တောင်ကြီးမြို့ စစ်ကောင်စီများ အရပ်ဝတ်ဖြင့် ပြည်သူများကို လိုက်လံဖမ်းဆီးနေ

Photo by CJ 

သျှမ်းသံတော်ဆင့်၊ ဇွန် ၂၀

သျှမ်းပြည် တောင်ကြီးမြို့တွင် ယခုရက်ပိုင်း စစ်ကောင်စီ အုပ်စုသည် အရပ်ဝတ်ဖြင့် ပြည်သူများကို လိုက်လံဖမ်းဆီးနေကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဇွန် ၂၀)ရက် မနက် (၈)နာရီခွဲဝန်းကျင်တွင် တောင်ကြီးတက္ကသိုလ်ရပ်ဝန်း နေထိုင်သူ အမျိုးသား တစ်ဦး နှင့် ဝါးပြားမြောက် နတ်စင်ကုန်းအနီးတွင်နေထိုင်သည့် အသက် (၁၆)နှစ် အရွယ် အမျိုးသား တစ်ဦး ဖမ်းဆီးခံရပြီး၊ ယမန်နေ့ (ဇွန် ၁၉ )ရက် ည (၁၀)နာရီခွဲဝန်းကျင်တွင် ကျောင်းကြီးစုရပ်ကွက် နယ်မြေ (၉ )တွင် အမျိုးသားတစ်ဦး ဖမ်းခေါ်သွားကြောင်း သတင်းရရှိသည်။

ယနေ့ မနက် (၈)နာရီခွဲဝန်းကျင်တွင် အရပ်ဝတ်ဖြင့် တက္ကသိုလ်ရပ်ဝန်းတွင်နေထိုင်သည့် မောင်အောင်မျိုးဦး နေအိမ်ကို ဝင်လာပြီး ၎င်း ကို ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရှိသူ တစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

"မပြောမဆိုနဲ့ အိမ်ထဲထိ ဝင်ပြီး ကောင်လေးကိုခေါ်တယ်၊ ကောင်လေးက ဘာကိစ္စကြောင့်လဲ မလိုက်ဘူးပြောတော့၊သူ့ကို ဆွဲထိုး ဝိုင်းရိုက်ကြတာ သွေးတွေအများကြီး ထွက်တယ်" ဟု ၎င်း က ဆိုသည်။

ထို့နည်းတူ ယနေ့ မနက်ပိုင်းတွင်  ဝါးပြားမြောက်ဘက် နတ်စင်ကုန်းအနီး နေထိုင်သူ အသက် ၁၆ နှစ်အရွယ်ကောင်လေးတစ် ဦးကိုလည်း ရိုက်နှက် ခေါ်ဆောင်သွားကြောင်း တောင်ကြီး ဒေသခံများ ပြောပြချက် အရသိရသည်။

ယမန်နေ့( ဇွန် ၁၉) ရက် ည ၁၀ ခွဲဝန်းကျင်တွင်လည်း ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ(၉) အနောက်ပင်စင်သဇင်လမ်း(၃) တွင် နေထိုင်သည့်  ကိုသန့်ဇင်ထွန်း အာဏာသိမ်းစစ်ကောင်စီ၏ တပ်သားများက  အိမ်စီးကား (၂)စီးဖြင့် လာရောက်ကား ၎င်း ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၎င်း၏နီးစပ်သူများက သျှမ်းသံတော်ဆင့် ကို ပြောသည်။

"ရဲအင်အား ၁၀ ခန့်က အုတ်တံတိုင်းကို ကျော်လာပြီး ခြံထဲဝင်လာတယ်။ အတွင်းကိုလည်းဗြောင်းဆန်အောင်မွေနှောက် သွားတယ်။ ပြီးတော့ ဖမ်းသွားတယ်။ ဘာကိစ္စကြောင့် ဖမ်းတယ်ဆိုတာ မသိရဘူး" ဟု ၎င်း၏ ဆွေမျိုးများက ပြောပြသည်။

ပြီးခဲ့သည့်ရက်ကလည်း အိမ်ထဲတွင်နေထိုင်သည့် လူငယ်တစ်ဦးကိုလည်း အရပ်ဝတ်ထားသည့် စစ်ကောင်စီတပ်သားများက အိမ်စီးကားဖြင့် လာရောက် ဖမ်းဆီးသွားမှုများ ရှိကြောင်း သိရသည်။ 

အာဏာသိမ်းစစ်ကောင်စီ၏ တပ်သားများသည် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ လှုပ်ရှားမှုတွင် ပါဝင်သူများကိုနေ့ရော ညပါ ဖမ်းဆီးမှုများ၊ ဖိနှိပ်မှုများ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်းလည်း ပြည်သူတစ်ဦးကပြောသည်။


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

တောင်ကြီးမြို့ စစ်ကောင်စီများ အရပ်ဝတ်ဖြင့် ပြည်သူများကို လိုက်လံဖမ်းဆီးနေ တောင်ကြီးမြို့ စစ်ကောင်စီများ အရပ်ဝတ်ဖြင့် ပြည်သူများကို လိုက်လံဖမ်းဆီးနေ Reviewed by THITHTOOLWIN on 20:21 Rating: 5

No comments:

Powered by Blogger.