အခြေခံပညာကျောင်းပြန်ဖွင့်၊ တက်သူ ၂၀ ရာခိုင်နှုန်းထက် နည်းပါး



စစ်ကောင်စီက ပြန်ဖွင့်တဲ့ စစ်ကျွန်ပညာရေးလက်အောက်မှာ ကျောင်းတွေ မအပ်ကြဖို့နဲ့ ကျောင်းတွေ မတက်ဖို့ လှုံ့ဆော်မှုတွေကို တစ်နိုင်ငံလုံးက ပြည်သူတွေဝိုင်းပြီး ပြုလုပ်ခဲ့ကြတာကြောင့် ဇွန်လ ၁ ရက်နေ့ ကျောင်းတွေပြန်ဖွင့်ချိန်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းလာတက်သူ အနည်းငယ်မျှပဲ ရှိခဲ့ပါတယ်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းတွေမှာ ကျောင်းတက်ရမယ့် ကျောင်းသား၊ ကျောင်းသူ ခန့်မှန်း ၉ သန်းကျော် ရှိပေမယ့် ရခိုင်ပြည်နယ်တခုတည်းသာ ကျောင်းလာတက်သူ သုံးသိန်းခွဲကျော်ရှိပြီး ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေအပါအဝင် ကျန်တဲ့ ပြည်နယ်နဲ့တိုင်းအသီးအသီးက မြို့တွေတိုင်းမှာတော့ ကျောင်းအပ်သူရော ကျောင်းတက်သူရော ၂၀ ရာခိုင်နှုန်းအောက်မှာပဲ ရှိတယ်လို့ BEGSC က ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပြည်သူတွေကို ပစ်ခတ်ဖြိုခွင်းတာတွေလုပ်ဖို့အတွက် စာသင်ကျောင်းတွေမှာ လနဲ့ချီ တပ်စွဲထားခဲ့ပြီး ကျောင်းတွေပြန်မဖွင့်ခင် တပတ်လောက်အလိုမှာမှ တပ်စွဲထားတာတွေကို ပြန်ဖယ်ခဲ့ပေမယ့် ကျောင်းတက်ချိန်တွေမှာတော့ ကျောင်းအတွက် လုံခြုံရေးပြန်ယူတာတွေနဲ့ ကလေးတွေရဲ့ ကျောင်းကားတွေမှာ လိုက်ပါပြီး လုံခြုံရေးယူတာတွေ ရှိနေပါသေးတယ်။

စစ်ကောင်စီနဲ့ စစ်ကောင်စီကို ထောက်ခံသူတွေကတော့ ကျောင်းမတက်ဖို့ လှုံ့ဆော်တာဟာ ကလေးတွေကို ပညာမတတ်စေချင်လို့ တားဆီး ပိတ်ပင်တယ်ဆိုပြီး စွပ်စွဲတာတွေလည်း ရှိပါတယ်။

ကလေးတွေ ပညာမတတ်အောင်လုပ်ဆောင်နေတာမဟုတ်ပဲ စနစ်ကိုအမြစ်ဖြတ်နေတာသာ ဖြစ်တယ်လို့ ကလေးတွေကိုကျောင်းမထားဖို့ မိဘတွေကို တိုက်တွန်းလှုပ်ရှားခဲ့တဲ့ General Z လူငယ် ကိုဟယ်ရီက RFA ကို ပြောပါတယ်။

