မင်းတပ်မှာ နှစ်ဘက်လက်နက်မကိုင်ရနယ်မြေ သတ်မှတ်ဖို့ ဒုက္ခသည်တွေ လိုလား

မင်းတပ်မြို့မှ စစ်ဘေးရှောင်များ။ (ဓာတ်ပုံ - Chin World)

ချင်းပြည်နယ် မင်းတပ်မြို့က ဧရွာ စစ်ဘေးရှောင်စခန်းအနီးကို စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်လာပြီးတဲ့နောက် စစ်ပြေးဒုက္ခသည်တွေ ထပ်မံထွက်ပြေးနေရာတာကြောင့် နှစ်ဘက်လက်နက်မကိုင်ရနယ်မြေ Safe Zone မျိုး သတ်မှတ်ပေးဖို့ လိုလားနေကြပါတယ်။ မင်းတပ်က စစ်ပြေးဒုက္ခသည်တွေအခြေအနေ ရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုသားညွန့်ဦး ပြောပြပါမယ်။

ပြီးခဲ့တဲ့ မေ ၃၀ ရက်က စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးတချို့ဟာ မင်းတပ်မြို့ ဧရွာ စစ်ဘေးရှောင်စခန်းအနီးကို ကျရောက်ခဲ့တဲ့အတွက် စစ်ဘေးရှောင်နေသူတွေဟာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရပါတယ်။ ဒီလိုအခြေအနေတွေကြောင့် စစ်ပြေးဒုက္ခသည်တွေအတွက် Safe Zone သဘော နှစ်ဘက်လက်နက်မကိုင်ရ နယ်မြေ သတ်မှတ်ပေးဖို့ လိုလားတယ်လို့ မင်းတပ်မြို့ စစ်ဘေးရှောင်စခန်း မိန်းကော်မတီက တာဝန်ရှိသူတဦး အခုလိုပြောပါတယ်။

“အဓိက Safe Zone လိုချင်တယ်ဆိုတာက ၂ ဘက်လုံး ဘယ်သူမှ လက်နက်မကိုင်ရတဲ့နယ်မြေ လုံခြုံစိတ်ချရတဲ့နယ်မြေ အဲ့ဒီလိုပေါ့ လိုလားတောင့်တတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ ရွာကို လာတိုက်ရင် ကျနော်တို့က ထွက်ပြေးရမှာ ဆိုတော့ ပြေးရင်းပြေးရင်းနဲ့ နေစရာရှိတော့မှာ မဟုတ်ဘူး။ ပြီးတော့ အခုလက်ရှိ ရှိနေတဲ့ရွာမှာဆိုရင် လမ်းပန်းဆက်သွယ်ရေးရှိသေးတယ်။ မိုးရာသီက ရောက်လာပြီ မြေပြိုတာတို့ လမ်းချော်တာတို့ ဖြစ်လာမယ်ဆိုတော့ ကျနော်တို့ ဒီ့ထက် ထပ်ပြီးပြေးမယ်ဆိုရင် ပြေးစရာ မြေကမရှိတော့ဘူး။ ဒါကြောင့် ကျနော်တို့က Safe Zone လိုချင်တယ်။ ကျနော်တို့ လိုချင်တဲ့ အတိုင်းအတာကတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း အထောက်အပံ့ပေးတယ်။ ကူညီပေးတဲ့ အနေအထား။ စကစကလည်း သူ့အနေနဲ့ခွင့်ပြုပေးမှလည်း Safe Zone ဖြစ်သွားမှာကို ဆိုတော့ စကစ ဘက်ကလည်း ခွင့်ပြုပေးတယ်။ သတ်မှတ်ပေးတဲ့နေရာ ဘာလက်နက်ကိုင်မှ မရှိတဲ့နေရာ အဲ့ဒီလိုနေရာမျိုးကို ကျနော်တို့ လိုလား တောင့်တတာပါ။”

လက်ရှိမှာတော့ ဧရွာစခန်းက ဒုက္ခသည်တွေဟာ တခြား ဘေးလွတ်ရာ စစ်ဘေးရှောင်စခန်းတွေကို ပြောင်းရွှေ့ဖို့ ကြိုးစားနေတယ်လို့ စစ်ဘေးရှောင်မိန်းကော်မတီ တာဝန်ရှိသူက ဆက်ပြောပါတယ်။

“သူတို့က ဒီဘက်ကို ပြေးလာနေကြတယ်လို့သိရတယ်။ ကျန်ခဲ့တဲ့သူလည်း အနည်းအပါးရှိတာပေါ့။ စစ်ရှောင်တွေက ဒီဘက်ကို ဒီအစားအသောက်လည်း အရမ်းခက်ခဲတယ်ပေါ့နော်။ လမ်းပန်း ဆက်သွယ်ရေးလည်း အရမ်းခက်တော့ စစ်ရှောင်တွေက မင်းတပ်မြို့ရဲ့ မြောက်ဘက်ခြမ်းကို ကျနော်တို့ရှိတဲ့ ရွာဘက်တွေကို သူတို့လာနေကြတယ်။ ပြောင်းတယ်ဆိုတာ ကျနော်တို့ဘက်ကို ရွှေ့ဖို့ ကြိုးစားကြတာပေါ့။ တချို့ရွာတွေက ကားက မရောက်နိုင်ဘူး။ ကား Access ဖြစ်မယ့် နေရာလောက်ကို သူတို့က မှန်းပြီး ရွှေ့နေကြတာပေါ့။”

