘက်က ၄ ယောက်လောက် ကျတယ်လို့ ကျနော်တို့ အဖွဲ့က ကျနော်တို့ကို လှမ်းပြောပါတယ်။ အဲ့ဒါလည်း confirm လုပ်လို့မရပါဘူး။ မရပါဘူးဆိုတာက ဒါတွေက အတိကျပြောလို့ မရဘူး။ သေချာတာ တခုက ၄ ယောက်လောက်က သူတို့ဆွဲသွားတယ်ပေါ့ ခေါ်သွားတယ်ပေါ့။ အများအားဖြင့် ကျတာ သေချာသလောက်ရှိတယ်။ပြောတယ်။”

မေလ ၁၄ ရက် နဲ့ ၁၅ ရက်တွေမှာ မင်းတပ် CDF နဲ့ စစ်ကောင်စီတပ်တွေ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး CDF က မင်းတပ်မြို့ကနေ ဆုတ်ခွါပေးခဲ့ကြပါတယ်။ အဲဒီနောက် မင်းတပ်မြို့ထဲက နေရာတော်တော်များများမှာ စစ်တပ်က စခန်းချ တပ်စွဲထားပါတယ်။ မင်းတပ်နဲ့ အနီးအနားရှိတဲ့ မြို့ငယ်တွေ ရွာတွေက ဒေသခံ သောင်းနဲ့ချီ စစ်ဘေးလွတ်အောင် ထွက်ပြေးခဲ့ကြရပါတယ်။

အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုတွေ ရှိနေတာနဲ့အတူ CDF တပ်ဖွဲ့တွေ ရှိနိုင်တဲ့နေရာတွေကို စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပါတယ်။ တချို့လက်နက်ကြီးကျည်တွေက မင်းတပ်မြို့ ဧရွာ စစ်ဘေးရှောင်စခန်းအနီးကို ကျရောက်တဲ့အတွက်ကြောင့် စစ်ဘေးရှောင်တွေဟာ နောက်ထပ်ဘေးလွတ်ရာကို ရွှေ့ပြောင်းနေရပါတယ်။ မင်းတပ်ဘက်က စစ်ဘေးဒုက္ခသည် ၁၀,၀၀၀ နီးပါးရှိနေပြီး ယာယီခိုလှုံနိုင်တဲ့ နေရာ ၅၀ လောက်မှာ ခိုလှုံနေကြပါတယ်။ စစ်ကောင်စီကလည်း မင်းတပ်မြို့ပေါ်မှာ ဒုက္ခသည်စခန်း ၁၀ ခုဖွင့်ပေးထားပေမဲ့ လာရောက်ခိုလှုံသူ ၁၀၀ နီးပါးပဲရှိပြီး အများစုဟာ မြို့နဲ့အလှမ်းဝေးတဲ့ စစ်ဘေးရှောင် စခန်းတွေမှာပဲ ခိုလှုံနေကြပါတယ်။

တဆက်တည်းမှာပဲ မန္တလေးတိုင်း မြင်းခြံမြို့မှာ ဒီကနေ့ မနက်အစောပိုင်းက အရပ်ဝတ်နဲ့ ဆိုင်ကယ်စီးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်နှစ်ဦး အမှတ် ၁ တိုးချဲ့ရပ်ကွက်နားအရောက်မှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး တဦးသေဆုံးသွားခဲ့ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ မျက်မြင် မြင်းခြံ မြို့ခံတယောက်က အခုလို ပြောပြပါတယ်။

“၉ နာရီခွဲလောက် စိန်ကြီး လက်ဘက်ရည်ဆိုင်ရှေ့ အဲ့ဒီမှာ ဆိုင်ကယ်နဲ့ လူ ၂ ယောက်ပေါ့နော်။ ရှေ့က ဆိုင်ကယ်စီးတဲ့သူက လဲသွားတာပေါ့။ သေနတ်သံကအကျယ်ကြီးမကြားရဘူး။ အနောက်က ခွလိုက်တဲ့သူက ထွက်ပြေးတာ ရှေ့က လူက လဲသွားတော့။ နောက်ကလူက ပစ္စတိုပါတယ်။ ခဏနေတော့ နာရီဝက်လောက် နေတော့ လူနာတင်ယာဉ်ရောက်လာတယ်။ စစ်ကား၊ စစ်သား ဆိုင်ကယ်နဲ့ ၃ ယောက် ရောက်လာတယ်။ နောက်ကျမှ တခါ ရဲကားတွေရောက်လာတယ်။ သေတာက အရာရှိလို့ပြောတာပဲ လူတော့ မမြင်လိုက် ရဘူး။ သူတို့တခါတည်း လူနာတင်ယာဉ်နဲ့ တင်သွားတယ်။ စစ်တပ်က အရာရှိဘာညာပေါ့။ ရပ်ကွက်ကလည်း နည်းနည်းပါးပါး ကြည့်ရဲတာလေ။ သိပ်မကြည့်ရဲကြဘူးလေ။ တော်ကြာ ပစ်မှာ ခတ်မှာကြောက်တယ်ပေါ့နော်။ အဲ့ဒီလိုကျတော့ ဘယ်လိုပစ်မှန်းကို မသိလိုက်ဘူး။ အရေးပေါ်ဆိုတော့ လဲသွားမှ ကျနော်တို့က သိရတာ။ ပစ်တာက ဘယ်သူပစ်တယ် ဆိုတာမသိဘူး။ ကျနော်တို့ကလည်း ရှေ့ဆိုင်ကယ်ကလဲသွားတယ်။ နောက်လူက ထွက်ပြေးတယ်။ ရှေ့ဆိုင်ကယ်ကလူက သေနတ်ရာတော့ ပါတယ်။ ရင်ဝလား နောက်ကြောလား မသိဘူး မှန်တော့မှန်တယ်။”

ရန်ကုန်၊ မန္တလေး စတဲ့မြို့ကြီးတွေအပြင် တခြားမြို့တွေမှာပါ စစ်ကောင်စီလိုလားသူလို့ အမြင်ခံရသူတွေ ပစ်ခတ် တိုက်ခိုက်ခံရတာတွေ ရှိနေပါတယ်။

ရဲစခန်းနဲ့ ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေအပြင် စစ်ကောင်စီတပ်တွေ စောင့်ကြပ်တဲ့နေရာတော်တော်များများမှာ သဲအိတ်တွေအပြင် သံဇကာတွေပါ ကာရံထားပြီး ကင်းလှည့်ချိန်မှာလည်း အလွယ်တကူ ပေါက်ကွဲစေတဲ့အရာ ကားပေါ် ပစ်ထည့်လို့မရအောင် ဝါးကပ်တွေ ပလပ်စတစ်အမိုးတွေနဲ့ ကာရံထားတာကိုလည်း တွေ့လာရပါတယ်။


ကျော်ကျော်သိန်း/ VOA Burmese

https://burmese.voanews.com/a/min-dat-cdf-mynmar-miiitary/5915135.html

မင်းတပ် CDF နဲ့ စစ်တပ်အကြား တိုက်ပွဲဖြစ် မင်းတပ် CDF နဲ့ စစ်တပ်အကြား တိုက်ပွဲဖြစ် Reviewed by THITHTOOLWIN on 23:34 Rating: 5

No comments:

Powered by Blogger.