ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် ပြည်တွင်း ပြည်ပ ပန်းသပိတ်ဆင်နွှဲ

နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့မှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်ပဲ ဆင်နွှဲနေတဲ့မြင်ကွင်း။ (ဇွန် ၁၉၊ ၂၀၂၁။ ဓာတ်ပုံ - CJ)

ဇွန်လ ၁၉ ရက် စနေနေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၆ နှစ်မြောက် မွေးနေ့အဖြစ် ပြည်တွင်း ပြည်ပ နိုင်ငံအတော်များများမှာ ပန်းသပိတ် ဆင်နွှဲခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးခံနေရသူ အားလုံး ပြန်လည်လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ကြပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီရေး ကြိုးပမ်းလှုပ်ရှားမှုကို ဂုဏ်ပြုဖို့ နော်ဝေနိုင်ငံ Froland မှာ ၂၀၁၆ က ဖွင့်လှစ်ခဲ့တဲ့ Aung San Suu Kyi Park ပန်းခြံချစ်မြတ်နိုးသူများအဖွဲ့က ဦးစီးပြီး ဇွန်လ ၁၉ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၆ နှစ်မြောက် မွေးနေ့မှာ တကမ္ဘာလုံး အတိုင်းအတာနဲ့ ပန်းသပိတ်ဆင်နွှဲဖို့ လှုံ့ဆော်ခဲ့ကြတာပါ။

ဒီလို အပြည်ပြည်ဆိုင်ရာ လှုပ်ရှားမှုအတွက် ဦးဆောင်ဆွေးနွေးသူတွေထဲမှာပါတဲ့ ဂျာမနီနိုင်ငံက မဘီးဘီက စနေနေ့ လှုပ်ရှားမှုအကြောင်း ခုလိုပြောပါတယ်။

“ကျမတို့ ဒေါ်အောင်ဆန်းစုကြည် ပန်းခြံအဖွဲ့ကနေပြီးတော့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအနေနဲ့ Global Call ခေါ်လိုက်တယ်။ အဲဒါက ပန်းသပိတ်ပေါ့။ ဒါကြောင့် တကမ္ဘာလုံးဝိုင်းပြီးတော့ ပူးပေါင်းပါဝင်ကြတယ်။ မြန်မာနိုင်ငံကအစ နိုင်ငံတွေ နိုင်ငံတွေက သူတို့ရှိတဲ့နေရာတွေမှာ ပန်းသပိတ်တွေ ပါဝင်ပေးကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံထဲမှာတော့ သစ်ပင်စိုက်တယ်။ ခိုဖြူတွေလွှတ်တယ်။ ပြီးတော့ နှင်းဆီပန်းတွေ ပန်တယ်။ ပန်းသပိတ်ထဲမှာမှ နှင်းဆီပန်း အနီရောင်ကိုပဲ ရွေးချယ်ပြီး ပန်ကြတယ်။ ဘာကြောင့်လဲဆိုတော့ အနီရောင်က ရဲရင့်ခြင်းကို ပြတဲ့အနေနဲ့ ကျမ နှင်းဆီပန်းအနီကို ရွေးချယ်လိုက်တယ်။”

လန်ဒန်မြို့မှာ မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် ဆန္ဒပြနေတဲ့မြင်ကွင်း။ (ဇွန် ၁၉၊ ၂၀၂၁။ ဓာတ်ပုံ - CJ)

အင်္ဂလန်နိုင်ငံမှာလည်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် ပန်းသပိတ်ဆင်နွှဲရင်း စစ်ကောင်စီရဲ့ ဖမ်းဆီးခံနေရသူ အားလုံး ပြန်လွှတ်ပေးရေး တောင်းဆိုခဲ့ကြတယ်လို့ လန်ဒန်မြို့က ဒေါက်တာဇင်လင်းထိုက်က ပြောပါတယ်။

“ကျနော်တို့ ဒီနေ့ လန်ဒန်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်အတွက် ရည်စူးပြီးတော့ မနက်ပိုင်းမှာ ဆွမ်းကပ်တယ်။ ပြီးတော့ နေ့လယ် ၂ နာရီမှာ ပါလီမန်ရင်ပြင်မှာ ချီတက်ပြီးတော့ ဆန္ဒပြတယ်။ အဲဒီမှာ ပန်းသပိတ်ပေါ့၊ အမျိုးသားတွေရော အမျိုးသမီးတွေရော ပန်းတွေ ပန်ထားကြတယ်။ ပြီးတော့ အမေ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်ဖို့ရယ်၊ ဖမ်းဆီးထားတဲ့ အကျဉ်းချခံထားရတဲ့သူတွေ အကုန်လုံး လွတ်မြောက်ပါစေဆိုပြီး ဆုတောင်းတယ်။ ပြီးတော့ တောင်းဆိုတယ်။”

