မြင်းခြံမြို့နယ် ကွမ်းစိုက်ရွာသား နှစ်ဦး စစ်ကြောရေးမှာ သေဆုံး

မြင်းခြံမြို့နယ် ကွမ်းစိုက်ရွာသား နှစ်ဦး စစ်ကြောရေးမှာ သေဆုံး မြင်းခြံမြို့နယ် ကွမ်းစိုက်ရွာက အကြည်တော်ဘုရားကို တွေ့ရစဉ် / ဓာတ်ပုံ - ကွမ်းစိုက်ကျေးရွာ

မန္တလေးတိုင်း မြင်းခြံမြို့နယ် ကွမ်းစိုက်ရွာမှာ ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဟောင်း ဦးမြင့်ကျော်ကို အမည်မသိသူ နှစ်ဦးက ဓားနဲ့ခုတ်ပြီး လုပ်ကြံဖို့ကြိုးစားတာကို အကြောင်းပြုပြီး ဖမ်းဆီးခံရတဲ့ ရွာသား ၃၈ ဦးထဲက နှစ်ဦးဟာ စစ်ကြောရေးမှာ မနေ့က သေဆုံးသွားတယ်လို့ ကျေးရွာ သားတွေက ပြောပါတယ်။

သေဆုံးသူနှစ်ဦးဟာ ကွမ်းစိုက်ရွာ အသက် ၃၆ နှစ်အရွယ် ကိုချစ်ကိုနဲ့ အသက် ၅၅ နှစ်အရွယ် ဦးစိန်ဝင်း ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ နှစ်ဦး အပါအဝင် ကျေးရွာသား ၃၈ ဦးကို ဇွန်လ ၁၅ ရက်နေ့ ညနေက စစ်တပ်က ဖမ်းဆီးသွားတာ ဖြစ်ပြီး အဲဒီအထဲက ၃၆ ဦး ပြန်လွှတ်ပေးလိုက်ပါတယ်။ ဒါပေမဲ့ သူတို့ နှစ်ဦးက ပြန်လွတ်မလာတာကြောင့် မိသားစုက မနေ့က စုံစမ်းရာမှာ သေဆုံးသွားလို့ သင်္ဂြိုဟ်လိုက်ပြီလို့ အကြောင်းပြန်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုဝင် တစ်ဦးက ပြောပါတယ်။

“သူတို့ နှစ်ယောက် ပြန်မလာလို့ ဘုန်းကြီးက လိုက်မေးတော့ မရှိတော့ဘူး၊ သင်္ဂြိုဟ်လိုက်ပြီလို့ စစ် ကောင်စီက ပြောလိုက်တယ်။ အခုတော့ ရက်လည်ဖို့ လုပ်နေပါပြီ။ ဓားခုတ်ခံရတာမှာလည်း ခုတ်ခံရသူရဲ့ အမျိုးသမီးက ခုတ်တဲ့သူမြင်လိုက်လို့ ကိုချစ်ကိုတို့ မဟုတ်ဘူးဆိုတာ သိပါတယ်။ အဖေက နိုင်ငံရေး သမားဆိုတော့ တမင်သတ်သတ်ကို အကွက်ကျကျ လုပ်ကြံတာပေါ့”

ပြန်လွတ်လာသူအချို့ရဲ့ ပြောဆိုချက်အရ ရွာသားတွေကို စစ်တပ်က ဖမ်းဆီးသွားပြီးနောက် မျက်နှာဖုံးစွပ်ပြီး ရိုက်နှက်ခံခဲ့ရတယ်လို့လည်း ကျေးရွာသားတွေက ပြောပါတယ်။

မျက်နှာဖုံးအစွပ်ခံထားရတာကြောင့် သူတို့ကို ဘယ်နေရာကိုခေါ်သွားတယ်ဆိုတာကို မသိခဲ့ရဘူးလို့လည်း ဆိုပါတယ်။

    "ဘုန်းကြီးက လိုက်မေးတော့ မရှိတော့ဘူး၊ သင်္ဂြိုဟ်လိုက်ပြီလို့ စစ်ကောင်စီက ပြောလိုက်တယ်"

ကွမ်းစိုက်ကျေးရွာ ကြံ့ခိုင်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌဟောင်း ဦးမြင့်ကျော်ဟာ ဇွန်လ ၁၅ ရက်နေ့ မနက်ပိုင်းက မြင်းခြံမြို့နဲ့ ကွမ်းစိုက်ကျေးရွာကြား ကားလမ်းမတစ်နေရာမှာ အမည်မသိလူနှစ်ဦးက ဓားနဲ့ခုတ်တာကို ခံခဲ့ရတာဖြစ်ပြီး အသက် သေဆုံးမှုတော့ မရှိခဲ့ဘူးလို့ ရွာသားတွေက ပြောပါတယ်။

အဲဒီ အမည်မသိသူနှစ်ဦးဟာ သူနေထိုင်တဲ့ ကွမ်းစိုက်ရွာကဖြစ်တယ်လို့ စွပ်စွဲချက်နဲ့ ကျေးရွာသား ၃၈ ဦးကို စစ်တပ်က ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ ကိုချစ်ကိုရဲ့ ဖခင်ဟာ ကွမ်းစိုက်ရွာရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်ပြီး အခုအချိန်မှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မိသားစုနဲ့နီးစပ်သူ တစ်ဦးက ပြောပါတယ်။

မြင်းခြံမြို့နယ်ဟာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြတာတွေနဲ့ တူမီးသေနတ်နဲ့ ခုခံတာတွေ လုပ်ဆောင်နေတဲ့မြို့နယ်ဖြစ်ပြီး စစ်ကောင်စီက ပစ်ခတ်မှုကြောင့် ဖေဖော်ဝါရီ ၁ ရက်နေ့က ဇွန်လ ၁၂ ရက်နေ့အထိ သေဆုံးသူ ၃၀ ဦးရှိပြီလို့လည်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက သတင်းထုန်ပြန်ထားပါတယ်။

စစ်တပ်ကဖမ်းဆီးပြီး ဒေသခံနှစ်ဦးသေဆုံးသွားတာနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေး အဖွဲ့ထံကို RFA က ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/two-villagers-die-in-myingyan-06172021071621.html

မြင်းခြံမြို့နယ် ကွမ်းစိုက်ရွာသား နှစ်ဦး စစ်ကြောရေးမှာ သေဆုံး  မြင်းခြံမြို့နယ် ကွမ်းစိုက်ရွာသား နှစ်ဦး စစ်ကြောရေးမှာ သေဆုံး Reviewed by THITHTOOLWIN on 22:13 Rating: 5

No comments:

Powered by Blogger.