ရှမ်းပြည် လောက်ကိုင်မြို့နယ် မလိုအပ်ပဲအိမ်ပြင်မထွက်ရကန့်သတ်

ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်ကို ဒီနေ့ ဇွန် ၂၈ ရက်ကစပြီး မလိုအပ်ရင် အိမ်ပြင်မထွက်ရ Stay at Home သတ်မှတ်လိုက်ပါတယ်။ ၁၀ ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၁၀၀ ကျော်ရှိတဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနက ခုလိုသတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ကျောင်းတွေပါ ပိတ်ထားရအောင် စိုးရိမ်စရာဖြစ်နေတဲ့ လောက်ကိုင်မြို့နယ်ဘက်က အခြေအနေ ရန်ကုန်သတင်းပေးပို့ချက်ကို မမြသဇင်အောင် ပြောပြမှာပါ။

ရှမ်းပြည်မြောက်ပိုင်း၊ လောက်ကိုင်မြို့မှာ ဇွန်လ ၁၆ ရက်ကနေ ၂၇ရက်နေ့အထိ ၁၂ရက်တာကာလအတွင်း ကိုဗစ်အတည်ပြုလူနာပေါင်း ၁၂၉ ဉီး ရှိခဲ့ပါတယ်။ ဒီလို ပိုးတွေ့သူ ဉီးရေတိုးလာနေတဲ့ လောက်ကိုင်မြို့ကို ဒီကနေ့ကစပြီး မလိုအပ်ဘဲအပြင်မထွက်ဖို့ Stay at Home သတ်မှတ်လိုက်ပါတယ်။ ဒါ့အပြင် စျေးတွေထဲလည်း တချို့နေရာတွေမှာ အသွားအလာကန့်သတ်ထားပြီး စာသင်ကျောင်းတွေကိုလည်း ပိတ်ထားတယ်လို့ လောက်ကိုင်မှာနေတဲ့ ဒေသခံတ ဉီးက ဗွီအိုအေကိုပြောပါတယ်။

"အပြင်ထွက်ရင်တော့ Mask တပ်ရတာပေါ့။ သွားရလာရတာ စျေးတွေကတော့ ဖြတ်လမ်းကနေသွားရတာပေါ့။ သူတို့ပိတ်ထားတဲ့ သတ်မှတ်ထားတဲ့နေရာတွေကတော့ သွားလို့မရဘူးပေါ့။ ပိတ်တဲ့နေရာတွေရှိတယ်ဗျ။ စျေးတွေကတော့ ကြိုးတော့တားထားတာပေါ့၊ အပြင်ဘက်ကနေ ဝယ်ရတယ်၊ သူတို့သတ်မှတ်ထားတဲ့အတိုင်း ဝယ်ရတယ်၊ ပုံမှန်အတိုင်းတော့ မဟုတ်ဘူးပေါ့။ ကျောင်းတွေကတော့ အခုလောလောဆယ် ပိတ်ထားတယ်။ ကလေးတွေကတော့ အခုကျောင်းမတက်ရတော့ဘူးပေါ့။ ရောဂါတွေက အရမ်းဆိုးနေတယ်။"

ကိုဗစ်အတည်ပြုလူနာ တနေ့တခြားပိုများနေတဲ့ မြန်မာနိုင်ငံမှာ လောက်ကိုင်မြို့နယ်အပါအဝင် Stay at Home သတ်မှတ်ထားတဲ့မြို့နယ် စုစုပေါင်း ၁၁ မြို့နယ်ရှိသွားပါပြီ။ အတည်ပြုလူနာအများဆုံးရှိရာ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ် ၁၁ မြို့နယ်ဖြစ်ပါတယ်။

