အကြမ်းဖက်စစ်ကောင်စီတပ်က လူသားဒိုင်းကာအသုံးပြုပြီး တိုက်ခိုက်လာ



ယမန့်နေ့(ဇွန်လ၄ရက်) ရှမ်း-ကယားနယ်စပ်ရှိ မိုးဗြဲမြို့ ၊ ပွဲကုန်း(၃)ရပ်ကွက်ရှိ ခရစ်ယာန်ဘုရားကျောင်းကို စောင့်ရှောက်ဖို့ကျန်ခဲ့တဲ့ ပြည်သူ ၅ ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်က 

ဘုရားကျောင်းထဲ တံခါးဖျက်ဝင်ပြီး နှိပ်စက်ဖမ်းဆီးခဲ့ကာ လူသားဒိုင်းကာအဖြစ် အသုံးပြီး တိုက်ခိုက်လာတယ်လို့ အဖမ်းခံရပြီး ပြန်လည်လွတ်မြောက်လာသူရဲ့ မိသားစုဝင်ထံကနေ သိရပါတယ်။

“မနေ့ကတိုက်ပွဲမဖြစ်ခင် တစ်နာရီအလိုမှာ သူတို့က ဘုရားကျောင်းထိဝင်ပြီးတော့ ဘုရားကျောင်းထဲမှာ တပ်မစွဲအောင် ဒီလို ဘုရားကျောင်းမှာစောင့်တဲ့သူကို ဘုရားကျောင်းထိဝင်ဆွဲတယ်။ ပြီးတော့ မျက်နှာကို ပိတ်စနဲ့ ပုဆိုးစတွေနဲ့ပိတ်ပြီးတော့ တိုက်ပွဲဖြစ်တဲ့နေရာမှာ လူသားဒိုင်းကာအဖြစ်နဲ့အသုံးပြုတယ်လို့ အဖေက ပြောတယ်ပေါ့နော။ ညအချိန်တိုက်ပွဲငြိမ်သွားတဲ့ အချိန်မှာလည်း သူတို့က လက်ကိုနောက်ပြန်ကြိုးတုတ်ပြီး လမ်းမပေါ်မှာထိုင်ခိုင်းတယ်။ ဗုံးထည့်ထားတဲ့ ကျောပိုးအိတ်ကိုလွယ်ခိုင်းထားပြီး ပြေးရင်ပစ်မယ်လို့ ပြောတယ်လို့ပြောတယ်။ အဖေက ဗုံးမပါတဲ့အိတ်မလွယ်ရဘူး အချို့ကလွယ်ရတယ်ပြောတယ်။ ညကတည်းက အချိန်ရရင် ရသလို လစ်ပြီး လွတ်အောင်ပြေးတယ် အဖေက သူတစ်ယောက်ပဲလွတ်တယ် ပစ်တာတော့မမိဘူးပြောတယ်။ ဒါကြောင့် သူက ဘေးကင်းနဲ့ပြန်လာရတယ် ဒဏ်ရာတော့ရှိတယ်။”လို့ ၎င်းက ပြောပါတယ်။

ဘုရားကျောင်းထဲမှာရှိတဲ့ ဘုန်းတော်ကြီးရဲ့ အိပ်ယာခန်းထဲကို ဝင်ပြီး ဖုန်း၊ ငွေသားတွေကိုလည်း ယူဆောင်သွားတယ်လို့ သိရပါတယ်။ ဖမ်းဆီးတဲ့အချိန် မျက်နှာကိုအဝတ်စတွေနဲ့စည်းပြီး ရိုက်နှက်တာတွေ၊ ပါးရိုက်တာတွေ ၊ နှိပ်စက်တာတွေ ပြုလုပ်ခဲ့ပြီး ဘုရားကျောင်းမှာဖမ်းဆီးခံရတဲ့ ပြည်သူ ၅ဦးအပြင် ကျေးရွာအတွင်း ဖမ်းဆီးခံရတာရှိတဲ့အတွက် ခန့်မှန်းခြေ ပြည်သူ ၅ဦးထက်မနည်း ဖမ်းဆီးခံရတယ်လို့ သူက ဆက်ပြောပါတယ်။

ဇွန်လ ၄ ရက်နေ့ ညနေ ၃နာရီခွဲအချိန်ကစပြီး မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ ၃နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး သတ်မှတ်ထားတဲ့စည်းကျော်လာတဲ့ အကြမ်းဖက်စစ်ကောင်စီကို ပြန်လည်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်သတင်းနှင့်ပြန်ကြားရေးက ဇွန်လ ၅ရက်နေ့မှာထုတ်ပြန်ထားပါတယ်။

ဇွန်လ ၄ ရက်နေ့ ညနေ ၅ နာရီအချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်မှ စတင်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဖက်မှ ၄ ဦးထက်မနည်း သေဆုံးပြီး ၄ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သလို ပြည်သူ့ကာကွယ်တပ်ဖက်က အသေးစားဒဏ်ရာ ၂ ဦး ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီဖက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် နေအိမ်အချို့ ပျက်ဆီးရုံသာမက စစ်ဘေးရှောင်ပြည်သူရှိတဲ့နေရာအနီးမှာလည်း ကျရောက်သလို အကြမ်းဖက်စစ်ကောင်စီတပ်က အပြစ်မဲ့ ပြည်သူတွေကို လူ့ဂုဏ်သိက္ခာကျင့်ဝတ်နဲ့ဆန့်ကျင်ပြီး ဖမ်းဆီးတာတွေ ပစ်ခတ်သတ်ဖြတ်တာတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးက ထုတ်ပြန်ထားပါတယ်။

ဒီကနေ့ ဇွန်လ ၅ရက်နေ့ နံနက် ၁၀နာရီဝန်းကျင်မှာ မိုးဗြဲမြို့မှာ ပစ်ခတ်မှုတွေ စတင်ဖြစ်ပွားနေတယ်လို့ ဒေသခံပြောကြားချက်အရသိရပါတယ်။


Kantarawaddy Times

https://www.facebook.com/KantarawaddyTimes

အကြမ်းဖက်စစ်ကောင်စီတပ်က လူသားဒိုင်းကာအသုံးပြုပြီး တိုက်ခိုက်လာ အကြမ်းဖက်စစ်ကောင်စီတပ်က လူသားဒိုင်းကာအသုံးပြုပြီး တိုက်ခိုက်လာ Reviewed by THITHTOOLWIN on 00:16 Rating: 5

No comments:

Powered by Blogger.