ကန်နဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတွေ မြန်မာ့အရေး ထည့်သွင်းဆွေးနွေး

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken (ဝဲ) နဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Chung Eui-yong. (မတ် ၁၈၊ ၂၀၂၁)

ဗြိတိန်နိုင်ငံ၊ Cornwall မြို့မှာ ကျင်းပနေတဲ့ G-7 စက်မှုထိပ်သီး ၇ နိုင်ငံရဲ့ ထိပ်သီးစည်းဝေးပွဲ ပြင်ပမှာ သီးခြားပြုလုပ်တဲ့ စည်းဝေးပွဲအတွင်း ဒေသတွင်း တခြားကိစ္စရပ်တွေ အပါအဝင် မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်လာရေး ပူးပေါင်းလုပ်ဆောင်ကြဖို့ အရေးကြီးကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Chung Eui-Yong တို့ ဇွန်လ ၁၂ ရက်၊ စနေနေ့က ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းလိုက်တဲ့ကိစ္စနဲ့ ပတ်သက်လို့ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်လို့ G-7 စက်မှုအင်အားကြီး ၇ နိုင်ငံက ကူညီဖြေရှင်းပေးဖို့ ပြည်တွင်းပြည်ပမှာရှိတဲ့ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက တောင်းဆိုနေကြတဲ့ အချိန်မှာပဲ အမေရိကန်နဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတွေ အခုလို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဇွန်လ ၁၂ ရက်၊ စနေနေ့ကတော့ ဗြိတိန်မှာ ရောက်နေကြတဲ့ မြန်မာမိသားစုတွေအပြင် တခြား ဥရောပနိုင်ငံတွေနဲ့ အမေရိကန်ပြည်ထောင်စုတို့မှာ ရှိနေကြတဲ့ မြန်မာ့ဒီမိုကရေစီအရေး လိုလားသူတွေက နိုင်ငံတကာရေးရာ ကိစ္စရပ်တွေကို ကိုင်တွယ်ရာမှာ မြန်မာ့အရေးကိုလည်း ဦးစားပေး ဆောင်ရွက်ပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

ဒါ့အပြင် ကိုရီးယားကျွန်းဆွယ်ကို နျူကလီးယားကင်းမဲ့ဇုန် ဖြစ်ရေးကိစ္စ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ အနီးကပ် ပူးပေါင်းဆောင်ရွက်ကြဖို့ ထပ်လောင်း ကတိပြုခဲ့ကြတယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/us-fm-south-korea-fm-discuss-myanmar/5927009.html

ကန်နဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတွေ မြန်မာ့အရေး ထည့်သွင်းဆွေးနွေး ကန်နဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတွေ မြန်မာ့အရေး ထည့်သွင်းဆွေးနွေး Reviewed by THITHTOOLWIN on 20:13 Rating: 5

No comments:

Powered by Blogger.