ငါန်းဇွန်မြို့နယ်ထဲ ကုလရွာကို စစ်ကောင်စီတပ်တွေဝင်လို့ ရွာသားတွေ ကြောက်လန့်ထွက်ပြေးနေ

မန္တလေးတိုင်ဒေသကြီး၊ မြင်းခြံခရိုင်ထဲပါတဲ့ ငါန်းဇွန်မြို့နယ်ထဲက ကုလကျေးရွာမှာ မနေ့ ဇွန်လ ၂၈ ညပိုင်းက ပစ်ခတ်မှုတွေအပြီး ဒီနေ့မှာ စစ်ကောင်စီတပ်တွေရောက်လာလို့ ရွာသူရွာသားတွေ ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။

''မနေ့ညပိုင်း ၇ နာရီလောက်မှာ စစ်ကောင်စီခန့်ထားတဲ့အုပ်ချုပ်ရေးမှူးရဲ့အပေါင်းအပါတသိုက်က ပြဿနာရှာလို့ ငါန်းဇွန်ကနေ ဈေးသိမ်းပြီးပြန်လာတဲ့ ကျွန်တော်တို့ရွာသားတချို့နဲ့ ပြဿနာဖြစ်ကြတယ်။ ဓားထိုးမှုဖြစ်တယ်ပေါ့။ အဲဒါဖြစ်အပြီး ည ၁၀ နာရီလောက်မှာ သူတို့ ရောက်ချလာတယ်။ သူတို့ကားပေါ်မှာ အုပ်ချုပ်ရေးမှူးလည်း လိုက်လာတယ်။ မနေ့ည ၂ နာရီခွဲဝန်းကျင်မှာပြန်သွားပြီး ဒီနေ့မနက်ပိုင်းမှာ စစ်ကား ၁၀ စီးကျော်နဲ့ပြန်ရောက်လာကြတာ။ သေနတ်တွေနဲ့လည်း ပစ်ထားတာဆိုတော့ ရွာသားတွေက ကြောက်လန့်ပြီး ပုန်းကြတာပေါ့။''လို့ ရွာခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

မနေ့ညပိုင်းက ဓားထိုးမှုမှာ အသက် ၃၀ အရွယ် အမျိုးသားတစ်ယောက် ဓားထိုးခံရပြီး ဆေးရုံတင်လိုက်ရသလို အဲဒီနောက်ပိုင်း စစ်ကောင်စီတပ်တွေ ဝင်လာလို့ သေနတ်ပစ်ခတ်ချိန် အမျိုးသားတစ်ယောက်လည်း မျက်စိကို ကျည်မှန်လို့ ငါန်းဇွန်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

မနေ့ညပိုင်းက ပစ်ခတ်ချိန် ရွာသား ၄ ဦးထက်မနည်းဖမ်းဆီးခံခဲ့ရတယ်လို့လည်းသိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ညပိတ်တွေ၊ ဆုတောင်းမေတ္တာပို့ပွဲတွေ ကုလရွာမှာ ပြုလုပ်ခဲ့ပေမဲ့ စစ်ကောင်စီတပ်တွေ အခုလို ရွာထဲအထိ လာရောက် ပစ်ခတ်တာ အခုတစ်ကြိမ်က ပထမဆုံးလို့ သိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57652919

ငါန်းဇွန်မြို့နယ်ထဲ ကုလရွာကို စစ်ကောင်စီတပ်တွေဝင်လို့ ရွာသားတွေ ကြောက်လန့်ထွက်ပြေးနေ ငါန်းဇွန်မြို့နယ်ထဲ ကုလရွာကို စစ်ကောင်စီတပ်တွေဝင်လို့ ရွာသားတွေ ကြောက်လန့်ထွက်ပြေးနေ Reviewed by THITHTOOLWIN on 19:51 Rating: 5

No comments:

Powered by Blogger.