စစ်ကောင်စီဘက်က မင်းတပ်မြို့ပေါ်မှာ စစ်ဘေးရှောင် စခန်း ၁၀ ခု ဖွင့်လှစ်ထားပေမယ့်လည်း တိုက်ပွဲတွေဖြစ်လို့ မြို့ပေါ်ကနေ ရှောင်နေကြရတာမို့ စစ်ကောင်စီက ဖွင့်လှစ်ထားတဲ့ စခန်းတွေဟာ အကျိုးမရှိဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။ အဲဒီ စခန်း၁၀ ခုမှာ လာရောက်ခိုလှုံသူ ၁၀၀ လောက်သာ ရှိပါတယ်။

ဆန္ဒထုတ်ဖော်သူတချို့ကို ဧပြီလတုန်းက စစ်ကောင်စီက ဖမ်းဆီးသွားပြီး မြို့ခံတွေက ပြန်လွှတ်ပေးဖို့ တောင်းဆိုရာကနေ ပြေလည်မှုမရဘဲ ဧပြီ ၂၅ ရက်ညမှာ မြို့ခံဆန္ဒပြသူတွေနဲ့ စစ်ကောင်စီတပ်တွေ စတင်ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တာပါ။ အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် စစ်ကောင်စီက မင်းတပ်မြို့ကို စစ်အုပ်ချုပ်ရေး ကြေငြာပြီး တိုက်ပွဲတွေ ပြင်းထန်လာတဲ့နောက်ပိုင်းမှာ မြို့ခံတွေက ဘေးလွတ်ရာ အနီးနားက ကျေးရွာတွေမှာ ထွက်ပြေးခိုလှုံနေကြရတာပါ။ လက်ရှိအချိန်ထိ မင်းတပ်မြို့အနီးမှာ စစ်ဘေးရှောင် စခန်း ၅၀ နီးပါးရှိပြီး ဒုက္ခသည် ၁၀,၀၀၀ ကျော် ထွက်ပြေးခိုလှုံနေရပါတယ်။

တဆက်တည်းမှာပဲ ပြီးခဲ့တဲ့ မေ ၂၈ ရက်က ကျေးရွာကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ အပြန်အလှန် ပစ်ခတ်တာဖြစ်ခဲ့တဲ့ မကွေးတိုင်း ဂန့်ဂေါခရိုင်ထဲက ရဲလှ နှမ်းခါး ရေရှင်မရွာတွေကို ဒီကနေ့ ဇွန် ၁ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်တွေ ရောက်လာတဲ့အတွက် ဒေသခံကျေးရွာသားတွေ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ နှမ်းခါးရွာသားတဦးက အခုလိုပြောပါတယ်။

“အကုနု်လုံးရွာတွေက ဝင်ရှာမှာစိုးလို့ အကုန်လုံးရှောင်တိမ်းနေကြတယ်။ ကျန်တဲ့ရွာတွေကတော့ မဝင်ခဲ့ဘူး။ အခုကတော့ နှမ်းခါးရွာရောက်တော့ ညမိုးချုပ်တော့ ရွာထိပ်မှာ ကားတွေက မီးတွေမှိတ်ပြီး ရပ်ထားတယ်။ ဒလန်တွေ၊ ပျူစောထီးအဖွဲ့ဝင်တွေက Hiject တစီးနဲ့ အဲ့ဒါက စစ်ကား ၃ စီးနဲ့အတူ ရွာထိပ်မှာ ရပ်ထားတယ်။ မီးတွေမှိတ်ပြီး။ ရဲလှရွာလည်း အကုန်ပြေးနေတယ်။ နှမ်းခါးရွာက အိမ်ခြေ ၁,၀၀၀ နီးနီးရှိတယ်။ အခုက အထုတ် အပိုးတွေနဲ့ ရွာထဲက အကုန်ထွက်ကြတာ။ အခုက မိုးချုပ်ပြီဆိုတော့ ဝင်ဖို့က သေချာသွားပြီ။”

မေ ၂၈ ရက် နေ့လယ်ပိုင်းက ရဲလှရွာအနီးမှာ CDM လုပ်တဲ့သူတွေကို လာရှာဖို့ ကလေးကနေတက်လာတဲ့ စစ်ကားတွေကို ကျေးရွာ ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပြန်ပစ်ခတ်ခဲ့လို့ ဒေသခံ ၃ ဦးသေဆုံးခဲ့ပါတယ်။ 


သားညွန့်ဦး/ VOA Burmese

https://burmese.voanews.com/a/min-dat-conflict-myanmar-military-coup/5912274.html

မင်းတပ်မှာ နှစ်ဘက်လက်နက်မကိုင်ရနယ်မြေ သတ်မှတ်ဖို့ ဒုက္ခသည်တွေ လိုလား မင်းတပ်မှာ နှစ်ဘက်လက်နက်မကိုင်ရနယ်မြေ သတ်မှတ်ဖို့ ဒုက္ခသည်တွေ လိုလား Reviewed by THITHTOOLWIN on 21:55 Rating: 5

No comments:

Powered by Blogger.