"ကျွန်တော်တို့က ကလေးတွေကိုဒုက္ခရောက်အောင်လို့ အကြမ်းဖက်ပုံစံမျိုးနဲ့ ကျောင်းမတက်ဖို့အတွက် လှုံ့ဆော်နေကြတာမဟုတ်ဘူး၊ သူတို့ကတော့ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် သူတို့ပုံမှန်အုပ်ချုပ်ခွင့်ရဖို့အတွက်ကို စစ်ကောင်စီဘက်လူတွေ သူတို့တွေအကုန်လုံးကတော့ ဒီဘာသာရေးမှိုင်းပဲဖြစ်ဖြစ် အခုလိုမျိုး ကလေးတွေနဲ့ပဲဖြစ်ဖြစ် မှိုင်းတွေအကုန်လုံးတိုက်ပြီးတော့ သွားနေမှာပဲ။ ကျွန်တော်တို့တွေသည် ကလေးတွေ ဘဝဒုက္ခရောက်သွားဖို့ လုပ်နေတာမဟုတ်ဘူး။ ကျွန်တော်တို့ စနစ်ကို အမြစ်ဖြတ်နေတာ။ ပညာရေး လူမှုရေး စီးပွားရေး ဘာပဲဖြစ်ဖြစ် ထောက်တိုင်တွေအကုန်လုံးကို ကြည့်ပြီးတော့ အားလုံးအဆင်ပြေအောင် ဒီစနစ်ဆိုးကြီးတစ်ခုလုံးကို တော်လှန်နေတာပါခင်ဗျ"

ကျောင်းတွေ အနီးအနားမှာ ပေါက်ကွဲတာတွေနဲ့ မီးရှို့တဲ့ကိစ္စတွေဟာလည်း ပြည်သူတွေဘက်က လုပ်တာမဟုတ်ပဲ စစ်ကောင်စီဘက်က လုပ်ပြီး သူတို့ကိုဆန့်ကျင်တဲ့ လူငယ်တွေနဲ့ပြည်သူတွေကို လွှဲချနေတာသာဖြစ်တယ်လို့ ကိုဟယ်ရီက ဆိုပါတယ်။

စစ်ကောင်စီလက်အောက် ပညာရေးစနစ်မှာ ကျောင်းထားလည်း ဘာမှတက်မှာ မဟုတ်တာကြောင့် ကျောင်းမထားဖို့ ဆုံးဖြတ်လိုက်တယ်လို့ ရန်ကုန်မြို့နေ မိဘတစ်ယောက်က ပြောပါတယ်။

"ဒီအချိန်မှာ ကျွန်တော်တို့က စစ်ဘေးရှောင်တွေ၊ နောက်ပြီးတော့ ကျဆုံးသွားတဲ့လူတွေအတွက်ကို ကိုယ်ချင်းစာစိတ်ထားတာ တစ်ခု၊ နောက်တစ်ခုက ဒီအချိန်မှာ ဖြစ်လာမယ့် ရောဂါကို ကာကွယ်တဲ့အနေနဲ့ရယ် နောက်တစ်ခုက သင်ကြားမှုပုံစံက ဒီပုံစံပဲသွားမယ်ဆိုရင်တော့ ကျွန်တော်တို့က ကျောင်းမှာပဲထားပြီး အချိန်ကုန်ပြီး ဘာမှ မတတ်တဲ့နေရာကို ပြန်ရောက်မှာဆိုးလို့ ကျွန်တော်တို့ကတော့ မပို့ဘူး၊ ကိုယ့်အိမ်မှာပဲ ကိုယ်သင်ဖို့ ဆုံးဖြတ်လိုက်တဲ့သဘောပေါ့၊ သူတို့လက်အောက်မှာ စာမသင်စေချင်တာလည်း ပါသလို သင်ရင်လည်း တတ်လာမယ်လို့ မယုံကြည်တာလည်းပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သင်ပေမယ့်သူတွေ အရည်အချင်း မရှိဘူးလို့လည်း ယူဆတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အရည်အချင်းရှိသူတွေက အကုန် CDM ဝင်နေကြလို့လေ၊ ကျောင်းထားပြီး စာမတတ်မယ့် အတူတူတော့ ကျောင်းမထားပဲနဲ့ အိမ်မှာပဲ Youtube လိုဟာမျိုးကနေပြီးတော့ ဗဟုသုတတွေ ရှာပြီးသင်တာက ပိုပြီးထိရောက်မယ်လို့ ကျွန်တော်က ယူဆတာပါ"

