ကယားစစ်ဘေးဒုက္ခသည်တွေဆီ ရိက္ခာနဲ့ ဆေးဝါး ပို့ခွင့်မရဖြစ်နေ



စစ်ကောင်စီတပ်တွေနဲ့ ဒေသခံခုခံကာကွယ်ရေး တပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကယားပြည်နယ် ထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေအတွက် လိုအပ်တဲ့ အကူအညီတွေပေးဖို့ ကြိုးစားနေတဲ့ သူတွေကို စစ်ကောင်စီက ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ ဒေသခံတွေနဲ့ အကူအညီ ပေးနေသူတွေက ပြောပါတယ်။

အထောက်အပံ့ အကူအညီပစ္စည်း၊ စားနပ်ရိက္ခာတွေကို စစ်ကောင်စီတပ်တွေက ဖျက်ဆီးပစ်တာတွေလည်း ရှိနေသလို၊ ရိက္ခာကူးသန်း သယ်ယူပေးသူတွေကိုလည်း ဖမ်းဆီး၊ ပစ်ခတ်တာတွေကြောင့် ဇွန် ၁၁ ရက်မှာ ဒုက္ခသည်တွေကို ကူညီပေးနေသူ တစ်ယောက် သေဆုံးသွားပါတယ်။

ဒုက္ခသည်တွေအတွက် ရိက္ခာနဲ့ လိုအပ်တဲ့ပစ္စည်းတချို့ သွားပို့ပြီးအပြန် ဒီးမော့ဆိုမြို့က လူနေအိမ် တွေကို စစ်ကောင်စီတပ်တွေက ပစ်ခတ်တာကြောင့် ပရဟိတလုပ်ကိုင်သူ ဦးအေးရွှေ ကျည်ဆံထိမှန် သေဆုံး သွားတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

“သူက ရိက္ခာထောက်ပို့ရင်း ပြန်လာရင်းနဲ့ ထိတာလို့ပြောတယ်။ ညနေစောင်းလောက်ကြီး ကျွန်မတို့ က လည်း အမြန်ပြန်ဆုတ်နေတာ။ မနေ့က ညနေ ၅ နာရီကျော်လောက်ကတည်းက လက်နက်ကြီး၊ ငယ် တွေနဲ့သူတို့ အကုန်ုလုံး ထုနေတာလေ။ ကျွန်မတို့က အဲလိုချိန်က အားလုံးပြန်နေကြတဲ့ အချိန်ဆိုတော့ ကျွန်မတို့နဲ့ သူနဲ့က လမ်းကြောင်းမတူဘူး။ တစ်ယောက်တစ်လမ်း။ ကျွန်မတို့ကတော့ အေးအေးဆေးဆေး ပြန်ရောက်တယ်။ သူတို့က ပြန်မရောက်ခင်မှာ လက်နက်ကြီးထိ တယ်လို့ကြားတယ်။“

ကယားပြည်နယ်ထဲက စစ်ဘေးရှောင်တွေကို ကူညီပေးဖို့ သွားတဲ့ကားနဲ့ ရိက္ခာ၊ ဆေးပစ္စည်းတွေကို စစ်ကောင်စီတပ်တွေက ဖျက်ဆီးခဲ့တာတွေရှိနေတဲ့အတွက် နောက်ထပ်လှူ မယ့်သူတွေက စိုးရိမ်ပြီး မသွားလာရဲ ဖြစ်နေကြပါတယ်။

မီးရှို့ဖျက်ဆီးခံရတဲ့ စစ်ဘေးရှောင်များအတွက် ဆန်၊ ဆေးဝါးပစ္စည်းတွေကို တွေ့ရစဉ် Photo: PKPF
ပရဟိတ အကူအညီပေးနေတဲ့ သူတွေဆိုတာ သိသာအောင်လို့ ကားတွေမှာ အလံဖြူထောင်ထားပေမယ့်လည်း လုံးဝကို ဖြတ်သန်းခွင့်မပေးဘူးလို့ စစ်ဘေးရှောင်တွေ အတွက် အကူညီပေးဖို့ ကြိုးစားနေတဲ့ ဒီးမောဆိုမြို့နယ် ဒေသခံတစ်ယောက်က ပြောပါတယ်။

“အခုဆိုရင် စစ်ဘေးရှောင်တွေကို သွားပြီးတော့ ကူညီမယ့် အဖွဲ့တွေရှိတယ်။ တန်းစီပြီးတော့ စောင့်နေ ကြတာ။ သူတို့က ရှေ့ကနေပြီးတော့ ပစ္စည်းတွေမီးရှို့၊ ကားတွေမီးရှို့တယ်ဆိုတော့ ကျန်တဲ့ အဖွဲ့အစည်း တွေက ကူညီချင်ပေမယ့် ဒါတွေကိုကြောက်လို့ မသွားရဲကြဘူး။ ဒီတော့ရှေ့မှာရှိနေတဲ့ အဖွဲ့တွေက တော်တော်လေးကို ဒုက္ခရောက်နေကြတယ်။ သူတို့က လောလောဆယ် အလံဖြူတွေနဲ့ကို လုံးဝကို ပေးမသွားဘူး။ ကားတွေဆိုရင် အကုန်စစ်တယ်။ ဆိုင်ကယ်ဆိုရင်တော့ နည်းနည်းအဆင်ပြေတယ်။ ကားတွေနဲ့သွားရင် စစ်ဆေးတယ်။ မေးမြန်းတယ်။ စစ်ရှောင်တွေဆီကို သွားမယ်ဆိုရင် ခွင့်မပြုချင်ဘူး။“

