ဒေါ်အောင်ဆန်းစုကြည်မွေးနေ့လုပ်တဲ့ နိုင်ငံတဝန်းက ပန်းသပိတ်



Share/Bookmark

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၆ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အဖြစ်နဲ့ နိုင်ငံတဝန်းက မြို့တွေအတော်များများမှာ ဒီနေ့ ပန်းသပိတ်လှုပ်ရှားမှုကို ဆင်နွှဲခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အောက်မေ့ဂုဏ်ပြုတဲ့ အနေနဲ့ ဒီနေ့မှာ အခုလို ပန်းသပိတ်ဆင်နွှဲတာ ဖြစ်တယ်လို့ နွေဦးတော်လှန်ရေး ဆန္ဒပြခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာတေဇာစန်းက ပြောလိုက်ပါတယ်။ ရန်ကုန်၊ မန္တလေး အပါအဝင် နိုင်ငံတဝန်းက ဒီနေ့ ဆန္ဒပြပွဲ အခြေအနေတွေကို ကိုရန်နိုင် စုစည်းတင်ပြထားပါတယ်။

ဒီနေ့ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၆ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အဖြစ်နဲ့ နိုင်ငံတဝန်းမှာ ပြည်သူတွေက ပန်းသပိတ်တွေ ဆင်နွှဲခဲ့ကြပါတယ်။ ရန်ကုန်၊ မန္တလေး အပါအဝင် နိုင်ငံတဝန်းက မြို့ရွာ အတော်များများမှာ လမ်းပေါ်ထွက် ဆန္ဒပြတဲ့သူတွေရော လမ်းပေါ်မထွက်ဘဲ အိမ်တွေ၊ စျေးတွေမှာ သွားလာနေထိုင်ကြသူတွေရောက ပန်းတွေကိုင်ဆောင်ပြီးတော့ရော ခေါင်းမှာ ပန်းတွေပန်ပြီးတော့ရော ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ ပန်းသပိတ်လှုပ်ရှားမှုနဲ့ မန္တလေးက ဒီနေ့ဆန္ဒပြပွဲ အခြေအနေနဲ့ ပတ်သက်ပြီး ဆန္ဒပြခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာတေဇာစန်းက ဗွီအိုအေကို အခုလို ပြောပါတယ်။

ဒေါက်တာတေဇာစန်း - “ကျနော်တို့ ဒီနေ့ဆိုရင် မန္တလေးမှာ မနက်ခင်း အရုဏ်ဦးသပိတ်ကနေ ဒီနေ့ခင်းအချိန်ထိ ခုနလေးက ထွက်ခဲ့ကြတဲ့ နေ့လယ်သပိတ်ရှိမယ်၊ ကျနော်တို့ သပိတ်တွေက ပုံစံမျိုးစုံနဲ့ ရှိနေပါတယ်။ ဒီနေ့ဆိုရင် ကျနော်တို့ သပိတ်စစ်ကြောင်းတိုင်းက ပြည်သူတိုင်းသည် ပန်းလေးတွေကို နည်းလမ်းမျိုးစုံနဲ့ ပန်ဆင်ခဲ့ကြတယ်။ အားလုံး ယောက်ျားလေး၊ မိန်းကလေး မရွေး ပန်းသပိတ်တိုက်ပွဲကို ဆင်နွှဲနေကြတာဖြစ်တယ်။ ဒီနေ့အတွက် ကျနော်တို့ တနိုင်ငံလုံး သပိတ်စစ်ကြောင်းတွေရဲ့ အဓိက ကြွေးကြော်သံကတော့ ကြောက်ခေတ်ကို မှောက်ပစ်၊ Freedom from Fear ပဲ ဖြစ်ပါတယ်။”

ကိုရန်နိုင် - ပန်းသပိတ်ကို ဒီနေ့ ဘာကြောင့်လုပ်ရတာလဲ၊ ပန်းသပိတ်ရဲ့ အဓိကရည်ရွယ်ချက်က ဘာလဲဆိုတာ ပြောပြပါဦး။

