မန္တလေးပစ်ခတ်မှု- အောင်ပင်လယ်ဘက်မှာ စစ်ကောင်စီတပ်တွေက အရပ်၀တ်နဲ့လှုပ်ရှားနေ


မန္တလေးမြို့မှာ ဒီနေ့ ဇွန်လ ၂၂ ရက်တုန်းက ဖြစ်ခဲ့တဲ့ပစ်ခတ်မှုတွေအပြီးမှာ စစ်ကောင်စီတပ်တွေက အရပ်သားတွေလို ဝတ်ဆင်ပြီး အောင်ပင်လယ်ဘက်ကရပ်ကွက်တွေထဲ လှုပ်ရှားနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

‘စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့က ကျည်ကာတွေဝတ်၊ အပေါ်က ပုံမှန်အင်္ကျီတွေဝတ်ပြီး အောင်ပင်လယ်ဘက်က ရပ်ကွက်တချို့မှာ ရပ်ကွက်သားပုံစံနဲ့ သွားလာနေတာတွေရှိတယ်။ တကယ်လို့ လူငယ်တွေ ပြေးလာရင် သူတို့ စောင့်ဖမ်းမယ်ဆိုတဲ့ အနေအထားရှိတယ်။ လက်မခံလို့လည်းမရဘူး။ သူတို့က လက်နက်တွေနဲ့အသွင်ယူပြီးနေတာဆိုတော့ လက်မခံလို့လည်း မရဘူးလေ’ လို့ လုံခြုံရေးစစ်ဆေးမှုတွေကြောင့် ကိုယ့်ရပ်ကွက်ထဲပြန်မဝင်နိုင်သေးတဲ့မြို့ ခံတစ်ဦးက ပြောပါတယ်။

မနက်ခင်းပိုင်းက ၅၅ လမ်းဘက်မှာ ပစ်ခတ်မှုဖြစ်ခဲ့အပြီးမှာ လူငယ်တချို့က ထွန်တုံးဘက်ကနေ အောင်ပင်လယ်ဘက်ကို ပြေးကြတာတွေလည်းရှိတယ်။

အဲဒီလိုအခြေအနေကြောင့် စစ်ကောင်စီဘက်ကဒေသခံတွေက အောင်ပင်လယ်လို့ ခြုံခေါ်ကြတဲ့ အောင်ပင်လယ်၊ အောင်သာယာ၊ ထွန်တုံး၊ ကန်သာယာ စတဲ့ ရပ်ကွက်တွေရှိရာ ၅၄ လမ်း၊ ၅၆ လမ်းနဲ့ ၅၈ လမ်းတွေကို ပိတ်ထားပြီး ပစ်ခတ်မှုတချို့လည်း ရှိနေတယ်လို့ သိရပါတယ်။

ပစ်ခတ်မှုတွေဟာ မနက်ခင်း ၇ နာရီလောက်ကနေ ၁၀ နာရီလောက်အထိဖြစ်ခဲ့ပြီး အဲဒီနောက်ပိုင်း နာရီဝက်လောက် အသံတိတ်သွားခဲ့ပေမဲ့ အခုအချိန်အထိ ပစ်ခတ်မှုတွေ ရှိနေသေးတယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။

မနက်ခင်းပိုင်းပစ်ခတ်မှုတွေဟာ ၅၄ လမ်းထဲက တပ်ခွဲတစ်နေရာကို စစ်ကောင်စီဘက်က ဝင်ရောက်စီးနင်းလို့ ဖြစ်ခဲ့တာဆိုပြီး မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က သူတို့ရဲ့လူမှုကွန်ယက်ကနေ မကြာသေးခင်တုန်းကမှ ကြေညာပါတယ်။

ဝင်စီးတဲ့အဆောက်အအုံထဲမှာ တပ်ဖွဲ့ဝင်တချို့နဲ့ လက်နက်တချို့ ဖမ်းဆီးခံလိုက်ရတယ်ဆိုတာ မန္တလေး PDF က လူမှုကွန်ရက်ကနေ ထုတ်ပြောပေမဲ့ ထိခိုက်သေဆုံးမှု ရှိမရှိ အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။

စစ်ကောင်စီဘက်ကတော့ အဲဒီပစ်ခတ်မှုမှာ သူတို့ဘက်က ထိခိုက်ဒဏ်ရာရသူဖြစ်သလို PDF ကတော့ သေဆုံးသူ ၈ ဦး ရှိတယ်လို့ အစောပိုင်းတုန်းက သတင်းထုတ်ပြန်ထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57497528

မန္တလေးပစ်ခတ်မှု- အောင်ပင်လယ်ဘက်မှာ စစ်ကောင်စီတပ်တွေက အရပ်၀တ်နဲ့လှုပ်ရှားနေ မန္တလေးပစ်ခတ်မှု- အောင်ပင်လယ်ဘက်မှာ စစ်ကောင်စီတပ်တွေက အရပ်၀တ်နဲ့လှုပ်ရှားနေ Reviewed by THITHTOOLWIN on 20:26 Rating: 5

No comments:

Powered by Blogger.