အာဏာသိမ်းမှု ကန့်ကွက်ပွဲ ကမ္ဘာတလွှား ရှိနေဆဲ



Share/Bookmark
ဝါရှင်တန်ဒီစီမှာပြုလုပ်တဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရ ထောက်ခံပွဲ။

စစ်တပ်အာဏာသိမ်းတာကို ပြည်တွင်းမှာ နေ့စဉ်လိုလို ဆန့်ကျင် ကန့်ကွက်နေချိန်မှာပဲ ပြည်ပရောက် မြန်မာတွေကလည်း သူတို့ရောက်ရာနိုင်ငံတွေမှာ မြန်မာ့အရေး ကမ္ဘာကသိအောင် လုပ်ဆောင်နေကြသလို တတ်စွမ်းသမျှ အကူအညီပေးနိုင်အောင် လုပ်ပြီး တသားတည်းရှိကြောင်း ပြသနေကြပါတယ်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာတော့ မြန်မာ-အမေရိကန် လူသားချင်းစာနာမှု ကူညီရေးအသင်း (MAHAA) က ဦးစီးပြီး "မြန်မာ့နွေဦးတော်လှန်ရေး" ရန်ပုံငွေရှာတဲ့ ဈေးရောင်းပွဲကို ဇွန်လ ၆ ရက် တနင်္ဂနွေနေ့က ပြုလုပ်ခဲ့ကြတယ်လို့ ဒီပွဲမှာ အမှတ်တရပစ္စည်း လာရောင်းတဲ့ ဦးကျော်မိုးတင့်က ပြောပါတယ်။

“မျိုးစုံရောင်းပြီးတော့ ကျနော်တို့ ရန်ပုံငွေ ရှာကြပါတယ်။ မြန်မာပြည်မှာ CDM လှုပ်ရှားမှုတွေ၊ စစ်ဘေးရှောင်တွေနဲ့တကွ နွေဦးတော်လှန်ရေးမှာ ပါဝင်ပတ်သက်ကြတဲ့ ကဏ္ဍအသီးသီးကို ပေးပို့လှူဒါန်းသွားမယ်။”

နယ်သာလန်နိုင်ငံမှာတော့ တနင်္ဂနွေနေ့က မြန်မာတွေစုဝေးပြီး Marken မြို့က ထင်ရှားတဲ့ နေရာတွေမှာ NUG အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖွဲ့စည်းခဲ့တဲ့ NUG အစိုးရကို နယ်သာလန်နိုင်ငံ အစိုးရမှ တရားဝင် အသိအမှတ်ပြုရေးအပြင် အဖမ်းခံနေရတဲ့ မြန်မာ့ခေါင်းဆောင်တွေ အမြန်ပြန်လွှတ်ပေးရေး တောင်းဆိုတဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ပြင်သစ်နိုင်ငံမှာတော့ ပါရီမြို့က Place de la République မှာ ပြင်သစ်ရောက် မြန်မာတွေ ပါဝင်တဲ့ အာရှ အာဖရိက ၁၄ နိုင်ငံ ပူးပေါင်းပြီး တရုတ်ကွန်မြူနစ်အစိုးရကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။ တရုတ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ မြန်မာစစ်တပ် အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ နိုင်ငံတွေကို ကူညီထောက်ခံနေတာ၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ နယ်နိမိတ်တွေကို ခြိမ်းခြောက် သိမ်းပိုက်နေတာနဲ့ သဘာဝဝန်းကျင် ဖျက်ဆီးမှုတွေ မလုပ်ဖို့ တောင်းဆို ဆန္ဒပြကြတာ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာလည်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီ ကိုရီးယားက စီစဉ်တဲ့ တောင်ကိုရီးယားရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက ဆိုးလ်မြို့ မြန်မာသံရုံးရှေ့မှာ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးနဲ့ ဒီမိုကရေစီရရှိရေး တောင်းဆို ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြပါတယ်။ တောင်ကိုရီးယားနိုင်ငံ ဒယ်ဂျောင်းန်မြို့မှာလည်း တနင်္ဂနွေနေ့က ကိုရီးယားရောက် မြန်မာတွေနဲ့အတူ ကိုရီးယားနိုင်ငံသားတွေပါ ပါဝင်ပြီး စစ်အာဏာရှင် ကျဆုံးရေး ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-anti-coup-protests/5919029.html 



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