ဒေါ့ဖုန်းယန်မြို့ပြင် ၂ မိုင်ပတ်လည်တွင် အာဏာသိမ်းစစ်တပ်က မြေမြုပ်မိုင်း အများအပြားထောင်ထား



Share/Bookmark

June 16, 2021/ Kachin News Group

ဗန်းမော်-လိုင်ဇာ ကားလမ်းမပေါ်ရှိ ဒေါ့ဖုန်းယန်မြို့၏ ၂ မိုင်ပတ်လည်တွင် အာဏာသိမ်းစစ်တပ်က မြေမြုပ်မိုင်း ထောင်ထားလိုက်သဖြင့် မြို့ပြင်ဘက်တွင် အသက်မွေးဝမ်းကြောင်းလုပ်ငန်း လုပ်ကိုင်နေကြသော ပြည်သူများအတွက် အသက်အန္တရယ် စိုးရိမ်နေရကြောင်း သိရသည်။

ကဂမ်၊ တံတားညီးနောင် စသောနေရာများတွင် မြေမြုပ်မိုင်းအများအပြားထောင်လိုက်သဖြင့် တောင်ယာလုပ်ကိုင်စားသောက်ရန် ခက်ခဲနေကြောင်း အမည်မဖော်လိုသူ ဒေါ့ဖုန်းယန်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောဆိုခဲ့သည်။

“ကျနော်ပြောတဲ့ နေရာပတ်ပတ်လည်လည် အကုန်လုံးမှာ စစ်တပ်က မြေမြှုပ်မိုင်းတွေ အများကြီးထောင်ထားတယ်။ အခု အခင်းတောင်ယာ လုပ်ထားတဲ့ ဒေသခံတွေတောင် ဘယ်မှသွားလာလို့မရတော့ဘူး။ သွားပြီဆိုရင် သူတို့ထောင်ထားတဲ့ မိုင်း နင်းမိမှာဘဲ။ အခုတောင် သူတို့ထောင်ထားတဲ့ မိုင်းနင်းမိပြီး ဒဏ်ရာရတဲ့သူတွေရှိနေပြီ” ဟု ပြောဆိုသည်။

ဇွန်လ ၁၅ ရက်နေ့တွင် ဒေါ့ဖုန်းယန်မြို့ ကဂမ် ရပ်ကွက်(၃)တွင် နေထိုင်သော လင်မယား ၂ဦးက သာလီကုန်းဘက်တွင် တောင်ယာလုပ်ငန်းသွားလုပ်ခဲ့ပြီး အပြန်လမ်းတွင် စစ်တပ်၏ မိုင်းနင်းမိသဖြင့် အမျိုးသမီးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိထားကြောင်း သူက ဆက်လက်ပြောဆိုသည်။

“မနေ့က ၁၁နာရီလောက်မှာဖြစ်တယ်လို့သိရတယ်။ သူတို့နှစ်ယောက်က တောင်ယာကနေပြန်လာတာ လမ်းမှာ မိုင်း နင်းမိပေါက်ကွဲ သွားတယ်။ သူ့ရဲ့အမျိုးသားက ဘာမှမဖြစ်ဘူး။ အမျိုးသမီးက ခြေထောက် ဒဏ်ရာပြင်းထန်တယ်” ဟု ပြောဆိုသည်။

ကျေးရွာအနီးတဝိုက်တွင် မြေမြုပ်မိုင်းထောင်ထားသည့်ကိစ္စနှင့်ပတ်သက်ပြီး စစ်တပ်က ဒေသခံများကို တရားဝင် သတိပေး ကြေညာခြင်းများမလုပ်ထားကြောင်း ဒေသခံများက ပြောသည်။

ဒေါ့ဖုန်းယန်မြို့တွင် အာဏာသိမ်းစစ်တပ် ခလရ ၁၄၂ အခြေစိုက်ပြီး၊ လက်ရှိတွင်လည်း ဗန်းမော်၊ မြို့သစ်၊ နွမ်းလန့်ဘက်မှ ဒေါ့ဖုန်းယန်ဘက်သို့ စစ်အင်အားတိုးချဲ့မှုများ ရှိနေကြောင်း သိရသည်။

အဆိုပါ တပ်စခန်းများသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဗဟိုဌာနချုပ်နယ်မြေ အလော့ဘွမ်နှင့် နီးကပ်စွာရှိနေသော စစ်တပ်စခန်းများဖြစ်သည်။


Kachin News Group

https://www.facebook.com/theKachinNews



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