နယ်သာလန်နိုင်ငံမှာလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ ဘယ်လို တောင်းဆို လှုပ်ရှားခဲ့ကြသလဲ ဆိုတာကို အမ်စတာဒမ်မြို့က ကိုထင်လင်းနဲ့ စတက်ပလာဒိုးမြို့က မမိုးပွင့်တို့က ပြောပြထားပါတယ်။

ကိုထင်လင်း - "နယ်သာလန်မှာရှိတဲ့ အမေ့သမီးတွေ Group ကနေပြီးတော့ နယ်သာလန် အမ်စတာဒမ်မှာရှိတဲ့ Saravanaa Bhavan ဆိုတဲ့ စားသောက်ဆိုင်မှာ ကျင်းပတာဖြစ်ပါတယ်ဗျ။ သူတို့က နေ့လယ် ၁၁ နာရီလောက်ကနေ ညနေ ၃ နာရီလောက်ထိ ကျင်းပတယ်။ နယ်သာလန်ရောက်နေတဲ့ မြန်မာမိသားစုတွေ အပြင်ကို နယ်သာလန်က အသက် ၉၅ နှစ်လောက်ရှိတဲ့ 'ခါပလီ' ဆိုတဲ့ အဘွားအိုက ဒေါ်အောင်ဆန်းစုကြည်အတွက် အမှတ်တရ မွေးနေ့စကားကို ဒတ်ချ်လို ပြောတယ်။ ပြီးတော့ ကိတ်မုန့်လှီးကြတယ်။ အနီရောင်ပန်းတွေ ပန်ပြီးတော့ အမ်စတာဒမ် ဒမ်းစကွဲယားရှိတဲ့ နန်းတော်ရှေ့ ရင်ပြင်မှာ ငှက်တွေကို အစာကျွေး ကုသိုလ်ပြု လုပ်ခဲ့ကြပါတယ်။"

မမိုးပွင့် - "နေ့လယ်လောက်မှာ အယူးထရက်က စတော့ခ်-ပလာတိုး ဆိုတဲ့ နေရာမှာပေါ့နော်၊ နယ်သာလန်ရောက်နေကြတဲ့ ဗမာတွေ စုပြီးတော့ အမေစု အမြန်ဆုံး ပြန်လွတ်ဖို့အတွက် ဆုတောင်းပွဲလေးပေါ့။ နောက်ပြီးတော့ တခြား အဖမ်းဆီးခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အကုန်လုံး ပြန်လည်လွတ်မြောက်ဖို့အတွက် အားလုံးက ဆုတောင်းပေးခဲ့ကြတာပေါ့။ ပြီးတော့ အဲဒီလို ပြန်လွတ်မြောက်ဖို့ သင်္ကေတအနေနဲ့ ခိုလေးတွေလည်း လွှတ်ခဲ့ကြတယ်။ အမေစုရဲ့ မွေးနေ့အတွက်ဆိုပြီး ကိတ်မုန့်တွေလည်း ခွဲခဲ့ကြပါတယ်။"

အလားတူ အမေရိကန်ပြည်ထောင်စု မြို့အတော်များများမှာလည်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကို ကျင်းပခဲ့ကြတာပါ။

ဝါရှင်ဒန်ဒီစီမှာ ကျင်းပခဲ့တဲ့ပွဲနဲ့ ပတ်သက်ပြီး ဦးယဉ်ထွေး ပြောတာက ...

