လှိုင်သာယာ အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

လှိုင်သာယာ အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှာ စစ်ကောင်စီတပ် ကင်းလှည့်နေစဉ် /Photo: RFA

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် အမှတ် ၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှဦးဟာ ဒီကနေ့ ဇွန် ၁၆ ရက်နေ့ မနက် ၁၀ နာရီလောက်က ဦးခေါင်းကို သေနတ်နဲ့ ပစ်ခတ်ခံရပြီးတဲ့နောက် သေဆုံးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရပ်ကွက်နေပြည်သူတွေက RFA ကို အတည်ပြု ပြောဆိုပါတယ်။

လှိုင်သာယာမြို့နယ် ပင်လုံဈေးမှတ်တိုင်အနီးမှာရှိတဲ့ အသုတ်ဆိုင်မှာ အသုတ်လာဝယ်ပြီးအပြန် ဆိုင်ကယ် တစ်စီး ဦးလှဦးအနီး ရုတ်တရက် ရောက်လာပြီးတဲ့နောက် သေနတ်နဲ့ ခြေထောက်ကို တစ်ချက်၊ ဦးခေါင်းကို တစ်ချက် စုစုပေါင်း နှစ်ချက်တိတိ အနီးကပ် ပစ်ခတ်သွားတာလို့ ဖြစ်စဉ်အနီးမှာရှိတဲ့ လုံခြုံရေးအရ အမည် မဖော်လိုသူ တစ်ဦးက ပြောပါတယ်။

"ညီမသိသလောက်တော့ ပင်လုံဈေးက အသုတ်ဆိုင်မှာ အသုတ်လာဝယ်တာ။ ဝယ်ပြီးအပြန် လမ်းမှာ အပစ်ခံလိုက်ရတာ။ အပစ်ခံရပြီးမကြာဘူး အရေးပေါ်ကားနဲ့ စစ်သားတွေ ရောက်လာတယ်။ အုပ်ချုပ်ရေးမှူးကတော့ သေသွားပြီလို့ သိရတယ်"

အုပ်ချုပ်ရေးမှူး ဦးလှဦး အသတ်ခံရပြီး ၅ မိနစ်ခန့်အကြာမှာ အခင်းဖြစ်ရာကို စစ်သားနဲ့ ရဲတွေ လာရောက် စစ်ပြီးတဲ့နောက်၊ အခုလောလောဆယ်မှာ လှိုင်သာယာမြို့ရဲ့ လမ်းဆုံလမ်းခွတွေ အပါအဝင် နေရာအတော် များများမှာ စစ်ဆေးမှုတွေ လုပ်နေတယ်လို့ မြို့ခံလူထုက ပြောပါတယ်။

ဦးလှဦးဟာ အာဏာသိမ်းပြီးနောက် စစ်တပ်ကခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးဖြစ်ပြီး လှိုင်သာယာမြို့နယ်က လူထုဆန္ဒပြပွဲတွေကို ဖြိုခွင်းရာမှာ စစ်တပ်ကို အဓိက အထောက်အပံ့ ပေးခဲ့သူဖြစ်သလို အရပ်သား အများအပြားဟာ ဦးလှဦးရဲ့ သတင်းပေးမှုကြောင့် ဖမ်းဆီးခံခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အမှတ် ၁၃ ရပ်ကွက်နေ ပြည်သူတွေက RFAကို ပြောပြကြပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/hlaingtharyar-admin-died-06162021022728.html

လှိုင်သာယာ အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး  လှိုင်သာယာ အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး Reviewed by THITHTOOLWIN on 01:15 Rating: 5

No comments:

Powered by Blogger.