လက်ရှိစစ်ကောင်စီလက်အောက် ကျောင်းတွေမှာ Non CDM လုပ်ပြီး စာသင်နေတဲ့ ဆရာ၊ ဆရာမတွေဟာလည်း ကိုယ်ကျိုးအတွက်ပဲ ကြည့်တဲ့ အခွင့်အရေးသမားတွေသာ ဖြစ်ပြီး ကျောင်းမှာစာသင်ဖို့ထက် ကျူရှင်ခေါ်သင်မယ့် သူတွေဖြစ်တယ်လို့ အဲ့ဒီမိဘဖြစ်သူက ဆက်ပြောပါတယ်။

တနိုင်ငံလုံးမှာ ကျောင်းမထားတဲ့ မိဘတွေများပေမယ့် သားသမီးတွေကို ပညာရေး နောက်မကျစေချင်တာကြောင့်ဆိုပြီး ကျောင်းထားတဲ့ မိဘတွေလည်း ရှိပါတယ်။ ကလေးတွေ ငယ်စဉ်မှာ ကျောင်းဖွင့်ရင်တော့ ကျောင်းထားရမှာပဲလို့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ နေထိုင်တဲ့ ကျောင်းသားမိဘ ဦးစောမင်းအောင်က RFA ကိုပြောပါတယ်။

"ကလေးတွေ ဆိုတာကတော့ ငယ်တဲ့အချိန်မှာ ကျောင်းဖွင့်ရင် ကျောင်းထားရမှပဲခင်ဗျ။ ကျွန်တော်တို့ ဒီဘက်ကလူတွေရဲ့အမြင်ကတော့ ကျောင်းတက်တာနဲ့ ကိုယ်မကျေနပ်တဲ့ အစိုးရကို တော်လှန်တာနဲ့ မဆိုင်ဘူး။ နိုင်ငံရေးပယောဂတစ်ခုဖြစ်နေတယ်ဆိုရင် ပညာရေးအချိန်မှာ ပညာရေးကို လုပ်ရမယ်၊ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့ ရခိုင်မှာ တော်လှန်ရတာတွေ ရှိတယ်၊ တော်လှန်တာက တော်လှန်တာ သက်သက်၊ ပညာရေးသင်တာက ပညာရေးသင်တာသက်သက်၊ ပြည်တွင်း ပဋိပက္ခဖြစ်နေတဲ့အချိန်ကလည်း ကျောင်းတက်ကြတာပဲ။ ဒါကြောင့် ကျွန်တော်တို့ ဒီဘက်ကလူတွေကတော့ ကျောင်းထားပါတယ်ခင်ဗျ"

အစိုးရတရပ်ကို မကြိုက်လို့ တော်လှန်တာက တစ်ပိုင်း ကလေးတွေ ပညာရေးနောက်မကျအောင် ကျောင်းထားရမှာက တစ်ပိုင်း သက်သက်စီ ဖြစ်တာကြောင့် ရခိုင်ပြည်နယ်မှာတော့ ကျောင်းထားကြတယ်လို့ ဦးစောမင်းအောင်က ဆိုပါတယ်။

ဇွန်လ ၁ ရက်နေ့ စစ်ကောင်စီက ကျောင်းတွေပြန်ဖွင့်ကတည်းက ကျူရှင်တွေ ပတ်သင်နေရတဲ့ ရန်ကုန်မြို့က Non CDM ဆရာမတစ်ယောက်ကို RFA ကမေးမြန်းဖို့ ကြိုးစားတဲ့အခါမှာ သူတာဝန်ယူထားတဲ့ ကျောင်းမှာ လာအပ်သူတစ်ယောက်ရှိပေမယ့် အဲ့ဒီတစ်ယောက်တောင် လာမတက်တာကြောင့် အခြားကျောင်းတစ်ခုကို သွားပေါင်းရမှာဖြစ်တယ်လို့ ဖြေဆိုခဲ့ပြီး ကျန်တာတွေကိုတော့ ဖြေဖို့ ငြင်းဆိုခဲ့ပါတယ်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ လက်ရှိ CDM အထက်တန်းပြ ဆရာတစ်ယောက်ကတော့ လုံခြုံရေး အခြေအနေအရ စိတ်မချရတာ၊ ဆရာ၊ ဆရာမ မလုံလောက်တာတွေကြောင့် ဒီကာလမှ ကျောင်းမပို့သင့်ဘူးလို့ အကြံပေးပါတယ်။

