မန္တလေးမှာ စစ်တပ်က ကားနဲ့ဝင်တိုက်လို့ လူငယ်နှစ်ဦး သေဆုံး

မန္တလေးမှာ စစ်တပ်က ကားနဲ့ဝင်တိုက်လို့ လူငယ်နှစ်ဦး သေဆုံး အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်တွေကို မန္တလေးမြို့မှာ ၂၀၂၁၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့က တွေ့ရစဉ် /Photo: RFA

မန္တလေးမြို့၊ မင်းကြီးရန်နောင်လမ်း၊ ၄၆ လမ်းနဲ့ ၄၇ လမ်းကြားမှာ ဇွန် ၆ ရက်၊ မနေ့ညက စစ်တပ်က ကားနဲ့ ဝင်တိုက်တာကြောင့် လူငယ် နှစ်ဦး သေဆုံးခဲ့ပြီး၊ သူတို့အထဲက တစ်ဦးကတော့ အခုချိန်ထိ ဘယ်သူမှန်း မသိဘဲ ပိုင်ရှင်မဲ့ဖြစ်နေတယ်လို့ လူမှုကူညီရေး အသင်းတွေက ပြောပါတယ်။

မနေ့ည ၁၀ နာရီကျော်လောက်မှာ ဆိုင်ကယ်စီးလာသူ လူငယ် နှစ်ယောက်ကို စစ်တပ်က ကားနဲ့ဝင်တိုက်ခဲ့လို့ တစ်ယောက်က ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ တစ်ယောက်ကတော့ ကူညီရေးအဖွဲ့တွေ ရောက်မလာနိုင်တဲ့အတွက် မနက် သုံးနာရီလောက်မှာ သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

သေဆုံးသူ နှစ်ယောက်ဟာ သူငယ်ချင်း နှစ်ယောက်ဖြစ်နိုင်ပြီး၊ ပိုင်ရှင်ပေါ်သူကတော့ ပြည်ကြီးတံခွန်မြို့နယ် ကိုအောင်ကျော်ထွေး အသက် (၁၇) နှစ်ဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူ မန္တလေးမြို့ခံတွေက ပြောပါတယ်။

ပိုင်ရှင်မပေါ်သူကလည်း အမည်နဲ့ နေရပ်လိပ်စာ အတိအကျမသိရသေးပေမယ့်၊ အသက် ၁၈ နှစ်အရွယ် လူငယ် တစ်ဦး ဖြစ်တယ်လို့ လူမှုကူညီရေးအဖွဲ့ဝင်တစ်ယောက်က RFA ကို ပြောပါတယ်။

"သူတို့ဖြစ်တာက မြို့နယ် သုံးခုအစပ် ဖြစ်နေတယ်။ ပြည်ကြီးတံခွန်မြို့နယ်၊ ပုသိမ်ကြီးမြို့နယ်နဲ့ ချမ်းမြသာစည်မြို့နယ် သုံးခုဆုံရာ ဖြစ်နေတယ်။ ညကကြားတော့ ပြည်ကြီးတံခွန်မြို့နယ်မှာ ဖြစ်တယ် ပြောတယ်။ မနက်ကျတော့ ဆိုင်ကယ်ကတော့ ပြည်ကြီးတံခွန်မြို့နယ်မှာ ကျန်ခဲ့ပြီး လူက ချမ်းမြသာစည် မြို့နယ်ထဲ ရောက်နေတယ်။ အနီးနာကလည်း ကျူးကျော်တွေ နေတဲ့သူတွေဆိုတော့ ကြောက်ကြတယ်။ မနက် ၇ နာရီလောက်မှ အလောင်းကောက်ရတယ်။ ပိုင်ရှင်မပေါ်တဲ့ကလေးကတော့ ဦးနှောက်သွေးယိုတာ ဖြစ်မယ်။ ပိုင်ရှင်ပေါ်တဲ့ ကလေးကတော့ မျက်နှာကြီးတစ်ခုလုံး မဲနေတာ၊ အခုတော့ ဆေးရုံကြီး ရင်ခွဲရုံကို ပို့ထားတယ်။"

ဆိုင်ကယ်စီးလာတဲ့ လူငယ် နှစ်ယောက်ကို တိုက်ခဲ့တဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေရဲ့ကားဟာ အနီးကရေမြောင်း ထဲကို ထိုးကျခဲ့ပြီး၊ ညတွင်းချင်းပဲ ကရိန်းကားနဲ့ လာရောက်ဆယ်ယူသွားကာ ဒဏ်ရာရတဲ့သူ ရှိ၊ မရှိတော့ အတိအကျ မသိရဘူးလို့လည်း မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/two-young-men-death-in-mdy-06072021044554.html

မန္တလေးမှာ စစ်တပ်က ကားနဲ့ဝင်တိုက်လို့ လူငယ်နှစ်ဦး သေဆုံး  မန္တလေးမှာ စစ်တပ်က ကားနဲ့ဝင်တိုက်လို့ လူငယ်နှစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 18:12 Rating: 5

No comments:

Powered by Blogger.