တစ်နိုင်ငံလုံးကနေ အကျဉ်းသား ၂၂၉၆ ဦး ပြန်လွတ်မြောက်လာ

တစ်နိုင်ငံလုံးကနေ အကျဉ်းသား ၂၂၉၆ ဦး ပြန်လွတ်မြောက်လာ အကျဉ်းသား ၂၃၀၀ ကျော်ကို ပြန်လွှတ်ပေးမယ်လို့ သတင်းတွေ ထွက်ခဲ့တာကြောင့် ရန်ကုန် အင်းစိန်ထောင်ရှေ့မှာ စောင့်ဆိုင်းနေသူတွေကို ၂၀၂၁ ဇွန် ၃၀ ရက်နေ့က တွေ့ရစဉ် / Photo: RFA

ရန်ကုန် အင်းစိန်အကျဉ်းထောင် အပါအဝင် တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်တွေကနေ စစ်အာဏာရှင်ဆန့်ကျင် ရေး လှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံထားရသူ ၂၂၉၆ ဦးကို ဒီကနေ့ ဇွန်လ ၃၀ ရက်နေ့မှာ စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်ပါတယ်။

ဒီကနေ့ ပြန်လွတ်လာသူတွေကတော့ နေပြည်တော်က ၂၂ ဦး၊ ကချင်ပြည်နယ်က ၁၄၅ ဦး၊ ကယားပြည်နယ် က ၁၁ ဦး၊ ကရင်ပြည်နယ်က ၄၇ ဦး၊ ချင်းပြည်နယ်က ၄၈ ဦး၊ စစ်ကိုင်းတိုင်းက ၃၃ ဦး၊ တနင်္သာရီတိုင်းက ၃၂ ဦး၊ ပဲခူးတိုင်းက ၁၁၄ ဦး၊ မကွေးတိုင်းက ၃၆ ဦး၊ မန္တလေးတိုင်းက ၇၁၁ ဦး၊ မွန်ပြည်နယ်က ၃၃ ဦး၊ ရခိုင်ပြည် နယ်က ခြောက်ဦး၊ ရန်ကုန်တိုင်းက ၇၂၁ ဦး၊ ရှမ်းပြည်နယ်က ၄၉ ဦး၊ ဧရာဝတီတိုင်းက ၂၉၆ ဦး စုစုပေါင်း အဖမ်းခံထားရသူ ၂၂၉၆ ဦးကို တစ်နိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင် အသီးသီးကနေ ပြန်လွှတ်ပေးလိုက်တာ ဖြစ်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

    "သူတို့ အုပ်ချုပ်ရေးမှာ အကျပ်တည်းဖြစ်လာတဲ့အခါ နိုင်ငံတကာကို မျက်စိလှည့်ချင်တဲ့အတွက်ကြောင့်မို့လို့ လွှတ်ပေးတယ်လို့ ကျနော်တို့က သုံးသပ်မိတယ်"

ပြန်လွတ်လာသူအများစုဟာ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေကြောင့် တပ်မတော်ကို အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ သတင်းထောက်တွေ၊ ဆနွ္ဒပြလူငယ်တွေနဲ့ လူမှုကယ်ဆယ်ရေး ပရဟိတ လုပ်နေသူတွေဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တာဝန်ရှိသူ တစ်ယောက်ကတော့ ဒီကနေ့ ဖမ်းထားသူတချို့ကို ပြန်လွှတ်ပေးတာကတော့ စိတ်စေတနာသန့်သန့်နဲ့ မဟုတ်ဘဲ နိုင်ငံတကာကို မျက်နှာရအောင် လုပ်ချင်တာကြောင့်ဖြစ်တယ်လို့ မှတ်ချက်ပေးပါတယ်။

