ဖုန်းနဲ့လိမ်ညာဆက်သွယ်ပြီး ဆရာတော်ဦးဇဝန ကို ရိုက်နှက်ဖမ်းဆီး

ဖုန်းနဲ့လိမ်ညာဆက်သွယ်ပြီး ဆရာတော်ဦးဇဝန ကို ရိုက်နှက်ဖမ်းဆီး မန္တလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေတဲ့ ဘုရားကြီး ငြိမ်းချမ်းရေးသပိတ်စစ်ကြောင်းက ဆရာတော် ဦးဇဝနကိုတွေ့ရစဉ် / Photo: CJ

မန္တလေးမြို့မှာ ဇွန်လ ၁၄ ရက် မနေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေတဲ့ ဘုရားကြီး ငြိမ်းချမ်းရေး သပိတ်စစ်ကြောင်းက ဆရာတော် ဦးဇဝနကို ဖုန်းနဲ့ဆက်သွယ်ကာ လိမ်ညာခေါ်ဆိုပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် တွေက ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ မန္တလေးမြို့က စစ်အာဏာရှင် ဆန့်ကျင်ရေး လုပ်နေတဲ့ သံဃာတော်တွေက မိန့်ပါတယ်။

မနေ့က သပိတ်မှောက်သူတွေ ဖြိုခွင်းခံရပြီး အဖမ်းခံလိုက်ရသူတွေအထဲက တစ်ယောက်က သူပိတ်မိနေလို့ လာကယ်ပါဆိုပြီး ဖုန်းဆက်ပြောလို့ ဆရာတော် ဦးဇဝနက သွားကယ်ရင်း လမ်းမှာအဖမ်းခံ လိုက်ရတာလို့ ဘုရားကြီး ငြိမ်းချမ်းရေးစစ်ကြောင်းက ဦးဆောင်ဆရာတော် ဦးပါကတက RFA ကို မိန့် ကြားပါတယ်။

"မနက်ပိုင်း တပ်ပေါင်းစုသပိတ် အဖြိုခံရတော့ ဆရာတော်က လွတ်သွားတယ်။ အဲဒီမှာ ဖမ်းခံလိုက်ရတဲ့ အထဲက တစ်ယောက်က ၃၅ လမ်းမှာ ပိတ်မိနေတယ်ဆိုလို့ ကားနဲ့သွားအကယ် လမ်းမှာ စစ်ကောင်စီက တားပြီး ဝိုင်းရိုက်နှက်ဖမ်းဆီးသွားတယ်။ ကားသမားကတော့ ထွက်ပြေးလာတာ လွတ်သွားတယ်။ အမျိုးဘာသာ ပြောနေတဲ့သူတွေက ဒီလိုတွေလုပ်နေတာ တော်တော် မိုက်ရိုင်းပြီး လူမဆန်တဲ့ လုပ်ရပ်ပါ"

အခုလို ရဟန်းသံဃာတစ်ပါးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရိုက်နှက်ဖမ်းဆီးသွားတာနဲ့ ပတ်သက်ပြီး အများပြည်သူကြား ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

မနေ့က ဇွန်လ ၁၄ ရက်နေ့ မနက်ပိုင်းက မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၆၆ လမ်း၊ ၃၇ လမ်းနဲ့ ၃၈ လမ်း ကြားမှာ တပ်ပေါင်းစုသပိတ်စစ်ကြောင်း ဆန္ဒပြဖို့လူစုနေစဉ် အရပ်ဝတ်လူတစ်စုတို့က အိမ်စီးကားနဲ့ ဝင်တိုက် ပြီး သပိတ်ဖြိုခွင်းခံလိုက်ရတာကြောင့် ခြောက်ယောက်ထက်မနည်း အဖမ်းခံလိုက်ရပါတယ်။ အဲဒီထဲမှာ ဒဏ်ရာရထားသူတွေလည်း ပါဝင်ပြီး ဒီကနေ့အထိ အဆက်အသွယ် မရကြသေးဘူးလို့ တပ်ပေါင်းစု သပိတ်မှာ ပါဝင်သူတွေက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် တစ်ပြည်လုံးအတိုင်းအတာအရ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ ရဟန်း၊ သံဃာ ၁၉ ပါးအထိ ရှိသွားပြီလို့ ဓမ္မနဲ့ ငြိမ်းချမ်းရေးအဖွဲ့က ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/mdy-monk-zawana-zawana-06152021053132.html

ဖုန်းနဲ့လိမ်ညာဆက်သွယ်ပြီး ဆရာတော်ဦးဇဝန ကို ရိုက်နှက်ဖမ်းဆီး ဖုန်းနဲ့လိမ်ညာဆက်သွယ်ပြီး ဆရာတော်ဦးဇဝန ကို ရိုက်နှက်ဖမ်းဆီး Reviewed by THITHTOOLWIN on 21:06 Rating: 5

No comments:

Powered by Blogger.