“ကျနော်တို့ကတော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားတဲ့ အကျဉ်းကျနေတဲ့ မြန်မာပြည်သူပြည်သား တိုင်းရင်းသား လူမျိုးပေါင်းစုံပေါ့ ပြန်လွတ်မြောက်ဖို့နဲ့ ကျဆုံးသွားတဲ့ အာဇာနည်တွေအတွက် ဆုတောင်းမေတ္တာပို့တယ်။ ကျနော်တို့ မြန်မာပြည်မှာ ပြောကြတဲ့အတိုင်းပဲ ပန်းသပိတ်ဆိုပြီး ကြွရောက်လာတဲ့ မျိုးချစ် မြန်မာတွေက ပန်းတွေယူလာတယ်၊ အဲဒီပန်းတွေကို ပန်းအိုးတွေထိုးတယ်၊ ပြီးရင် ဘုရားမှာကပ်ပြီးတော့ ဆုတောင်းမေတ္တာပို့ကြတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရတဲ့လူတွေ အားလုံး လွတ်ြမောက်ရေး ဆုတောင်းတယ်။”

ဆန်ဖရန်စစ္စကိုမြို့မှာလည်း အခု အသံလွှင့်နေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်ပွဲ ကျင်းပနေကြပါတယ်။ ပွဲကျင်းပတာနဲ့ ပတ်သက်လို့ ဦးကိုကိုလေးက အခုလို ရှင်းပြပါတယ်။

“ကျနော်တို့ ခေါင်းစည်းတပ်ထားတာကတော့ ပန်းပန်လျက်ပဲပေါ့ဗျာ။ မဗေဒါ အံကိုခဲ ပန်းပန်လျက်ပဲ၊ ဘယ်လိုပဲ အခက်အခဲတွေ ကြုံဆုံနေစေကာမူ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မားမားမတ်မတ် ရပ်တည်ပြီးတော့ ပြည်သူလူထုတရပ်လုံး လွတ်မြောက်ရေးအတွက် သူ တိုက်ပွဲဝင်နေတာ ဖြစ်တယ်။ သူဟာ စစ်ကောင်စီရဲ့ မတရား အာဏာသိမ်းပြီးတော့ ဖမ်းဆီးချုပ်နှောင်ထားတဲ့ အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့အတွက် ကျနော်တို့ တောင်းဆိုတဲ့ပွဲ ဖြစ်တယ်။”

ဘော်စတွန်မြို့မှာလည်း ခရစ်ယာန်ဘုရားကျောင်းတခုမှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို ကျင်းပနေကြပါတယ်။ မြန်မာ့အရေးလှုပ်ရှားသူ မသော်တာထွန်းကျော် ပြောပြတာက ...

“ဒီနေ့က ကျမတို့ Boston Free Burma နဲ့ Oversea Burmese Christian Fellowship အသင်းနဲ့ ပူးပေါင်းပြီးတော့ သူတို့ရဲ့ ဘုရားကျောင်းမှာ အမေစုရဲ့မွေးနေ့အတွက် ရည်ရွယ်ပြီးတော့ ကိတ်မုန့်အကြီးကြီးတလုံး မှာပြီးတော့ ကိတ်မုန့်ခွဲမယ်။ ဖယောင်းတိုင်ထွန်းပြီးတော့ အားလုံး ဝိုင်းပြီးတော့ အမြန်ဆုံး လွတ်မြောက်ပါစေပေါ့၊ အမေစုနဲ့အတူ အကျဉ်းကျခံနေရတဲ့၊ မတရား ဖမ်းဆီးချုပ်နှောင် ခံထားရတဲ့ လူ ၄,၀၀၀ ကျော်နဲ့ မြန်မာပြည်ကြီးပါ အားလုံး လွတ်မြောက်ဖို့ ကျမတို့ ဝိုင်းပြီး ဆုတောင်းမယ့်ပွဲ ရှိပါတယ်။”

အလားတူ ဂျပန်၊ တောင်ကိုရီးယား နိုင်ငံတွေမှာလည်း ပန်းသပိတ်တွေ ဆင်နွှဲရင်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကို ကျင်းပခဲ့ကြသလို မြန်မာနိုင်ငံတွင်းမှာလည်း မြို့တွေအတော်များများမှာ ပန်းသပိတ်လှုပ်ရှားမှုတွေ ဆင်နွှဲခဲ့ကြပါတယ်။


ကိုဉာဏ်ဝင်းအောင်/ VOA Burmese

https://burmese.voanews.com/a/daw-aung-san-suu-kyi-birthday/5935567.html

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် ပြည်တွင်း ပြည်ပ ပန်းသပိတ်ဆင်နွှဲ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် ပြည်တွင်း ပြည်ပ ပန်းသပိတ်ဆင်နွှဲ Reviewed by THITHTOOLWIN on 20:45 Rating: 5

No comments:

Powered by Blogger.