မော်လမြိုင်မှာ လူငယ်နှစ်ဦး ပစ်သတ်ခံရ

သေနတ်ပစ်ခံရပြီးသေဆုံးသူတွေကို ချောင်းဆုံမြို့နယ် အဘစ်ကျေးရွာကို ပြန်လည်သယ်ဆောင်သွားပြီး အဘစ်ရွာ သုသာန်မှာ ဒီကနေ့ ဇွန်လ ၂၁ ရက်နေ့က သင်္ဂြိုလ်ခဲ့

မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်မှာ ဇွန်လ ၂၀ ရက်နေ့ညက ဆိုင်ကယ်စီးလာတဲ့လူငယ်နှစ်ဦးကို ပစ်သတ်ခံခဲ့ရကြောင်း မြို့ခံတွေရဲ့ပြောပြချက်ကို ကိုးကားပြီး Dawei Watch ကရေးပါတယ်။

ဇွန်လ ၂၀ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့်က မော်လမြိုင် ကျောက်မီးသွေးရုံးမီးပွိုင့်နေရာမှာ ရဲနဲ့ စစ်တပ် အင်အား ၂၀ ခန့်တို့က ဖြတ်သန်းသွားလာနေသူတို့ကို တားဆီးစစ်ဆေးမှုပြုလုပ်နေခဲ့ပြီးထိုသို့ တားဆီးစစ်ဆေးနေစဉ်မှာ ဆိုင်ကယ်စီးလာတဲ့လူငယ်နှစ်ဦးက ကျောက်မီးသွေးရုံး မီးပွိုင့်နေရာအရောက်မှာ ဆိုင်ကယ်ရပ်မပေးလို့ဆိုပြီး ပစ်သတ်ခဲ့ခြင်းဖြစ်တယ်လို့ မြို့ခံတို့ထံက သိရတယ်လို့ဆိုပါတယ်။

ပစ်သတ်ခံရတဲ့ လူငယ်နှစ်ဦးကတော့ ဘီလူးကျွန်း အဘစ်ကျေးရွာက မောင်မိုးဇော်ဦးနဲ့ မောင်ဇော်မင်းဦးတို့ဖြစ်တယ်လို့ သိရပါတယ်။

သူတို့နေထိုင်ရာ ရွာဖြစ်တဲ့ဘီလူးကျွန်း ချောင်းဆုံမြို့နယ် အဘစ်ကျေးရွာကို ပြန်လည်သယ်ဆောင်သွားပြီး အဘစ်ရွာ သုသာန်မှာ ဒီကနေ့ ဇွန်လ ၂၁ ရက်နေ့က သင်္ဂြိုလ်ခဲ့တယ်လို့သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မော်လမြိုင်မြို့ပေါ်တွင် တားဆီးစစ်ဆေးမှုများကို နေ့ရော ညပါတင်းကြပ်စွာ ပြုလုပ်လာခဲ့တာဖြစ်ပြီးတော့မော်လမြိုင်မှာ ညမထွက်ရအမိန့်ကို ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ထုတ်ပြန်သတ်မှတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဘက်က ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး


BBC Burmese

https://www.bbc.com/burmese/live/burma-57497528

မော်လမြိုင်မှာ လူငယ်နှစ်ဦး ပစ်သတ်ခံရ မော်လမြိုင်မှာ လူငယ်နှစ်ဦး ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 20:11 Rating: 5

No comments:

Powered by Blogger.