ကယားပြည်နယ်ထဲကို ဝင်လို့ရမယ့် လမ်းမကြီးမှန်သမျှကို စစ်ကောင်စီတပ်တွေက ပိတ်ဆို့ထားတဲ့အပြင် မြို့ရှောင်လမ်းတွေလို ဝင်ပေါက်တွေကိုပါ ပိတ်ဆို့ထားသလို ရိက္ခာသယ်တဲ့အဓိက ထွက်ပေါက် ရွာတွေ ကိုလည်း ပြီးခဲ့တဲ့ နှစ်ရက်လောက်ကစပြီး စစ်ကောင်စီတပ်တွေ လာရောက်တပ်စွဲနေတာကြောင့် ဖြတ်သန်း သွားလာခွင့် လုံးဝမရှိ ဖြစ်နေတယ်လို့ ပြောကြပါတယ်။

ဒါ့အပြင် ဒုက္ခသည်တွေကို အကူညီပေးနေတဲ့ အဖွဲ့အစည်းတွေကို ဖမ်းဆီးတာကြောင့် ဒေသခံအဖွဲ့တွေ တင်မက တခြားဒေသကလာတဲ့ အကူညီပေး နေတဲ့သူတွေလည်း ရှောင်ပုန်းနေရပါတယ်။

    "အဖွဲ့ဝင် အမ တစ်ယောက်ကို စပြီး ဖမ်းမိသွားတဲ့ အချိန်ကနေစပြီး ပရဟိတ လုပ်တဲ့သူတွေကို ကွန်တက်တွေနဲ့ အကုန်လိုက်နေတယ်။ လှူတဲ့အိမ်တွေကိုပါ စောင့်ကြည့် နေတယ်။"

ပြီးခဲ့တဲ့ ဇွန် ၁၀ ရက်မှာ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ အမျိုးသမီးတစ်ယောက် အဖမ်းခံရပြီး သူနဲ့ဆက်သွယ်ထားတဲ့ အဆက်သွယ်တွေရဲ့ နောက်ကြောင်းတွေကို လိုက်နေကြတဲ့အပြင် အိမ်တွေကိုပါ စောင့်ကြည့်နေကြတယ်လို့ ဒီးမော့ဆိုမြို့က စစ်ဘေးဒုက္ခသည် အကူညီပေးနေသူ တစ်ယောက်က ပြောပါတယ်။

“၁၀ ရက်နေ့ ညနေက ကျွန်တော်တို့ အဖွဲ့ဝင် အမ တစ်ယောက်ကို စပြီး ဖမ်းမိသွားတဲ့ အချိန်ကနေစပြီး ပရဟိတ လုပ်တဲ့သူတွေကို ကွန်တက်တွေနဲ့ အကုန်လိုက်နေတယ်။ လှူတဲ့အိမ်တွေကိုပါ စောင့်ကြည့် နေတယ်။ မနေ့ကဆိုရင် စစ်ဘေးရှောင်တွေအတွက် မိုးကာလှူထားတာရှိတယ်။ အဲဒီ မိုးကာတွေ လာလှူတဲ့ အိမ်ကိုလည်း အရပ်ဝတ်တွေနဲ့သွားပြီး စောင့်ကြည့်နေတာမျိုးတွေ ရှိနေတယ်။ လွိုင်ကော် မြို့ပေါ် မှာပေါ့နော်။ နောက်ထပ် ရန်ကုန်မြို့ကနေပြီး ကယားစစ်ဘေးရှောင်တွေ အတွက်ဆိုပြီးတော့ ပို့လိုက်တဲ့ ကား နှစ်စီးကလည်း လမ်းခုလတ် တစ်နေရာမှာ အဖမ်းခံထားရတယ်။ သိန်းသန်းကုဋေကားနဲ့။ ဆန်တွေကော ဆေးဝါးတွေရော အထည်တွေကော ကား နှစ်စီးစာကို ဖမ်းမိထားတယ်။”

ပြီးခဲ့တဲ့ မေလကုန်ပိုင်းမှာလည်း ဒီးမော့ဆိုမြို့နယ်မှာ ရိက္ခာသွားသယ်တဲ့ စိုင်းလင်းလင်းဦး၊ မနန္ဒာဦးခင်နဲ့ မမေဇင်ထူးတို့ လူငယ်သုံးဦး အဖမ်းခံခဲ့ရပြီး အခုအချိန်ထိ သူတို့ကို ဘယ်မှာ ဖမ်းထားလည်းဆိုတာ မသိရသေးပါဘူး