စစ်တပ်ကအာဏာသိမ်းခဲ့ပြီးနောက် ဖေဖော်ဝါရီလ နှောင်းပိုင်းကစပြီး လောက်ကိုင်မြို့မှာရှိတဲ့ တရုတ်လူမျိုးပိုင် အလုပ်ရုံတွေလည်း တခုပြီးတခု ပိတ်ခဲ့ပါတယ်။ နိုင်ငံရေးအခြေအနေ မတည်ငြိမ်တာကြောင့် အလုပ်ရှင်တော်တော်များများ အလုပ်တွေရပ်ပြီး နေရပ်ပြန်သွားကြ မြန်မာလုပ်သားတွေ အခက်တွေ့နေကြပါတယ်။ အခုတခါလည်း ကိုဗစ်ကပ်ရောဂါ ကူးစက်သူတွေ ပြန်တွေ့လာနေလို့ အသွားအလာတွေကိုပါ ကန့်သတ်လိုက်တာကြောင့် ဒုက္ခတွေပိုရောက်ရတယ်လို့ မြန်မာလုပ်သားတ ဉီးက ပြောပါတယ်။

"ဒီမှာ အလုပ်အကိုင်တွေက ပိတ်နေတဲ့အခါကျတော့ ဒေသခံတွေမှာက စားဝတ်နေရေးအကြပ်အတည်းတွေ ဖြစ်နေတာပေါ့။ တရုတ်တွေကလည်း သူတို့နိုင်ငံကိုပြန်သွားတော့ အလုပ်မရှိတော့ဘဲ မြန်မာလူမျိုးတွေ အခက်အခဲတြွေဖစ်ကြတယ်။ စားဖို့ထက် နေဖို့က အဓိကဖြစ်နေတော့ မြန်မာပြည်ပြန်မယ်ဆိုရင်လည်း ဒီနိုင်ငံရေးအခြေအနေ မကောင်းတဲ့အခါကျ လမ်းတွေကလည်းပိတ်နေတော့ ဆင်းလို့လည်းမရဘူး။ ကိုဗစ်ကြောင့် အခက်အခဲတွေ အများကြီးဖြစ်နေကြတယ်။"

ကပ်ရောဂါထိန်းချုပ်ရေးနဲ့ ပတ်သက်လို့ လောက်ကိုင်မြို့မှာ ကိုဗစ်လူနာတွေနဲ့ ထိတွေ့ဆက်စပ်သူတွေကို ဘယ်လိုကုသမှုပေးနေလဲဆိုတာကို တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာ မရှိခဲ့ပါဘူး။ ဇွန်လ ၂၇ရက်၊ မနေ့ကစပြီး ရောဂါအတည်ပြုလူနာတွေနဲ့ ထိတွေ့ဆက်စပ်သူတွေကို အခမဲ့ကုသပေးသွားမှာဖြစ်ပေမဲ့ စားသောက်စရိတ်အတွက် တ ဉီးကို တရုတ်ငွေ ယွမ် ၁၀၀ နေ့စဉ်ပေးသွင်းရမယ်လို့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကိုဗစ်ရောဂါ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီက စာထုတ်ထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားသူအရေအတွက် ပြန်လည်မြင့်တက်နေတာမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဇွန်လ ၂၇ရက်၊ ည ၈နာရီ ထုတ်ပြန်ထားတဲ့စာရင်းအရ ပြည်တွင်းမှာ အတည်ပြုလူနာသစ် ၈၀၄ ဉီးနဲ့ သေဆုံးသူ ၇ ဉီး ရှိခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကပ်ရောဂါကူးစက်သူတွေ ပြန်များလာနေပေမဲ့ ကျန်းမာရေးဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ကိုဗစ်ကူးစက်မှုကို တတိယလှိုင်းလို့ သတ်မှတ်ပြောဆိုခြင်း မရှိသေးပါဘူး။ 


မြသဇင်အောင်/ VOA Burmese

https://burmese.voanews.com/a/lauk-kaing-kokant-region-northern-shan-state-civids-cases-/5945469.html

ရှမ်းပြည် လောက်ကိုင်မြို့နယ် မလိုအပ်ပဲအိမ်ပြင်မထွက်ရကန့်သတ် ရှမ်းပြည် လောက်ကိုင်မြို့နယ် မလိုအပ်ပဲအိမ်ပြင်မထွက်ရကန့်သတ် Reviewed by THITHTOOLWIN on 03:00 Rating: 5

No comments:

Powered by Blogger.