"ဒီအချိန်ကာလက ကျောင်းမတက်သင့်သေးဘူး ကလေးတွေအနေနဲ့ ၊ ကလေးတွေရဲ့ လုံခြုံစိတ်ချမှုကို တွေးမယ်ဆိုရင်ကို မိဘတွေအနေနဲ့ စိတ်လွတ်ကိုယ်လွတ်နဲ့ ကျောင်းကို ထည့်ပေးလိုက်ဖို့ဆိုတာ မဖြစ်သင့်ဘူးလို့ ကျွန်တော်ထင်တယ်၊ နောက်တစ်ခု ဒီကာလက ကျောင်းတွေမှာ သင်ကြားမှုသင်ယူမှု ကောင်းကောင်းမွန်မွန် လုပ်နိုင်မယ့်သူမရှိဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျောင်းတွေရဲ့ ၅၀ ရာခိုင်နှုန်းအထက်မှာ ရှိတဲ့ ဆရာ၊ဆရာမတွေက CDM လုပ်နေကြတယ်ပေါ့။ အဲ့တော့ ကလေးတွေရဲ့ သင်ကြားမှုသင်ယူမှုကို ကျောင်းမှာ ကျန်ရှိနေတဲ့ ဆရာ၊ ဆရာမတွေက လုံလောက်အောင် ပံ့ပိုးပေးနိုင်မှာမဟုတ်ဘူး၊ အဲ့ဒီအတွက် ဒီအချိန်က ကျောင်းကို ကလေးတွေ သွားပြီး သင်မယ်ဆိုလည်း အချည်းနှီးဖြစ်မယ်လို့ ကျွန်တော်ယူဆတယ်၊ အဲ့ဒီအတွက် ကလေးတွေရဲ့ ပညာသင်မှုအခွင့်အရေးကို ဆုံးရှုံးစေချင်တဲ့စိတ်က ကျွန်တော်တို့ ဆရာ၊ ဆရာမတွေတိုင်းမှာရော မိဘပြည်သူတွေတိုင်းမှာရော မရှိတာကျိန်းသေပါတယ်ခင်ဗျာ၊ ကျွန်တော်အာမခံပါတယ်"

လူမှုကွန်ရက် အွန်လိုင်းပေါ်ကနေ သင်ကြားပေးနိုင်တာတွေအများကြီးရှိတာကြောင့် မိဘတွေအနေနဲ့ ဒီကာလအတွင်း နေအိမ်ကနေပဲ ကြိုးစားသင်ပေးဖို့ လည်း တိုက်တွန်းတယ်လို့ ကျောင်းဆရာက ဆိုပါတယ်။

မေလ ၅ ရက်နေ့တုန်းက တက္ကသိုလ်တွေ ပြန်တက်ဖို့ စစ်ကောင်စီက စာထုတ်ပြန်ပြီးတဲ့ နောက်ပိုင်း တက္ကသိုလ်ကျောင်းသားတွေကို ကျောင်းသွားမတက်ကြဖို့ တောင်းဆိုလှုပ်ရှားမှုတွေကို တကသ အဖွဲ့ဝင်တွေနဲ့ General Z လူငယ်တွေက လုပ်ခဲ့တာပါ။

စစ်တစ်ပိုင်း ဦးသိန်းစိန်အစိုးရလက်ထက်က ပြန်ကြားရေးဝန်ကြီးဟောင်းဖြစ်ခဲ့သူ ဦးရဲထွဋ်ဆိုရင် ပညာသင်ဖို့ဆန္ဒရှိသူတွေကို ကျောင်းမတက်ဖို့ တားဆီးခြိမ်းခြောက်တာနဲ့ အန္တရာယ်ပြုတာဟာ စစ်သွေးကြွတာလီဘန်တွေနဲ့အတူတူပဲဆိုပြီး သူ့ရဲ့လူမှုကွန်ရက်ကနေ စွပ်စွဲခဲ့ပါသေးတယ်။