ဒေါက်တာတေဇာစန်း - “ကျနော်တို့ ဒီနေ့ ဇွန်လ ၁၉ ရက်နေ့မှာ တနိုင်ငံလုံး ပန်းသပိတ်လှုပ်ရှားမှု ဆောင်ရွက်နေကြပါတယ်။ ဒီပန်းသပိတ်ရဲ့ လှုပ်ရှားမှုကတော့ ကျနော်တို့ ပြည်သူတွေကို အကြမ်းဖက်စစ်ကောင်စီက ဘယ်လောက်ပဲ အကြမ်းဖက်နေပါစေ၊ ရက်စက်နေပါစေ၊ ကျနော်တို့ကို ဘယ်လောက်ပဲ သတ်ဖြတ်နေပါစေ၊ ကျနော်တို့လူထုက အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲကို ဆက်လက်ပြီးတော့ အစွမ်းကုန် တိုက်ပွဲဝင်သွားမယ်၊ အာဏာရှင်ကို ဆက်လက်ပြီးတော့ ကြံ့ကြံ့ခံ ရင်ဆိုင်သွားမယ်။ ကျနော်တို့လူထုအနေနဲ့ ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲဆိုတဲ့ သတင်းစကားကို ပေးစေခြင်းပဲ ဖြစ်ပါတယ်။ နောက်တခုကတော့ ဒီနေ့ ဇွန်လ ၁၉ ရက်နေ့ မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားပေါင်း ၄,၀၀၀ ကျော်ကို ဂုဏ်ပြု၊ အောက်မေ့၊ သတိရခြင်းအားဖြင့်လည်း ကျနော်တို့ ပန်းသပိတ်တိုက်ပွဲကို ဆင်နွှဲရခြင်း ဖြစ်ပါတယ်။”

ကိုရန်နိုင် - နောက်တခုကတော့ ဒီပန်းသပိတ်ရဲ့ ထူးခြားချက်က ဘာလဲ၊ ပန်းသပိတ်ရဲ့ ထူးခြားချက်ဆိုရင် ဘာလို့ပြောမလဲ။

ဒေါက်တာတေဇာစန်း - “ဒီပန်းသပိတ်လှုပ်ရှားမှုကတော့ ပြောရမယ်ဆိုရင် တနို်င်ငံလုံးအဆင့်၊ အားလုံးပါဝင်ဆင်နွှဲလို့ရတဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။ အားလုံးသိကြမှာပါ၊ ဒီနေ့ဆိုရင် တနိုင်ငံလုံးမှာ ကိုယ့်အိမ်ထဲမှာ ကိုယ်နေတဲ့ သာမန်ပြည်သူတွေ အနေနဲ့လည်းပဲ ပန်းသပိတ်လှုပ်ရှားမှုမှာ ပါဝင်ဆောင်ရွက်လို့ ရသလို ကျနော်တို့ လမ်းမထက်က နေ့စဉ်မပြတ် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေကြတဲ့ ပြည်သူတွေကလည်းပဲ ပန်းသပိတ်လှုပ်ရှားမှုကို ပါဝင်ဆောင်ရွက်ကြပါတယ်။ ကိုယ့်အိမ်ထဲမှာ နေပြီးတော့ ပါဝင်လို့ရသလို ကျနော်တို့လူထုက သွေးအေးမသွားဘူး၊ နောက်ဆုတ်မသွားဘူး၊ ကြောက်မသွားဘူးဆိုတဲ့ သတင်းစကားကို မြန်မာပြည်သူတွေကိုရော၊ ကမ္ဘာ့ပြည်သူတွေကိုပါ သိလိုက်စေခြင်းပဲ ဖြစ်ပါတယ်။”

ကိုရန်နိုင် - ကိုတေဇာစန်း ပြောခဲ့သလိုပဲ တနိုင်ငံလုံးက မြို့အတော်များများမှာ ပန်းသပိတ်တွေ ဆင်နွှဲကြတယ်။ လမ်းပေါ်ထွက်တဲ့သူတွေရော အိမ်မှာနေတဲ့သူတွေရော ဆင်နွှဲကြတယ်။ ဒီအခြေအနေအပေါ်မှာ ဘာများပြောနိုင်မလဲ။