“ဒီလိုလွှတ်ပေးတာက တကယ်စိတ်စေတနာသန့်သန့်နဲ့ လွှတ်ပေးတာလို့ ကျနော်တို့ မသတ်မှတ်ဘူး။ တကယ်စိတ်စေတနာ ကောင်းကောင်းနဲ့ ကျနော်တို့ နိုင်ငံ ပြည်သူ၊ ပြည်သားတွေကို ကြည့်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းခြွင်းချက် မရှိ လွှတ်ပေးဖို့လိုတယ်။ ဒီနေ့ လွှတ်ပေးတာက သူတို့လုပ်နေကြအတိုင်းပဲ။ သူတို့ အုပ်ချုပ်ရေးမှာ အကျပ်တည်းဖြစ်လာတဲ့အခါ နိုင်ငံတကာကို မျက်စိလှည့်ချင်တဲ့အတွက်ကြောင့်မို့လို့ လွှတ်ပေးတယ်လို့ ကျနော်တို့က သုံးသပ်မိတယ်”

လွတ်မြောက်လာသူတွေအတွက် ဝမ်းသာသလို အကျဉ်းထောင်တွေမှာ ကျန်နေခဲ့သူတွေလည်း ဒီတော်လှန် ရေးမှာ တစိတ်တဒေသ ပါဝင်နေတာကြောင့် အားတင်းထားဖို့ အားပေးချင်တဲ့အကြောင်း၊ ပြန်လွတ်မြောက် လာသူတွေဟာ အဖမ်းခံရချိန်မှာ၊ စစ်ကြောရေးကာလမှာ ရိုက်နှက်ညှဉ်းပန်းခံရတာတွေကြောင့် စိတ်ပိုင်း၊ လူပိုင်း ထိခိုက် နစ်နာတာတွေ ရှိမှာဖြစ်တဲ့အတွက် ဒါတွေကို မိသားစုဝင်တွေနဲ့ ပြည်သူတွေအချင်းချင်း ဖေးမကူညီပေးကြဖို့ကိုလည်း သူက ပြောပါတယ်။

(အကျဉ်းသား ၂၃၀၀ ကျော်ကို ပြန်လွှတ်ပေးမယ်လို့ သတင်းတွေ ထွက်ခဲ့တာကြောင့် ရန်ကုန် အင်းစိန်ထောင်ရှေ့မှာ စောင့်ဆိုင်းနေသူတွေကို ၂၀၂၁ ဇွန် ၃၀ ရက်နေ့က တွေ့ရစဉ်)

လွှတ်ပေးတဲ့အထဲမှာ နိုင်ငံ့ဝန်ထမ်း၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဝင်တွေကို ချန်လှပ်ပြီး လွှတ်သင့်သူတွေကို ဇွန် ၃၀ ရက် မနက် ၉ နာရီမှာ ပြန်လွှတ်ဖို့ စစ်ကောင်စီက အကျဉ်းဦးစီးဌာနတွေကို ညွှန်ကြားထားတဲ့ လျှို့ဝှက်စာတွေလည်း ဒီကနေ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် စာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့ပါတယ်။

စစ်အာဏာရှင် ဆန့်ကျင်တာကြောင့် ပုဒ်မ ၅၀၅ ( က ) နဲ့ အမှုဖွင့် ဖမ်းဝရမ်းထုတ်ခံထားရတဲ့ အနုပညာရှင် တွေထဲက ၂၄ ယောက်ကိုလည်း မနေ့က ဇွန် ၂၉ ရက်မှာ အမှုရုပ်သိမ်းတယ်လို့ စစ်ကောင်စီက ကြေညာ ထားပါတယ်။

စစ်တပ်က အာဏာစသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ဇွန် ၂၉ ရက်အထိ စုစုပေါင်း အဖမ်းခံထားရသူ ၅၂၂၄ ယောက်ရှိပြီး အဲဒီအထဲကနေ ၂၂၂ ယောက်က ထောင်ဒဏ်တွေ ချမှတ်ခံထားရပြီးဖြစ်တယ်လို့ AAPP က ဇွန် ၂၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/prisoners-released-06302021084635.html

တစ်နိုင်ငံလုံးကနေ အကျဉ်းသား ၂၂၉၆ ဦး ပြန်လွတ်မြောက်လာ  တစ်နိုင်ငံလုံးကနေ အကျဉ်းသား ၂၂၉၆ ဦး ပြန်လွတ်မြောက်လာ Reviewed by THITHTOOLWIN on 20:47 Rating: 5

No comments:

Powered by Blogger.