မန္တလေးပစ်ခတ်မှု ကန်၊ ကနေဒါနဲ့ ပြင်သစ်သံရုံးတွေစိုးရိမ်ကြောင်းထုတ်ပြန်

မန္တလေးပစ်ခတ်မှုနေ့မှာ မြင်တွေ့ရတဲ့သံချပ်ကာ ကားများ (ဓာတ်ပုံ - Courtesy)

မန္တလေးမှာဖြစ်ခဲ့တဲ့ ဒီကနေ့ ပစ်ခတ်တိုက်ခိုက်မှုတွေအတွက် စိုးရိမ်မကင်းဖြစ်တဲ့အကြောင်း ရန်ကုန်အခြေစိုက် အမေရိကန် ကနေဒါနဲ့ ပြင်သစ်သံရုံးတို့က အသီးသီးထုတ်ပြန်ခဲ့ကြပါတယ်။ မန္တလေးမြို့မှာ ဒီကနေ့ အရပ်သားတွေ သေဆုံး၊ ဒဏ်ရာရတာ ရှိနိုင်တယ်ဆိုတဲ့ သတင်းတွေအပါအဝင် ပစ်ခတ်မှုသတင်းတွေကို စောင့်ကြည့်နေတယ်လို့ ရန်ကုန်၊ အမေရိကန်သံရုံးက ပြောပါတယ်။

စစ်မက်ရေးရာ တင်းမာလာနေတဲ့အပေါ် စိုးရိမ်ပြီး အကြမ်းဖက်မှု ရပ်တန့်ဖို့လည်း အမေရိကန်သံရုံးက တောင်းဆိုထားပါတယ်။

မန္တလေးမှာဖြစ်ခဲ့တဲ့ မြို့ပြတိုက်ပွဲတွေဟာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှုကြောင့်ဖြစ်ရတဲ့ လူသေဆုံးမှုကို ထပ်တိုးစေခဲ့တဲ့အကြောင်း၊ ဒီအကျပ်အတည်းတွေကို အဆုံးသတ်နိုင်ဖို့အတွက် ယုံကြည်စိတ်ချရပြီး ရေရှည်တည်တံ့တဲ့ လုပ်ငန်းစဉ်တွေကို အမြန်အကောင်အထည်ဖော်ဖို့၊ အခြေခံလူ့အခွင့်အရေးကို လေးစားဖို့၊ ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ ရွေးချယ်မှုကို လေးစားဖို့နဲ့ အာဆီယံအစည်းအဝေး သဘောတူညီမှု ၅ ချက်ကို အကောင်အထည်ဖော်ဖို့ အရေးတကြီး လိုအပ်နေတယ်ဆိုတာ မန္တလေးမြို့အဖြစ်အပျက်တွေက မီးမောင်းထိုးပြနေတယ်လို့ ရန်ကုန်၊ ပြင်သစ်သံရုံးကလည်း ထုတ်ပြန်ထားပါတယ်။

မန္တလေးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ ခိုလှုံနေတဲ့ အိမ်တလုံးကို စစ်တပ်က ဝင်ရောက်စီးနင်းရာကနေ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ဒဏ်ရာအပြင်းအထန် ရခဲ့ပြီးတော့ PDF တပ်ဖွဲ့ဝင် လေးဦးသေဆုံးပြီး ၈ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အခင်းဖြစ်တဲ့နေရာကို လာပစ်တဲ့ ကားတစီး မောင်းအပြေးမှာ လ ျှပ်စစ် ထရန်စဖော်မာနဲ့ တိုက်မိပြီး ကားပေါ်ပါ PDF တပ်ဖွဲ့ဝင်လေးဦး သေဆုံးတဲ့အကြောင်း စစ်ကောင်စီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲဒီလိုပစ်ခတ်မှုနဲ့ သေဆုံးမှုတွေ ရှိခဲ့တဲ့ကြားမှာပဲ မန္တလေးမှာ ဆန္ဒပြပွဲတွေရှိခဲ့သလို ရန်ကုန်မှာလည်း လူငယ်တွေက လ ျှပ်တပျက်သပိတ်နဲ့ ဆန္ဒပြခဲ့ကြပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဇွန်လ ၂၁ ရက်နေ့အထိဆိုရင် သေဆုံးသူပေါင်း ၈၇၃ ယောက်ရှိပြီဖြစ်သလို လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရသူ ၅,၀၀၀ ကျော်ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီသေဆုံးသူအရေအတွက်ဟာ ချဲ့ကားထားတာလို့ တုံ့ပြန်ပြောဆိုထားပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/us-Canada-France-concerned-civilian-causalities-Mandalay-attacks-/5938114.html

မန္တလေးပစ်ခတ်မှု ကန်၊ ကနေဒါနဲ့ ပြင်သစ်သံရုံးတွေစိုးရိမ်ကြောင်းထုတ်ပြန် မန္တလေးပစ်ခတ်မှု ကန်၊ ကနေဒါနဲ့ ပြင်သစ်သံရုံးတွေစိုးရိမ်ကြောင်းထုတ်ပြန် Reviewed by THITHTOOLWIN on 20:40 Rating: 5

No comments:

Powered by Blogger.