လားရှိုးနဲ့တာချီလိတ် ပစ်ခတ်ပေါက်ကွဲမှုတွေအတွင်း ရဲ သေဆုံးဒဏ်ရာရ

ရှမ်းပြည်မြောက်ပိုင်း ဂုတ် တွင်းရဲစခန်း (ဓာတ်ပုံ- AFP)

ရှမ်းပြည်နယ် လားရှိုးမြို့မှာ ဒီနေ့ ပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် နှစ်ယောက် ဒဏ်ရာရခဲ့ပါတယ်။ မနေ့ကလည်း ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့က တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံး တိုက်ခိုက်ခံရလို့ ရဲတပ်ကြပ်ကြီးတဦး သေဆုံးခဲ့ပါတယ်။ ရှမ်းပြည်နယ်ဘက်က ပေါက်ကွဲ ပစ်ခတ်မှု ခြေအနေတွေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန်ကပြောပြပါမယ်။

ရှမ်းပြည်နယ် လားရှိုးတက္ကသိုလ်နားအပါအဝင် ပေါက်ကွဲမှုတွေဖြစ်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် နှစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတဦးက ဗွီအိုအေကိုပြောပါတယ်။

“မနက်က ကျနော်တို့ တက္ကသိုလ်ရှေ့က ရဲမှူးကြီးအိမ်နား (ပေါက်ကွဲ) မနက်က အဲ့ဒါက။ နောက်တစ်ခုက အခု ဒီမကြာသေးခင်အချိန်က ကြံ့ခိုင်ရေးရုံးနား(ပေါက်ကွဲ)။ မနက်ပိုင်းက ရဲနှစ်ယောက်ထိတယ်။ အခုအဲ့ရဲတွေက အဲ့နားမှာ လုံခြုံရေးရှိတယ်လေး၊ စစ်တပ်နဲ့ရဲနဲ့ရှိတယ်လေ၊ တပ်ကကျတော့ ကျနော်တို့ ဟိုဘက် အဝင်အထွက်ပေးထားတဲ့မှာပေါ့ တက္ကသိုလ်ရဲ့ ဓမ္မာရုံဘက်အခြမ်းမှာ တပ်က ထိုင်တယ်၊ နားနေဆောင်နားမှာက ရဲထိုင်တယ်။”

ညနေပိုင်းကလည်း လားရှိုးမြို့ အမှတ် ၅ ရပ်ကွက်၊ အမှတ် ၆ အထက်တန်းကျောင်းမှာ အသေးစားပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ ဇွန် ၈ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်လန်မြို့ မန်လီစျေးမှာ လက်လုပ်မိုင် ပေါက်ကွဲမှုဖြစ်ပွားလို့ ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဇွန်လ ၉ ရက်နေ့ မနက်ပိုင်းကလည်း ရှမ်းပြည်နယ် ဆီဆိုင်မြို့နဲ့ ကယားပြည်နယ် လွိုင်ကော်မြို့ ဆက်သွယ်ထားတဲ့ ထီးစဲခါးတံတားပေါ်မှာ ဗုံးပေါက်ကွဲလို့ တံတား အနည်းငယ်ပျက်စီးသွားပါတယ်။ ပေါက်ကွဲမှုကြောင့် စစ်ကောင်စီက အဲဒီတံတားကို ပိတ်လိုက်တယ်လို့ ဒေသတွင်းကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့က တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှာလည်း ဇွန်လ ၉ ရက် မနေ့က ည ၇ နာရီခွဲလောက်မှ ဘယ်ကမှန်းမသိတဲ့ လက်ကိုင်အဖွဲ့တစ်ခုက ကားနဲ့လာပြီး ပစ်ခတ်ခံရလို့ တပ်ကြပ်ကြီးတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ မြို့ခံတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

“ဒီကားနဲ့ လာပြီးတော့ တစ်ခါတည်း အဲ့မှာ အတွဲလိုက်ဆွဲသွားတယ်ဗျ၊ အတွဲလိုက်ပစ်သွားတယ်၊ တပ်ကြပ်ကြီး ကိုကျော်စွာအောင် သူက မျက်လုံးထိပြီးတော့ အဲ့မှာ ဆုံးသွားတယ်၊ အခြားထိခိုက်ဒဏ်ရာရသူကတော့ မရှိဘူးဗျ၊ အဲ့ဒီမှာ သဲအိတ်တွေ အကာအကွယ်တွေလုပ်ထားတယ်၊ ပြီးတော့ လုံခြုံရေးပိုင်းအနေနဲ့လည်း ဒီချထားတာ နည်းတယ်ဗျ၊ ၄၊ ၅၊ ၆ ယောက် ၇ ယောက် အလွန်ဆုံးရှိတာ ၁၀ ယောက်ကျော်ကျော်လောက်ပဲရှိတာ ဒါကြောင့်မို့လို့ သူတယောက်ပဲ ထိတာဗျ၊ အခြားလူတော့ မထိပါဘူးဗျ။”

ပြီးခဲ့တဲ့တလလောက်က အဲ့ဒီခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှာပဲ လက်လုပ်ဗုံးနှစ်လုံး ပစ်ဖောက်ခံခဲ့ရပြီး ထိခိုက်သူတော့ မရှိပါဘူး။ အဲ့လိုဖြစ်ပြီးနောက် ရုံးရှေ့မှာ သဲအိတ်တွေနဲ့ အကာအရံလုပ်ပြီး ညပိုင်းမှာ လုံခြုံရေးအစောင့်ချထားတာပါ။

ဇွန်လ ၉ ရက် ပစ်ခတ်မှုဖြစ်ပြီးနောက် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှေ့ လမ်းမကြီးတွေ ပိတ်ထားပြီး စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ပစ်ခတ်တိုက်ခိုက်မှုဟာ သူတို့လက်ချက် မဟုတ်ဘဲ တာချီလိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ TPDF နဲ့ သက်ဆိုင်မှုမရှိဘူးလို့ TPDF က မနေ့ကညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။ ဘယ်သူတွေ တိုက်ခိုက်သလဲဆိုတာတော့ အတိအကျ မသိရသေးပါဘူး။

မြို့တွင်းတွေမှာ စစ်တပ်နဲ့ ရဲတွေ ကင်းလှည့်သွားလာနေချိန် ဒီလိုကျူးလွန်သူမပေါ်တဲ့ သေနတ်နဲ့ ပစ်ခတ်မှုတွေ၊ ပေါက်ကွဲမှုတွေဖြစ်နေတာကြောင့် ပြည်သူလူထုကြား လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေကြပါတယ်။


မဆုမွန်/ VOA Burmese

https://burmese.voanews.com/a/larsho-northern-shan-state-myanmar-bombing-kill-two-police/5923700.html

လားရှိုးနဲ့တာချီလိတ် ပစ်ခတ်ပေါက်ကွဲမှုတွေအတွင်း ရဲ သေဆုံးဒဏ်ရာရ လားရှိုးနဲ့တာချီလိတ် ပစ်ခတ်ပေါက်ကွဲမှုတွေအတွင်း ရဲ သေဆုံးဒဏ်ရာရ Reviewed by THITHTOOLWIN on 21:19 Rating: 5

No comments:

Powered by Blogger.