ကင်းမရွာသားတွေ တောတောင်ထဲထွက်ပြေးခိုလှုံနေရပြီး အကူအညီလိုအပ်နေ



Share/Bookmark
ဘေးလွတ်ရာထွက်ပြေးနေကြတဲ့ ဒီပဲယင်းနယ်ထဲက ရွာသားများ ( ဓာတ်ပုံ - Courtesy)

ရွာလုံးကျွတ် မီးလောင်ခဲ့တဲ့ မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်း ကင်းမရွာက ရွာသားတွေဟာ တောတောင်တွေမှာ ခိုလှုံနေကြရပြီး အကူအညီတွေ လိုအပ်နေပါတယ်။ စစ်ကိုင်းတိုင်းထဲ မင်းကင်းမြို့နဲ့ ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာတွေကိုလည်း စစ်ကောင်စီတပ်တွေက ဝင်ရောက် ရှာဖွေဖမ်းဆီးခဲ့လို့ ဒေသခံ သောင်းနဲ့ချီ ထွက်ပြေးနေရပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး ရန်ကုန်ကလာတဲ့ သတင်းကို ကိုကျော်ကျော်သိန်းကပြောပြပါမယ်။

စစ်တပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး PDF အဖွဲ့တွေ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီးနောက် ရွာလုံးကျွတ်မီးလောင်သွားတဲ့ မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်း ကင်းမရွာက ရွာသူရွာသားတွေဟာ နီးစပ်ရာတောတောင်တွေမှာ ခိုလှုံနေရပြီး အကူအညီတွေ လိုအပ်နေကြတယ်လို့ ကင်းမရွာခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“အခက်အခဲက လောလောဆယ် သူတို့မှာ ပြေးစရာနေရာမရှိဘူးပေါ့နော်။ စားရေးသောက်ရေး အခက်အခဲ ဖြစ်တယ်။ နောက်ပြီး မိုးတွင်းကာလဖြစ်တဲ့အခါကျတော့ မိုးရွာလို့ရှိရင် နေဖို့ထိုင်ဖို့ အခက်အခဲတွေ အများကြီး ရှိတာပေါ့နော်။ ပြေးစရာမရှိဘူးဆိုတာက ပြည်သူက ကြောက်တယ်လေ ဒီကောင်တွေက တောနင်းရှာမှာတို့ အဲ့လောက်အဆင့်ထိ ခြိမ်းခြောက်ထားတာတွေရှိတယ်လေ။ တချို့ရွာတွေကြတော့လည်း မီးလောင်သွားတဲ့ ရွာသူရွာသားတွေဆိုရင် သိပ်လက်မခံရဲကြဘူး။ ဘာလို့လည်းဆိုတော့ သူတို့ကို အမှုပတ်လာမှာ စိုးလို့လေ။ စစ်တပ်က အဲ့လိုမျိုး လူတွေကို ဒုက္ခပေးတာ။ တခြားရွာက လက်မခံရဲအောင် ဒုက္ခပေးထားတာပါ။ လက်ရှိကတော့ တောကြိုအုံကြားမှာ ပုန်းနေရတယ်။ ကျနော်တို့လည်း လိုက်စုနေတယ်။ စုလို့မရတဲ့ အဖွဲ့တွေလည်းရှိတာပေါ့။”

ဇွန်လ ၁၅ ရက် နေ့လည်ပိုင်းက စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ PDF အဖွဲ့တို့ ကင်းမရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံတွေ PDF တွေတပ်ဆုတ်သွားတဲ့ ကင်းမရွာဘက်မှာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ကင်းမကျေးရွာ မီးလောင်ခဲ့တာမှာ တရွာလုံး ပြာကျခဲ့ပါတယ်။

လက်နက်ကိုင်အဖွဲ့တွေက ဦးကျော်ဌေးဆိုသူရဲ့ နေအိမ်ကို မီးရှုှို့ရာက ရွာမီးလောင်ခဲ့တာဖြစ်တယ်လို့ စစ်တပ်က သတင်းထုတ်ပြန်ပါတယ်။ ကျေးရွာအိမ်ခြေ ၂၂၅ လုံးအနက် အိမ်ခြေ ၁၀၀ လောက် မီးလောင်ကျွမ်းခဲ့ပြီး မီးရှို့ဖျက်ဆီးသူတွေကို ဖမ်းဆီးအရေးယူဖို့ ဆောင်ရွက်နေတယ်လို့ ပြောထားပါတယ်။

PDF အဖွဲ့တွေဘက်ကလည်း စစ်တပ်က ရွာကို မီးရှို့ခဲ့တာဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။ မီးလောင်မှုအတွင်း သက်ကြီး ရွယ်အိုနှစ်ယောက် မီးထဲပါပြီး သေဆုံးခဲ့ပါတယ်။