ဒေါက်တာတေဇာစန်း - “ဒီ ပန်းသပိတ်လှုပ်ရှားမှုကို တနိုင်ငံလုံး ပါဝင်နေကြတယ် ဆိုတာကို ကြည့်ခြင်းအားဖြင့် ကျနော်တို့လူထုက ဒီအာဏာရှင်တွေ ဘယ်လောက်ပဲ ရက်စက်ပါစေ၊ အကြမ်းဖက်နေပါစေ၊ ဘယ်တော့မှ သွေးအေးသွားမှာ မဟုတ်ဘူး ဆိုတာကို အကောင်းဆုံး သက်သေပြနေခြင်းပဲ ဖြစ်ပါတယ်။ အဲဒီတော့ လူထုက ဒီ အာဏာရှင်စနစ်ကို ဒီအာဏာသိမ်းမှုကို အစွမ်းကုန် ဆက်လက်ပြီးတော့ တိုက်ပွဲဝင်သွားမယ်၊ နည်းလမ်းမျိုးစုံနဲ့ ဆက်လက်ပြီးတော့ ကြံ့ကြံ့ခံ ရင်ဆိုင်သွားမယ် ဆိုတာကို တနိုင်ငံလုံး ပါဝင်ဆင်နွှဲနေတဲ့ ပန်းသပိတ်တိုက်ပွဲက အကောင်းဆုံး သက်သေခံနေတယ်လို့ ကျနော်က ရှုမြင်ပါတယ်။”

ရန်ကုန်မှာလည်း မရမ်းကုန်း၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ အပါအဝင် မြို့နယ်တချို့မှာ ပန်းသပိတ်လှုပ်ရှားမှု ဆန္ဒပြတာတွေ ရှိခဲ့ပြီး သမိုင်းလမ်းဆုံမှာတော့ လူဦးရေ ရာနဲ့ချီ ပါဝင်ခဲ့တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတဦးက အခုလို ပြောပါတယ်။

“ဒီနေ့သပိတ်ကတော့ ကျနော်တို့ သမိုင်းလမ်းဆုံပေ့ါ သမိုင်းမီးပွိုင့်အထိ ကျနော်တို့ ရောက်ခဲ့ပါတယ်။ အင်အားက မရှိဘူးဆိုရင် ကျနော်တို့ ရာဂဏန်းနီးပါး ရှိတယ်ခင်ဗျ။ ၁၀၀ ကျော် အဲဒီလောက်တော့ ရှိပါတယ်။ ပြီးတော့ ကောင်းတာတခုကတော့ ကျနော်တို့ ဒီသပိတ်လုပ်နေတဲ့ အချိန်အတွင်းမှာပဲ ပြည်သူတွေလည်း ပူးပေါင်းလာတာ တွေ့ရတယ်။ ပြီးတော့ ကြက်သီးထဖို့ကောင်းတာကတော့ ကားတွေလည်း ဟွန်းတွေတီးသံတွေလည်း ကြားခဲ့ရတယ်။ သပိတ်လုပ်တာ ပိုပြီးတော့ အောင်မြင်ခဲ့ပါတယ်။ ဖမ်းဆီးခံရတာလည်း မရှိခဲ့ပါဘူး။”

ဒါ့အပြင် မုံရွာ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ တန့်ဆည်၊ ကလေး၊ မြိုင်၊ အောင်လံ၊ မိတ္ထီလာ၊ ပေါင်၊ ထားဝယ်၊ လောင်းလုံ၊ သရက်ချောင်း စတဲ့မြို့တွေမှာလည်း ဆန္ဒပြပြည်သူတွေက ပန်းသပိတ်တွေ ဆင်နွှဲခဲ့ကြပြီး ကြောက်ခေတ်ကို မှောက်ပစ်၊ ဗေဒါပျံ အန်ကိုခဲ ပန်းပန်လျက်ပဲ၊ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ် စတဲ့ဆိုင်းဘုတ်တွေ ပိုစတာတွေ ကိုင်ဆောင်ပြီး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။


ရန်နိုင်/ VOA Burmese

https://burmese.voanews.com/a/daw-aung-san-suu-kyi-brithday-protests/5935111.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