ကျောင်းမတက်ရေးလှုပ်ရှားမှုမှာပါဝင်ခဲ့သူလည်းဖြစ် ၂၀၁၅ ခုနှစ်ကတည်းက အမျိုးသားပညာရေးဥပဒေ ပြဌာန်းဖို့ ကြိုးစားခဲ့တဲ့ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) အဖွဲ့ဝင် ကိုဇေယျာလွင်က သေနတ်ထောက်ပြီး ကျောင်းတက်ခိုင်းသူတွေသာ တာလီဘန်တွေဖြစ်တယ်လို့ တုံံ့ပြန်ပါတယ်။

"ကလေးတွေကို ကျောင်းမသွားပါနဲ့ မိဘတွေကို ကျောင်းသွားမအပ်ပါနဲ့လို့ ပြောခြင်းဟာ ဘာဖြစ်လို့လဲဆိုတော့ မတရားတဲ့ အစိုးရတရပ်က လုပ်ဆောင်နေတဲ့ ပြည်သူကို လုပ်ခိုင်းနေတဲ့ ကိစ္စရပ်တွေပေါ့ အဲ့လုပ်ဆောင်ချက်တွေအပေါ်မှာ မပူးပေါင်းဖို့ ကျွန်တော်တို့က တောင်းဆိုတာ၊ ကျွန်တော်တို့ကို မတရားအုပ်ချုပ်နေတဲ့ စစ်တပ်ရဲ့ ယန္တရားကနေပြီးတော့ လုပ်ဆောင်တဲ့ ကိစ္စတွေကို အကုန်လုံး မလုပ်ဆောင်ဖို့အတွက် ကျွန်တော်တို့က တောင်းဆိုတာဖြစ်တယ်၊ ဒီနိုင်ငံမှာရှိတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ကလေးသူငယ်တွေကို ပညာမတတ်စေချင်တဲ့စိတ်နဲ့ လုံးဝမဟုတ်ဘူး၊ ဒီကာလမှာ မပူးပေါင်းဘဲနဲ့ သူတို့ကို ဆန့်ကျင်ပေးပါ၊ လောလောဆယ်မှာလည်း ကျောင်းတက်ဖို့ စေခိုင်းနေသူတွေဟာ သေနတ်နဲ့ စေခိုင်းနေတာ၊ ပြောခြင်းပြော ကျွန်တော်တို့က တာလီဘန် မဟုတ်ဘူး၊ သေနတ်ထောက်ပြီး ကျောင်းတက်ခိုင်းတဲ့သူ သေနတ်ထောက်ပြီး မီတာဆောင်ခိုင်းနေတဲ့သူ သေနတ်နဲ့ထောက်ပြီးတော့ တိုင်းပြည်ကို မတရားအုပ်ချုပ်နေတဲ့သူတွေသာလျှင် တာလီဘန်အစစ်ဖြစ်တယ်လို့ ပြောချင်ပါတယ်"

အမျိုးသားညီညွတ်ရေးအစိုးရ (NUG ) ကတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ ဆရာ၊ ဆရာမဝန်ထမ်းအင်အား လေးသိန်းငါးသောင်းကျော်ထဲကနေ CDM လုပ်ထားတဲ့ ဝန်ထမ်း ၆၀ ရာခိုင်နှုန်းကျော်အတွက် ကူညီနိုင်ရေး ကြိုးစားနေသလို စစ်ကောင်စီအောက်မှာ ကျောင်းမတက်မယ့် ကျောင်းသား ကျောင်းသူတွေအတွက်လည်း ပညာရေး အစီအစဉ်တွေ စီစဉ်နေတယ်လို့ ပြောဆိုထားပါတယ်။

RFA Burmese
အခြေခံပညာကျောင်းပြန်ဖွင့်၊ တက်သူ ၂၀ ရာခိုင်နှုန်းထက် နည်းပါး အခြေခံပညာကျောင်းပြန်ဖွင့်၊ တက်သူ ၂၀ ရာခိုင်နှုန်းထက် နည်းပါး Reviewed by THITHTOOLWIN on 23:28 Rating: 5

No comments:

Powered by Blogger.