ကင်းမကျေးရွာ မီးလောင်ကျွမ်းတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာကလည်း ပြစ်တင်ဝေဖန်နေကြပါတယ်။ စစ်ကောင်စီတပ်တွေ မီးရှို့တာဟာ တိုင်းရင်းသားလူမျိုးတွေနဲ့ ဘာသာတရားတွေအားလုံးအပေါ် အရင်ကျူးလွန်ခဲ့တဲ့ ပုံစံတွေနဲ့ တူပြီး စစ်တပ်ဟာ လူ့အသက်ကို လုံးဝ ဂရုမစိုက်တာ ဆက်လက် ပြသနေတာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်းထဲမှာလည်း မင်းကင်းမြို့အနီးက ကျေးရွာတွေကို ဝင်ရောက်ရှာဖွေလို့ ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ မင်းကင်းမြို့ခံတဦးက ဗွီအိုအေကိုပြောပါတယ်။

“ဒီနေ့မနက်မှာ တပ်ကနေ ကား ၃ စီးနဲ့ ပြန်ပြီးဆင်းလာတယ်။ ဆင်းလာပြီးမှ မြို့အောက်ပိုင်းမှာရှိတဲ့ ရွာတွေအကုန်လုံး ပျူစောထီးအဖွဲ့တွေနဲ့ ပူးပေါင်းပြီးမွှေတယ်။ ရွာတွေက တုံရွာ ကျောက်ခဲတက် ရွာသစ်ကုန်း ပိုင် ဖက်ခတ် ကုန်းရင်း တုန်ပါ အကုန် ရွာလုံးကျွတ်နီးပါး သက်ကြီးရွယ်အို ကလေးပါမကျန် အကုန်လုံး ထွက်ပြေးနေရတယ်။ တုန်ရွာမှာဆိုရင်လည်း ဆိုင်ကယ်နှစ်စီးယူသွားတယ်။ ပြီးရင် သူတို့ကိုဆန့်ကျင်တဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်တယ်ဆိုပြီးမှ ပြည်သူတွေရဲ့အိမ်တွေ အကုန်ဖျက်ဆီးသွားတယ်။ သူတို့လိုချင်တဲ့ ပစ္စည်းမှန်သမျှလည်း ယူသွားပြီးမှ မလိုအပ်တဲ့ ပစ္စည်းမှန်သမျှကိုလည်း ရိုက်ချိုးသွားတယ်။ အခုညနေမှာ ကျောက်ခဲတက်ဆိုတဲ့ရွာမှာ အကုန်ရိုက်နှက်ဖျက်ဆီးတာလုပ်နေတယ်။ ရွာရဲ့အစွန်တနေရာမှာ ရှိတဲ့ အိမ်တအိမ်မှာလည်း လွတ်ကင်းတယ်ထင်ပြီး မရှောင်ဘဲ အိမ်ပေါ်မှာ အိပ်နေတဲ့သူကိုလည်း သေနတ်နဲ့ ပစ်သွားတယ်။”

ဇွန် ၁၅ ရက်နေ့ က စစ်ကောင်စီတပ်နဲ့ မင်းကင်း PDF တို့ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် အနီးအနားက ကျေးရွာတွေကို ဒီနေ့ လိုက်လံ စီးနင်းရှာဖွေနေတာဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း ဒီပဲယင်းဘက်က ကျေးရွာတွေမှာလည်း စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတဲ့အတွက် ဒေသခံ သောင်းနဲ့ချီ ထွက်ပြေးနေရတယ်လို့ ဒီပဲယင်းမြို့ခံတဦးက ပြောပါတယ်။

“ညောင်လှရယ် ယဉ်ကျေးရွာရယ် မူးကြီးရယ် ခန့်မှန်းခြေ ၁၀ ရွာလောက်ရှိမယ်။ အကုန်ထွက်ပြေးနေရတာ။ ရွာထဲမှာမနေရဲဘူး ထွက်ပြေးနေရတာ တယောက်မှမရှိတော့ဘူး။ ဝင်ရှာတဲ့အိမ်တွေကို အိမ်တွေရဲ့ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးသွားတာတွေရှိတယ်။ ဝင်မွှေရှာတယ် သူတို့လိုချင်တာရှိရင် စားစရာရှိရင် စားသွားတယ်။ စားစရာမရှိရင် အကုန်ဖျက်ဆီးသွားတယ်။ ဆန်တွေအကုန်ဖျက်ဆီးသွားတယ်။ မူးကြီးက ၆ ယောက် ဖမ်းသွားတယ်လို့ကြားတယ်။”

ဒီပဲယင်းမြို့နယ် ယဉ်ကျေးရွာမှာ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ PDF တွေ အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီးနောက် စစ်တပ်က ကျေးရွာတွေမှာ ဝင်ရှာနေတာဖြစ်ပါတယ်။ ဒ့ါအပြင် ရဟတ်ယာဉ်တွေနဲ့ပါ ဝေဟင်ကနေ စောင့်ကြည့်တာတွေရှိနေပါတယ်။ ဒီပဲယင်းမြို့က ကျေးရွာတွေမှာ စစ်ကောင်စီနဲ့ နီးစပ်သူတွေ မကြာခဏဆိုသလို အသတ်ခံရတဲ့အတွက် အခုလို ဝင်ရောက်ရှာဖွေတာတွေ လုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။


ကျော်ကျော်သိန်း/ VOA Burmese

https://burmese.voanews.com/a/pauk-township-min-kin-villagers-fled-nearby-forests-/5932425.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