ဟုန်ပန်းကုမ္ပဏီ အတင်းအဓမ္မ သိမ်းထားသည့်မြေပေါ် တာချီလိတ်ပြည်သူများ ပြန်ရရန် ကြိုးစားနေ


ဇွန် ၁၈ရက် ၂၀၂၁

သျှမ်းရှေ့တာချီလိတ်မြို့ ဟောင်လိတ်ရပ်ကွက် ဝမ်ဟောင်ရွာရှိ ပြည်သူပိုင်မြေပေါ် ပြန်လည်စိုက်ပျိုးခွင့်ရရန် အတွက် ဟုန်ပန်းကုမ္ပဏီ မှ အတင်းအဓမ္မခြံစည်းရိုးခတ်သည်ကို ပြန်လည်ဖျက်ဆီးမှုပြုလုပ်ပြီး၊ ပြန်ရရန် ကြိုးစားနေကြကြောင်း  သိရသည်။

ဟုန်ပန်းကုမ္ပဏီသည် စစ်ကောင်စီ အုပ်စု ကို အကာအကွယ်ပြုပြီး ဧပြီ (၉ )ရက်တွင် တာချီလိတ် ဟောင်လိတ်ရပ်ကွက် ရှိ ပြည်သူပိုင်လယ်ယာမြေပေါ် အတင်းအဓမ္မခြံစည်းရိုးခတ်မှုပြုလုပ်ခဲ့သည်။

ထို့ကြောင့် ပြည်သူများ ထိုမြေပေါ် ပြန်လည်စိုက်ပျိုးခွင့်ရရန်အတွက် ယမန်နေ့ (ဇွန် ၁၇)ရက်တွင် ခြံစည်းရိုးကိုပြန်လည် ဖျက်ဆီးလိုက်ကြောင်း ဟောင်လိတ်ကျေးရွာ ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အရင်တုန်းကလည်း ခြံစည်းရိုးကို ကျနော်တို့ သွားဖျက်တယ်၊ ကုမ္ပဏီက သေနတ်ပစ်ခတ်ပြီး ကျနော်တို့ကို ခြိမ်းခြောက်တယ်၊ ပြီးရင်အဓမ္မခြံစည်းရိုးပြန်လာခတ်တယ်၊ မနေ့ကတော့ ကျနော်တို့ ရွာသားတွေစုပြီးတော့ သွားဖျက် တယ်၊ ကျနော်တို့ပိုင်မြေပေါ်မှာ သီးနှံပြန်စိုက်လို့ရအောင်ပါ” ဟု ဟောင်လိတ်ကျေးရွာမှ ဒေသခံတဦး က ဆိုသည်။

ဟုန်ပန်းကုမ္ပဏီ နှင့် ဟောင်လိတ်ဒေသခံများ မြေယာမြေ အငြင်းပွားမှု ဖြစ်ပွားခဲ့သော်လည်း မည်သည့် အဖွဲ့အစည်းမှ လာရောက်ကူညီဖြေရှင်းခြင်းမရှိသည့်အပြင် စစ်ကောင်စီအုပ်စုက ငွေများ ငွေနိုင်ဆိုသည့်အတိုင်း ဟုန်ပန်းကုမ္ပဏီဘက်ကိုသာ လိုက်ပါဆောင်ရွက်နေသည်။

ထိုမြေသည် ၁၉၉၈-၁၉၉၉ ခုနစ် စစ်အစိုးရ လက်ထက်တွင် အတင်းအဓမ္မသိမ်းယူပြီး ထိုထဲမှ ဧက (၁၀၀) ကို ဟုန်ပန်းကုမ္ပဏီအားပေးခဲ့ပြီး၊ ဟုန်ပန်းကုမ္ပဏီမှ ဧက (၂၀)ကိုသာ ပလပ်စတစ် စက်ရုံတည်ဆောက်ခဲ့သည်။

ကျန် ဧက (၈၀)ပေါ်တွင် လယ်သမားများက သီးနှံစိုက်ပျိုးခဲ့ပြီး ၂၀၁၈ ခုနစ်တွင် သိမ်းဆည်းထားသည့် လယ်ယာမြေများ အသုံးပြုခြင်းမရှိပါက မူရင်း လယ်ယာမြေပိုင်ရှင်ကိုပြန်ပေးရန် သျှမ်းပြည်အစိုးရ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြောဆိုခဲ့သည်။

ဖေဖော်ဝါရီ (၁)ရက် စစ်အာဏာသိမ်းပြီးနောက် ဟုန်ပန်းကုမ္ပဏီ က ထိုမြေပြန်ရရှိဖို့အတွက် အတင်းအဓမ္မ သုံးပြီး ခြံခတ်မှုပြုလုပ်လာပြီး၊ ထိုမြေကိစ္စကို ကူညီပေးနေသည့် ဟောင်လိတ်ဘုန်းကြီးကျောင်းမှ ဦးဇင်းတပါးကိုလည်း တရားစွဲဆိုထားကြောင်းသိရသည်။

ထိုဟုန်ပန်းကုမ္ပဏီမှလယ်မြေနှင့် ပတ်သက်ပြီး သက်သေ အထောက်အထား စာရွက်တစုံတရာမပြနိုင်ဘဲ အတင်း အဓမ္မခြံလာခတ် သိမ်းယူကြောင်း ဟောင်လိတ်ဘုန်းကြီးကျောင်းမှ ဦးဇင်း တပါးက သျှမ်းသံတော်ဆင့် ကို မိန့်ကြားသည်။

“ သူတို့ ကုမ္ပဏီက တင်းအဓမ္မသိမ်းပြီး ခြံခတ်တယ်။ နောက် စစ်ကောင်စီတပ်သားတွေနဲ့ ပေါင်းပြီးပြည်သူ တွေကို သေနတ်ပစ်ပြီး ခြိမ်းခြောက်တယ်၊ ဦးဇင်းကိုလည်း တရားစွဲဆိုထားတယ်” ဟု ဦးဇင်း က မိန့်သည်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက် ပြည်သူပိုင်ဆိုင်သည့် လယ်ယာမြေများလည်း စစ်ကောင်စီအစိုးရမှ မတရား သိမ်းယူမှုများ များပြားလာပြီး တရားစွဲဆိုမှုများလည်း များပြားလာနေသည့် အတွက်  ပြည်သူ များက စိုးရိမ်နေကြသည်။ 


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

ဟုန်ပန်းကုမ္ပဏီ အတင်းအဓမ္မ သိမ်းထားသည့်မြေပေါ် တာချီလိတ်ပြည်သူများ ပြန်ရရန် ကြိုးစားနေ ဟုန်ပန်းကုမ္ပဏီ အတင်းအဓမ္မ သိမ်းထားသည့်မြေပေါ် တာချီလိတ်ပြည်သူများ ပြန်ရရန် ကြိုးစားနေ Reviewed by THITHTOOLWIN on 06:05 Rating: 5

No comments:

Powered by Blogger.