လက်ရှိ ကယားပြည်နယ်က ဒုက္ခသည်တွေအတွက် ရန်ကုန်၊ မန္တလေးမြို့တွေကပို့လိုက်တဲ့ ဆေးဝါးတွေ တင်လာတဲ့ ကားတွေလည်း ဝင်ခွင့်မပေးဘူးလို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

ဒီလို ပိတ်ဆို့မှုတွေကြောင့် ဒုက္ခသည်တွေဟာ စစ်တပ်ရဲ့ ထိန်းချုပ်မှု အောက်ရောက်နေသလို ဖြစ်နေပြီး လုံးဝ ကို အကူညီမဲ့နေတယ်လို့ ပြောကြပါတယ်။ အလှူရှင်တွေက ပို့လိုက်တဲ့ ရိက္ခာတွေ ပစ္စည်းတွေကလည်း လမ်းမှာတင် ပျောက်သွားတယ်လို့ ဒီးမော့ဆိုမြို့က ကူညီပေးနေသူ တစ်ယောက်က ပြောပါတယ်။

“ပစ္စည်းမှာထားတော့ ရောက်မယ့်ဟာတွေက ရောက်မယ်ပေါ့။ ဟိုဘက်ဒီဘက် ဟိုချိတ်ဒီချိတ်ဆိုတော့ လမ်းကလည်း တဖြောင့်တည်းမှ မရောက်တာ။ ဟိုနားတဆင့် ဒီနားတဆင့်ဆိုတော့ ကိုယ့်နား ရောက်တဲ့ အချိန်ကျတော့ ပစ္စည်းက မစုံမလင်ဖြစ်တယ်။ ဘယ်နားရောက်လို့ ရောက်မှန်းလည်း မသိဘူး”

အခုချိန်မှာ မိုးရာသီကို စရောက်နေပြီ ဖြစ်တဲ့အတွက် ဒုက္ခသည်တွေနေဖို့ မိုးကာတွေ၊ ကျန်းမာရေး အတွက် ဆေးဝါးတွေ၊ စားသောက်ဖို့ ရိက္ခာတွေ ရဖို့အတွက် အခက်ခဲတွေ ရင်ဆိုင်နေကြရပါတယ်။ စစ်ဘေးဒုက္ခသည် စခန်းမှာ မွေးကင်းစကလေးနဲ့ သက်ကြီးရွယ်အိုတွေ သေဆုံးတာတွေအထိ ဖြစ်လာပြီလို့လည်း ကူညီ ပေးနေသူတွေက ပြောကြပါတယ်။

ကယားပြည်နယ် ဒီးမော့ဆိုမြို့အနီးက တောတွင်းမှာ ခိုလှုံနေကြတဲ့ ဒေသခံများကို ဇွန်လ ၁ ရက်နေ့က တွေ့ရစဉ်။ Photo: AFP
ကယားပြည်နယ်ထဲက ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ သယ်လာတဲ့သူတွေ၊ အကူအညီပေးနေ သူတွေကို စစ်ကောင်စီက ဘာကြောင့် ပြည်နယ်ထဲဝင်ခွင့်မပေးလဲဆိုတာ မေးမြန်းနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ပေမယ့် ဖုန်းမကိုင်ပါဘူး။

စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ခုခံကာကွယ်ရေး တပ်တွေကြား တိုက်ပွဲတွေကြောင့် ကယားပြည်နယ် မှာ ထွက်ပြေးနေရတဲ့ ဒုက္ခသည် တစ်သိန်းလောက်ရှိလာနေပြီလို့ ကုလသမဂ္ဂက ဒီလပထမ အပတ်ထဲမှာ ထုတ်ပြန်ထားပါတယ်။ ဒုက္ခသည်တွေဆီ လွတ်လွတ်လပ်လပ် သွားကူညီခွင့်ပေးဖို့လည်း ကုလ သမဂ္ဂက တောင်းဆိုထားပါတယ်။

နောက်ထပ် တစ်ပတ် နှစ်ပတ်နေရင် ဒုက္ခသည်တွေအတွက် ရိက္ခာတွေ၊ ဆေးဝါးတွေ ပြတ်လပ်လာနိုင် တာကြောင့် အကူအညီပေးရေး အဖွဲ့တွေက စိုးရိမ်နေပါတယ်။

RFA Burmese
ကယားစစ်ဘေးဒုက္ခသည်တွေဆီ ရိက္ခာနဲ့ ဆေးဝါး ပို့ခွင့်မရဖြစ်နေ ကယားစစ်ဘေးဒုက္ခသည်တွေဆီ ရိက္ခာနဲ့ ဆေးဝါး ပို့ခွင့်မရဖြစ်နေ Reviewed by THITHTOOLWIN on 20:31 Rating: 5

No comments:

Powered by Blogger.